ကျွန်တော် “ကြက်မ” ဘဝ

on Thursday, December 17, 2009

ကျွန်တော် “ကြက်မ” ဘဝတုန်းကပေါ့.. ဥတွေ အများကြီး ဥရတယ်လေ.. ကျွန်တော်က ဥလိုက်.. လူတွေကလေ ဥကိုနှိုက်ပြီး ချက်စားလိုက်.. ပြန်ဥလိုက်.. ချက်စားလိုက်ပေါ့.. တစ်ခါတစ်လေ ဧည့်သည်လာရင်ကျွန်တော့်မှာလေ မျက်ခုံးလှုပ်ရတယ်.. ဥကိုနှိုက်စားရင်တော်သေးတယ်.. တစ်ခါတစ်လေ ကျွန်တော့်ကိုပါ ဧည့်သည်အတွက်ပေါ့.. ချက်စားဖို့ဆိုပြီး လိုက်ဖမ်းတာ.. မနဲကို လွတ်အောင် ပြေးရတယ်..

တစ်နေ့မှာတော့ ကျွန်တော့်သခင်က ကျွန်တော့်ကို တစ်ခြားသူတစ်ယောက်ဆီ ရောင်းလိုက်တယ်.. အဲဒီလူက မဆိုးပါဘူး.. ကျွန်တော့်ကို ချစ်လည်းချစ်တယ်.. ယုလည်းယုယတယ်.. အစာလည်း မှန်မှန်ကျွေးတယ်.. ပြီးတော့ ကျွန်တော့်အတွက် ကြင်ယာတော်ပါ ရှာပေးတယ်လေ.. ဒီလိုဆိုတော့ ကျွန်တော် အားရှိသွားတာပေါ့..

ကျွန်တော်က “ကတော်.. ကတော်” လို့ အော်လိုက်တာနဲ့ ချက်ခြင်းဆိုသလို ကျွန်တော့်အနားရောက်လာတာပဲ.. ကျွန်တော့်အတွက် အရမ်း ကို အားကိုရတယ်.. ကျွန်တော့်ကိုလည်း အရမ်းချစ်ရှာတယ်လေ.. ပြီးတော့ ကျွန်တော့် အတွက် အစာတွေလည်း ရှာပေးတယ်.. ကျွန်တော့်ချစ်သူနဲ့ကျွန်တော် အတူအစာရှာထွက်လို့ ရှိရင်လည်း ချစ်သူက ကျွန်တော်စားဖို့အတွက် အစာရှာပေးတယ်.. ကျွန်တော် ဘာမှ မပူရဘူးလေ.. တစ်ဦးပေါ်တစ်ဦး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်ရင်း ဘဝခရီးကို ပျော်ပျော်ပါးပါး လျှောက်လှမ်းနိုင်ခဲ့တာပေါ့..

ဒီလိုနဲ့ တစ်နေ့မှာတော့ ကျွန်တော်တို့ ဘဝရဲ့ မျိုးဆက်သစ်တွေအတွက် ကျွန်တော် ဥဥရတာပေါ့.. ဒီတစ်ခါတော့ ကျွန်တော့်သခင်က ဥတွေကို မနှိုက်စားပါဘူး.. ကျွန်တော့်အိမ်ထဲမှာပဲ သေသေချာချာ စီပြီး ထားထားပေးတယ်.. အပြင်က အန္တရာယ်တွေ မကျရောက်နိုင်အောင်လည်း နည်းအမျိုးမျိုးနဲ့ ကာကွယ်ပေးတယ်.. ကျွန်တော်တို့နေတဲ့ အိမ်ရဲ့ခြံဝင်းကိုလည်း ခွေးတွေ.. ကြောင်တွေ မဝင်နိုင်အောင် သေချာကာထားပေးတယ်လေ.. ကျွန်တော်လည်း သခင့်အတွက် ဥတွေ အများကြီးရအောင် ဥပေးတာပေါ့..

တစ်နေ့မှာတော့ သခင်က ကျွန်တော့်အိမ်ထဲဝင်ပြီး ဥတွေကို ယူသွားတာ ကျွန်တော်တွေ့လိုက်ရတယ်.. သခင်က ဘာလုပ်မယ်မှန်းမသိပေမယ့် ကျွန်တော်ကတော့ “ကတော် ကတော်” လို့ အော်ရုံမှတစ်ပါး တစ်ခြား ဘာဆို.. ဘာမှ မတတ်နိုင်ဘူးလေ.. ကျွန်တော်က “ကတော် ကတော်” လို့ အော်လိုက်တာနဲ့ ကျွန်တော့်ခင်ပွန်းသည်က ကျွန်တော့်ဆီ ရောက်လာတာပဲ.. ခင်ပွန်းသည်ကလည်း သခင်က ဥတွေယူနေတာကို တွေ့သော်ငြားလည်းပဲ ဘာမှ မတတ်နိုင်ဘူးလေ..

ဒီလိုနဲ့ ညနေကျတော့ သခင်က ဥတွေပြန်ယူလာတာကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော်လည်း ဝမ်းသာ အားရဖြစ်ပြီး “ကတော် ကတော် ကတော်.. ((((((((ကတော်))))))))” ဆိုပြီး အသကုန် အော်လိုက်တာပေါ့လေ.. ကျွန်တော့်ခင်ပွန်းကလည်း ကျွန်တော့်နည်းတူ အရမ်းပျော်ရွှင်သွားပြီး ခုန်ပေါက်ရင်း တောင်ပံလေးများခတ်ကာ “အောင်အီးအီးအွတ်.. အောင်အီးအီးအွတ်” ဆိုပြီး တွန်ကြူးလိုက်တာပေါ့..

ခနနေတော့ သခင်က ကျွန်တော့်ကို လက်ဖြောက်တီးရင်း “တီး တီး တီး တီး” ဆိုပြီးခေါ်တော့ ကျွန်တော်လည်း သခင့်ဆီ အပြေးသွားတာပေါ့.. သခင်က ကျွန်တော့်ကို အသာလေး ပွေ့ချီပြီး ဥလေးတွေရှိရာ နေရာလေးဘေးမှာ ချပေးတယ်လေ.. ကျွန်တော်လည်း ဝမ်းသာအားနဲ့ ဥလေးတွေကို ကြည့်ပြီး ပျော်မဆုံး ဖြစ်ရတာပေါ့..

ရက်သတ္တပတ် အတော်ကြာတော့ ကျွန်တော် ဥထားတဲ့ ဥကနေ ဘဲကလေးတွေ ပေါက်လာတာပေါ့.. ကျွန်တော့် သားသမီးတွေဆိုတော့ ကျွန်တော် အရမ်းချစ်တာပေါ့.. ဘဲကလေးတွေကလည်း ပုကွကွနဲ့လေ.. ကျွန်တော်လေ အရမ်းကို ချစ်တာ.. ကျွန်တော့်ခင်ပွန်းကလည်း ဘဲကလေးတွေကိုကြည့်ပြီး အရမ်းကို အားရကျေနပ်နေတဲ့ပုံပေါ့.. အရမ်းကို ပျော်စရာကောင်းတဲ့ ကျွန်တော်တို့ မိသားစုကမ္ဘာကြီးကို ကျွန်တော် ထူထောင်နိုင်ခဲ့ပြီလေ..

သခင်ကလည်း ကျွန်တော့် သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေကို ကြည့်ပြီး အရမ်းကို ပီတိဖြစ်နေတယ်လေ.. သခင်ကလည်း ဘဲကလေးတွေကို ပွေ့ချီပွတ်သတ်ပြီး အစာကျွေးတယ်.. ရေတိုက်တယ်.. ညစ်ပတ်ပေရေနေတဲ့ ဘဲကလေးတွေကို သခင်က သန့်ရှင်းရေးတွေ လုပ်ပေးတယ်.. သခင်ကလည်း အရမ်းဂရုစိုက်တော့ ကျွန်တော်တို့ မိသားစုကမ္ဘာလေးဟာ မပြောပြတတ်အောင်ကို ပြည့်စုံပြီး အေးချမ်းသာယာနေတာပေါ့..

ပြီးတော့ သခင်က ကျွန်တော့်သားသမီးတွေ ကစားဖို့အတွက် ရေကန်ငယ်ကလေးတစ်ကန် လုပ်ပေးတယ်လေ.. တစ်နေ့မှာတာ့ ဘဲကလေးတွေက သခင်လုပ်ပေးထားတဲ့ ရေကန်ထဲဆင်းပြီး ရေကူးရင်း ဆော့ကစားကြတာပေါ့.. အဲလို ရေကန်ထဲဆင်းပြီး ဆော့ကစားတာတွေ့တော့ “ကတော် ကတော် (((((ကတော်)))))” ဆိုပြီး ကျွန်တော် အော်တာပေါ့.. ကျွန်တော်တို့ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော့်သားသမီးတွေမှာ တွေ့လိုက်လို့ ကျွန်တော် အရမ်းကို တုန်လှုပ်သွားတယ်.. ဘဲကလေးတွေအပေါ်မှာလည်း အရမ်းကို စိုးရိမ်သွားတယ်လေ..

ကျွန်တော့်ခင်ပွန်းသည်ကလည်း ကျွန်တော့်အလားတူပါပဲ ရေကန်ပတ်လည်ရှောက်ရင်း အတောင်ပံတွေခတ်ပြီး ဂနာမငြိမ် ဖြစ်နေတာပေါ့.. ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေမှာတော့ အရမ်းကို ပျော်ပါးစွာ ဆော့ ကစားနေကြတယ်.. သခင်ကတော့ ဘဲကလေးတွေ ဆော့ကစားနေတာကို ကြည့်ပြီး သာလွန်းတဲ့ လဝန်းပမာပေါ့ သခင့်မျက်နှာက ကြည်နှုးမှုအပေါင်း သရဖူဆောင်လို့.. အဲဒီချိန်ဟာ ကျွန်တော်တို့ ဇနီးမောင်နှံနဲ့ သခင့်ကြားမှာ နားမလည်နိုင်တဲ့ ပဟေဠိလို ဖြစ်နေခဲ့တာပေါ့..

ရေကစားပြီး အတော်တန်ကြာတော့ ဘဲကလေးတွေက ကုန်းပေါ်တက်ပြီး ကျွန်တော့်ရင်ခွင်ထဲ တိုးဝှေ့လာတော့ စိုနေတဲ့ရေတွေ ခြောက်သွားအောင် ပွတ်သတ်ပေးရတာပေါ့.. ညညအိပ်ရင်လည်း ဘဲကလေးတွေမှာ အေးမှာစိုးလို့လေ.. ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာအောက် ဝင်စေပြီး တောင်ပံများနဲ့အုပ်ကာ နွေးထွေးမှုတွေ ပေးရတယ်လေ..

တစ်နေ့မှာတော့ ဘာရယ်ကြောင့်မှန်းမသိ သခင်က ကျွန်တော့် ခင်ပွန်းသည်ကို ဖမ်းသွားတယ်.. ခင်ပွန်းသည်က ကျန်ခဲ့တဲ့ ကျွန်တော်နဲ့ ဘဲကလေးတွေကိုကြည့်ပြီး “ကတော် ကတော် ကတော်” နဲ့ အော်မြည်ရင်း အော်မြည်ရင်း အသံက ဝေးသည်ထက်ဝေးကာ တဖြည်းဖြည်း ဆိတ်ကွယ်သွားခဲ့တယ်.. ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေကလည်း “ပကျစ် ပကျစ်” နဲ့ အော်မြည်ရင်း ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်ကာ အကာကွယ် ယူကြရတယ်လေ.. မပြောပြတတ်အောင် ခံစားရပြီး ဘဲကလေးတွေအပေါ်လည်း ရင်ခွင်ထဲထည့်ကာ တောင်ပံဖြင့် ဖုံးအုပ်ပြီး ကာကွယ်ရုံမှတပါး ကျွန်တော် တတ်နိုင် လိမ့်မည်မထင်ဘူးလေ..

သခင်ကတော့ ကျွန်တော့်ကို အရင်တိုင်းပါပဲ.. စောင့်ရှောက်မြဲ.. ဘဲကလေးတွေအပေါ်လည်း ကြင်နာယုယမြဲ.. ဒါပေမယ့် ဘဲကလေးတွေက အရွယ် တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော့်အနား သိပ်မကပ်တော့ဘူး အရင်ကဆို “ကတော် ကတော်” နဲ့ အော်လိုက်တာနဲ့ “ပကျစ် ပကျစ် ပကျစ်” ဆိုပြီး ရင်ခွင်ထဲ တိုးဝှေ့လာတတ်တဲ့ ဘဲကလေးတွေက ခုဆို ပြောင်းလဲကုန်ပြီး.. ကျွန်တော့်အနား သိပ်မကပ်ကြတော့ဘူး.. ဒီတစ်ခါတော့ ကျွန်တော်နဲ့ ဘဲကလေးတွေကြား နားမလည်နိုင်နဲ့ ပဟေဠိတစ်ပုဒ်လို ထပ်ဖြစ်ပြန်တယ်လေ..

ခင်ပွန်းမရှိတော့လို့ အားကိုးမဲ့နေရာကနေ သားသမီးတွေကပါ ကျွန်တော့်ကို တဖြည်းဖြည်း ဥပက္ခာပြုလာတော့ ကျွန်တော့်မှာ မပြောပြတတ်အောင် ခံစားရတယ်.. သားသမီးတွေကို ရင်ခွင်ထဲထည့်ပြီး အတောင်ပံများနဲ့ ဖုံးအုပ်၊ နွေးထွေးမှုတွေ အပြန်အလှန်ရယူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်..

နောက်ဆုံးမှာတော့ အရွယ်ရောက်လာတဲ့ ဘဲကလေးတွေက ကျွန်တော့်ကို မမှတ်မိတော့ပါဘူး.. ကျွန်တော်က “ကတော် ကတော် ကတော်” ဆိုပြီး ဘယ်လိုပဲ အော်အော် သူတို့ နားမလည်ကြတော့ဘူး.. ကျွန်တော့်အနား မကပ်ကြတော့ဘူး.. သူတို့လမ်း သူတို့သွားကြပြီလေ..

တစ်ချို့ တစ်ချို့သောသူများဟာ မိဘကို မိဘလို့ မသိတတ်တာ တွေ့နေရတယ်.. တစ်ခုခုဖြစ်လာရင် ငါ့မိဘ မကောင်းလို့ ခုလိုဖြစ်ရတာ ဆိုပြီး ပြောဆိုတာတွေ ကြားရတယ်.. သွေးမတော်သားမစပ်ပဲ မွေးစားထားရင်လည်း မိဘဟာ မိဘပါပဲ.. သားသမီးဟာ သားသမီးပါပဲ.. မိဘမေတ္တာကို နားလည်ပြီး ကျေးဇူးဆပ်နိုင်ကြပါစေဗျာ..

ဘဲကလေးတွေလိုတော့ ကျွန်တော့်ကို ပစ်မသွားကြပါနဲ့ဗျာ..း-)

မူကြိုကျောင်းသားဘဝ ကြက်မကြီး၏မေတ္တာကို အခြေခံထားပါတယ်။

လေးစားစွာဖြင့်
့်
စည်သူ(ပေါက်ကရ အတွေးအပိုင်းအစများ)

ကျွန်တော်နှင့် အင်္ဂလိပ်စာ

on Wednesday, December 2, 2009

“ကျွန်တော်နှင့် အင်္ဂလိပ်စာ” ဆိုတဲ့ ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ ဘာပေါက်ကရတွေ လုပ်အုံးမလဲမသိဘူး ဆိုပြီး မထင်နဲ့နော်.. တကယ့် အဖြစ်အပျက်ကို ရေးမှာပါ..းP

ကျွန်တော် ငယ်ငယ်ကဆို အင်္ဂလိပ်စာ လေ့လာရတာကို အရမ်း ဝါသနာပါတာ.. ဝါသနာပါသလောက်ကိုလည်း လေ့လာဖြစ်ပါတယ်.. လေ့လာဖြစ်သလောက်ကိုလည်း တစ်ခုမှကို မမှတ်မိဘူး.. (ဂယ်ပါ)းP ကျောင်းမှာဆိုလည်း ဆရာမက နာမည်ခေါ်ပြီး အင်္ဂလိပ် Text Book ထဲက Paragraphs တွေ ဖတ်ခိုင်းရင်လည်း ကျွန်တော့်နာမည် ထိပ်ဆုံးက.. ကျွန်တော်က လေ့လာမှုအား ကောင်းသကိုးဗျ..းP ( English ကိုပြောတာနော်)

ခုနှစ်တန်း ကျောင်းသားဘဝ ရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော့်ကို အတန်းခေါင်းဆောင်အဖြစ် ရွေးလိုက်တာပေါ့ဗျာ.. အဲလို ရွေးလိုက်တော့ ခေါင်းဆောင်တို့ရဲ့ အရည်အချင်းနဲ့ ညီအောင် ကျွန်တော်ကလည်း အခန်းသန့်ရှင်းရေး.. သောက်ရေအိုးရေဖြည့်.. ခုံတန်းစီ.. ဘုရားပန်းရေလဲ.. သင်ပုန်းကြီးကိုလည်း အတန်းပိုင် ဆရာမ မလာမှီ.. ကျောင်းတက်ခေါင်းလောင်း မထိုးမှီအချိန်အတွင်း ပြောင်နေအောင် သုတ်ထားပေးရတယ်.. အတန်းခေါင်းဆောင်က ကျွန်တော်ကိုးဗျ.. ခေါင်းဆောင်ဆိုတာ အနစ်နာတော့ ခံရတယ်လေနော်..း)

အဲလိုနဲ့.. တစ်နေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ.. ကျွန်တော့် ဆိုင်ကယ် တဝီဝီနဲ့ ကမြင်းကြောထနေရာကနေ ဆိုင်ကယ်မှောက်ရောဗျာ.. ဆိုင်ကယ်မှောက်တော့ သိတဲ့အတိုင်းပဲလေ.. အကျက ဘယ်လှမလဲဗျာ.. ဝုတ်ဝုတ်ကျ “ခွေးကျ” ကျတာပေါ့.. ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြစ်ပြီး ဆိုင်ကယ်လည်းကြေ.. လူတော့ မသေပါဘူး.. မသေရုံတမင်ပါပဲ.. ဒူးတစ်ဖက်ကလည်း ဂုံညင်းပါ ထွက်မတတ်ပါပဲ.. အဲဒီ ဂုံညင်းက ပယ်သွားတာဗျ.. အဲလိုမျိုးပယ်သွားတော့ ဒူးခေါင်းက ကွေးလို့ ဆန့်လို့ မရဘူးဖြစ်သွားတာ.. “ခွေးကျ” ကျတာဆိုတော့ လက်ဖဝါးတွေကလည်းကွဲ.. တံတောင် တွေလည်းပြဲပေါ့.. ကမြင်းတာလေ.. ကမြင်းတာ..းP

ဆေးရုံရောက်တော့လည်း ဆရာဝန်က ဘာမှကို မလုပ်ပေးရဲဘူးဗျ.. ထုံးစံအရပေါ့လေ.. ဆိုင်ကယ်မှောက်တာမှ ဟုတ်ရဲ့လား.. ရန်ဖြစ်ကြလို့ ဒဏ်ရာရလာတာလား.. ဆိုပြီး ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားလိုက်ရောဗျာ.. အဲမှာမှ ဒုက္ခနဲ့ လှလှ စတွေ့တာ.. ဒဏ်ရာကနာ.. နပ်စ်မလေးက အရက်ပျံနဲ့တို့.. ရဲကစစ်နဲ့ အတော်လေးကို ခံစား လိုက်ရတယ်ဗျာ..

ဒဏ်ရာကို ဆေးရုံက ဆေးတွေဘာတွေလိမ်းပေးပြီး ပြန်လာတာပေါ့လေ.. အိမ်ရောက်တော့လည်း မလွယ်ပါဘူး အဖေနဲ့ အမေက တရားဟောတော့တာပဲ.. နားဒုက္ခလည်း အတော်လေးကို ခံလိုက်ရတယ်.. ဒါနဲ့ ခြေထောက်ကို ကွေးလိုက်ဆန့်လိုက် လုပ်ကြည့်တော့ မရဘူးဗျ.. အတော်လေးကို နာတာ.. နာမှာပေါ့ဗျာ ဒူးခေါင်းက ဂုံညင်းလေ ပုံမှန်နေရာမှာ မရှိပဲ ဘေးဘက်ကို မသိမသာလေး ပယ်ထွက်နေတာဗျာ.. အဲလိုနဲ့ မဖြစ်ပါဘူးဆိုပြီး အနှိပ်သည် အိမ်ကို ထပ်သွားတာပေါ့..

အဲကိုရောက်တော့လည်း အနှိပ်သည်က စကားတစ်ပြောပြောနဲ့ ဟိုကြည့်.. သည်ကြည့်.. ဟိုကိုင်.. သည်ကိုင်နဲ့.. ဘာမပြော ညာမပြော ဂလု ဂလု ဂလောက် ဆိုပြီး ပုစွန်ကွေး ကွေးနေတဲ့ ကျွန်တော့်ဒူးခေါင်းကို ဆွဲဆန့်လိုက်တာ “အောင်မယ်လေး သေပါပြီဟ” ဆိုပြီး အသကုန် ငယ်သံပါအေင် အားရပါးရ အော်ထုတ်လိုက်တာ.. ဘေးအိမ်က လူတွေတောင် ထွက်ကြည့်ကြတာဗျာ.. အဲလို လူတွေ ထွက်ကြည့်ကြတော့ ရှက်ကလည်းရှက်.. နာကလည်းနာ.. မျက်ရည်တွေကလည်းထွက်.. နှပ်တွေလည်းထွက်ကျ.. မလွယ်ပါဘူးဗျာ.. ဗျစ်စ်စ်..

အနှိပ်သည်က အဲလို လက်စွမ်းပြလိုက်တော့ ဂုံညင်းက ပြန်တည့်သွားတယ်.. ကွေးလို့ဆန့်လို့လည်း အိုကေတယ် မအိုကေတာက ခြေထောက်ကို ၁၈၀ံ ဆန့်လို့မရဘူးဗျ.. ခြေနှစ်ဖက်ကို စုံဆန့်လိုက်ရင် ဓါတ်ပုံရိုက်ခါနီး ပဲထုတ် နေတဲ့ပုံစဲမျိုးလေ.. တစ်ဖက်က ဆန့်နေပြီး ကျန်တစ်ဖက်က ဒူးထောင်ထားသလို ဖြစ်နေတာ.. မေးတော့လည်း အနှိပ်သည်ကပြောတယ် တစ်ရက်နှစ်ရက်ဆို အိုကေသွားမယ်တဲ့.. ဘာမှ မဖြစ်တော့ဘူးဆိုတော့မှ “ဟင်း” ဆိုပြီး သက်ပြင်းချနိုင်တော့တယ်.. မတ်တတ်ရပ်ကြည့်တော့လည်း ခြေတစ်ဖက်က မြေမကျဘူး.. မြင်ဖူးကြလားမသိဘူး “ကြက်” တွေများ တစ်ခါတစ်ခါ မတ်တတ်ရပ်နေရင် ခြေတစ်ချောင်းကို ကြွပြီး ရပ်နေတာလေ.. အဲလိုပုံစံမျိုး ဖြစ်နေတာ.. မမြင်ဖူးရင် ခု ကိုယ်တိုင် အဲလိုထရပ်ကြည့်..းP ကမြင်းကြောထတဲ့ အကျိုးလေ..းP

ဒဏ်ရာအရှိန်ကြောင့် ညညလည်း အိပ်မရဘူး “ကျိကျိ”“ကျိကျိ” နဲ့ကိုက်တာ.. နောက်နေ့ ကျောင်းပြန်တက်တော့ ခါတိုင်းလုပ်နေကြ အလုပ်တွေကို မလုပ်နိုင်တော့ဘူးလေ.. လူက အတော်လေးကို အီသွားတာကိုးဗျ.. အခန်းဖော် သူငယ်ချင်းတွေကိုပဲ လုပ်ခိုင်းပြီး စာသင်ခန်းထဲမှာ ဆရာမ မသိအောင် မသိမသာ ထိုင်နေရင်း စာသင်နေတာ.. ထိုင်နေရင်း ငါးမျှားနေတာလေ (ငိုက်နေတာကို ပြောတာ).. တိုက်ဆိုင်ချင်တော့ အင်္ဂလိပ်အချိန်.. ဒါနဲ့ ဆရာမက

“Mg Si Thu, please stand up” ဆိုလည်းဆိုရော ဆင်မရင်သာ ပုံစံမျိုးနဲ့ အသာလေးထပြီး.. (အဲလိုမထလို့က မရဘူးလေ.. ဒူးက နာနေတာကိုးဗျ..းP)

“Yes teacher” ပေါ့.. အဲလိုလည်း ပြန်ထူးလိုက်ရော ဆရာမက ဆက်မေးတယ်လေ..

“What do u do Si Thu?” ဆိုပြီး မေးလည်းမေးလိုက်ရော..

“ကျွန်တော် မနေ့က ဆိုင်ကယ်မှောက်ထားလို့ပါ ချယ်” ဆိုပြီး ဖြေလိုက်တာ “ဟားဟားဟား” “ဟားဟားဟား” ဆိုပြီး တစ်ခန်းလုံးက ဝိုင်းရယ်လိုက်ကြတာ တစ်ခန်းလုံး အတော်လေးကို ဆူညံသွားတယ်..

ဟုတ်တယ်လေဗျာ.. ကျွန်တော်က ဆိုင်ကယ်မှောက်ထားတာ ဒူးကလည်းနာနေတာ.. ငိုက်ကလည်း ငိုက်နေတာ ဆရာမကသာ “What do u do Si Thu?” ဆိုပြီးမေးတာ.. ကျွန်တော်က “ဒူး ဘာဖြစ်နေလဲ စည်သူ” ဆိုပြီးတော့ ကြားတာ.. အဲလိုကြားလို့လည်း ခုလို ဖြေလိုက်တာပေါ့နော်.. အဲဒါ ကျွန်တော့် အမှားလား.. အဲဒါကို တစ်ခန်းလုံးက ဝိုင်းရယ်ကြတယ်ဗျာ.. တော်တော်ကိုဆိုးတယ်.. ခိခိခိ..

ကျောင်းဆင်းတော့လည်း ကျောင်းက ကောင်မလေးတွေလေ.. ကျွန်တော့်ကိုကြည့်ပြီး ငါးပုဏ္ဏား မြှုံးထိုသလိုမျိုးနဲ့ ပြုံးစိ ပြုံးစိ လုပ်နေကြတာ.. အဲဒီရက်ပိုင်းဆို အပြင်မှာ တွေ့ရင်လဲ အဲတိုင်းပဲ.. အရှိန်မကုန်နိုင်ကြသေးဘူး.. ပြုံးစိစိ လုပ်နေကြတုန်းပဲ.. သူတို့တစ်တွေရဲ့ အပြစ်တော့လည်း မဟုတ်ပါဘူးနော်.. ကျွန်တော်ကိုယ်၌က တစ်လွဲဆံပင် ကောင်းနေတာကိုး..းP

အဲလိုနဲ့ တစ်လလောက်ကြာတော့ ကျွန်တော့် ဦးလေးတစ်ယောက် ဆုံးသွားတယ်.. နာရေးဆိုတော့ သိတဲ့အတိုင်း အလုပ်ရှုပ်နေတာပေါ့.. ဦးလေးဆုံးသွားတော့ မိသားစုတွေက ဝမ်းနည်းကြ.. ငိုယိုကြနဲ့ ကျွန်တော်လည်း အတော် လေးကို သံဝေဂ ရမိတယ်.. ညကပဲ စကားပြောနေသေးတယ်.. ဟာ.. မနက် မရှိတော့ဘူး.. အလုပ်ပေါင်းများစွာ လုပ်လိုက်တာ.. လုပ်လိုက်တာ.. ရှာလိုက်ရတာ.. စုဆောင်းလိုက်ရတာ.. ဟော.. နောက်ဆုံး သူသိပ်ချစ်ပါတယ် ဆိုတဲ့ သူ့ဇနီး.. သူ့သားသမီးတွေကို တစ်ချက်လေးတောင်မှ စောင်းငဲ့ကြည့်ဖို့ အချိန်မရလိုက်ဘူး..

အိုးးးးး ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကိုယ်လည်း တစ်နေ့ ဒီလိုအဖြစ်မျိုး ကြုံရမှာပါလား ဆိုတဲ့ အသိတစ်ခုက ခုနှစ်တန်း ကျောင်းသားဘဝမှာ ရလိုက်တယ်.. တကယ်လည်း တန်ဘိုးရှိပါတယ်.. အဲဒါတွေသိလိုက်တော့ ဘာဖြစ်လာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်.. ဒေါသတွေကို ထိန်းနိုင်လာမယ်.. လောဘတွေကို အနည်းနဲ့အများပေါ့လေ သတ်နိုင်လာမယ်.. သူတစ်ပါးနဲ့ စကားပြောရာမှာလည်း ကြမ်းတမ်းတဲ့စကားကို ပြောဆိုခြင်းတွေ.. ရိုင်းစိုင်းတဲ့ အပြုအမူတွေ လျော့နည်းလာမယ်.. ကိုယ့်အတွက်လုပ်ရင်း တစ်ပါးသူအပေါ် မထိခိုက် မနစ်နာအောင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ လုပ်ရမယ်ဆိုတဲ့ စဉ်းစားတတ်တဲ့ အကျင့်လည်းရလာမယ် ဆိုပြီး ကိုယ့်ဖာသာကိုယ် မေးဖြေတွေ လုပ်နေရာကနေလိုက်တာ.. ပြီးမှ သတိဝင်လာပြီး..

“ဟိုက်”..“ငါ.. ကျောင်းသွားရမယ်ဟ” ဆိုပြီး သတိဝင်လာတော့မှ “ဆပ်ပြာသယ် လင်ပျောက်သလိုမျိုး” ဖြစ်ကာ ကဗျာကယာ ကတိုက်ကရိုက် အဝတ်စားလဲပြီး ကျောင်းကို ပြေးရတာပေါ့ဗျာ.. ကျောင်းရာက်တော့ ၉ နာရီကျော် ရှိနေပြီး.. ဆရာမက စာသင်နေပြီး.. ကျွန်တော်လည်း ဆရာမကို ခွင့်တောင်းပြီးတော့ အခန်းထဲကို ဝင်လိုက်တာ ကိုယ့်ပုဆိုးစ ကိုယ်နင်းမိပြီး “ဗိုင်း” ကနဲ့ဆို ဆရာမနဲ့ အရှေ့ဆုံးတန်းက မိန်းကလေး ခုံတန်းရှေ့မှာ မှောက်ယက် လဲကျသွားလေရောဗျာ.. နဂိုကတည်းက နောက်ကျလို့ လောနေတာကိုးဗျ.. နဲနဲတော့ အီသွားတယ်.. ဒါပေမယ့် မနာချင်ယောင်ဆောင်ပြီး ကိုယ့်နေရာကိုယ် အသာလေး ဝင်ထိုင်လိုက်တာပေါ့ဗျာ..းP

တိုက်ဆိုင်ချင်ပြန်တော့လည်း ပထမဆုံး စာသင်ချိန်က အင်္ဂလိပ် အချိန်ပဲဗျာ.. ဩော်.. ကျွန်တော်က နောက်ကျမှ ရောက်လာတာဆိုတော့ ဘာဖြစ်ဖြစ် ကျွန်တော့်ကို စာမမေးလောက်တော့ပါဘူးလေ ဆိုပြီး စဉ်းစားနေတုန်းမှာပဲ ဆရာမကနေပြီး..

“ကဲ.. “ချယ်” ပြောမယ်.. သေချာနားထောင်နော်.. ဒီစာသင်ချိန် တစ်ချိန်လုံးမှာ အင်္ဂလိပ်လိုပဲ ပြောမယ်.. “ချယ်” မေးရင်လည်း အင်္ဂလိပ်လိုပဲမေးမယ်.. ဖြေတဲ့သူကလည်း အင်္ဂလိပ်လိုပဲ ဖြေရမယ်.. ဟုတ်ပြီနော်.. ကဲ.. အဲဒါဆိုရင် “ချယ်” စမေးမယ်.. အင်း.. ဘယ်သူ့ကို အရင်မေးရင် ကောင်းမလဲ” ဆိုပြီး ပါစပ်ကပြောရင်း သင်ပုန်းကြီးပေါ်မှာ “ချယ်” က စာတွေရေးနေတဲ့အချိန်မှာတော့ တစ်ခန်းလုံးက တိတ်ဆိတ်ငြိမ်သက်နေကြတယ်.. ကျွန်တော်လည်း ပါတာပေါ့ဗျာ.. ကိုယ့်ကိုမေးမှာ လူတိုင်းက ကြောက်နေကြတာလေ.. တစ်ခဏအကြာမှာတော့..

“Ok.. Mg Si Thu, please stand up” လို့ ပြောလိုက်မှ.. တစ်ခန်းလုံးက သူတစ်ပေါက် ငါတစ်ပေါက်နဲ့ အသံတွေ ထွက်လာကြတော့တာ.. ခုနကတော့ တိတ်လို့..းP “ချယ်” ရဲ့ ခေါ်သံကိုလည်းကြားရော ကျွန်တော့်ခေါင်းတွေဟာ “ဒဿဂီရိ” လို ခေါင်းဆယ်လုံးပိုင်ရှင် ဖြစ်သွားမတတ် ခေါင်းကြီးသွားတာပေါ့ဗျာ..

“well.. well.., all students, please stay silently .”

“I want to ask a question to Mg Si Thu.” ဆိုပြီး “ချယ်” ပြောလိုက်တော့မှ တစ်ခန်းလုံးက တစ်ခါတည်းကို ငြိမ်ကျ သွားတာဗျာ.. ပြီးတော့ “ချယ်” က ကျွန်တော့ကို မေးတယ်..

“Why do u late this morning Mg Si Thu?” လို့ မေးလိုက်တော့ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး မေးတာကိုတော့ သိပါတယ်.. ဘယ်လိုဖြေရမှာကို စဉ်းစားမရဖြစ်ပြီး နောက်ဆုံးတော့..

“I late this morning because my Uncle Air Cross .” ဆိုပြီး ဖြေလိုက်ရော.. တစ်ခန်းလုံးက တိတ်ဆိတ် နေရာမှ.. ဟိုနားက ခိခိခိ.. ဒီနားက ခိခိခိနဲ့ နောက်ဆုံး ဆရာမပါ မနေနိုင်ပဲ “ဟားဟားဟား.. ဟားဟားဟား” နဲ့ ရယ်လိုက်တော့မှ တစ်ခန်းလုံးက တခိခိ တဟားဟားတွေ ဖြစ်ကုန်ကြတော့တာဗျာ.. တွေးတွေးပြီး ရယ်နော်..းP

အဲဒီ.. စာသင်ချိန် တစ်ချိန်လုံးလည်း ကျွန်တော့် အမေး အဖြေနဲ့တင် အချိန်ကုန်သွားပြီး စာမသင်လိုက်ရဘူးလေ..
ကျွန်တော်လည်း အဲဒီနောက်ပိုင်း “စည်သူ” ကနေ “Air Cross Si Thu” ဆိုပြီး နာမည်တွင်သွား ပါလေရောဗျာ..

မသိဘူးထင်တယ်.. လေဖြတ်တာ ((((((((((((((((((ဟေးးး)))))))))))))))))))) လေဖြတ်တာ..းP ကျွန်တော့်ဦးလေး.. လေဖြတ်တာ (((((((((((((((((((ဟေးးး)))))))))))))))))))) Air Cross..းP

း)းP ပျော်ရွှင်ရယ်မော နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
စည်သူ(ပေါက်ကရအတွေးအပိုင်းအစများ)

အကျင့်

on Sunday, November 22, 2009

တောရွာလေး တစ်ရွာမှာပေါ့.. “အကျင့်” နဲ့ ပက်သက်လို့ ဆုံခဲ့ ကြုံခဲ့တာလေး မျှဝေချင်တာနဲ့ ရေးလိုက်တာပါ.. ဗဟုသုတ ရမယ်လို့လည်းထင်ပါတယ်.. လူနှစ်ဦးရဲ့ စကားပြောဟန်ကို သရုပ်ဖော်ထားတာဖြစ်လို့.. စာဖတ်သလို မဖတ်ပဲ စကားပြောဟန်နဲ့ ဖတ်မယ်ဆိုရင် သရုပ်ပေါ်မယ်လို့ ထင်ပါတယ်.. သရုပ်မပေါ်ခဲ့ဘူးဆိုရင်လည်း ကျနော် ပေါက်ကရအတွေအပိုင်းအစများရဲ့ ညံ့ဖျင်းမှုကြာင့်လို့ ရဲရဲကြီး အာမခံပါတယ်..

*****************

“ဟဲ့.. “မေမှုန်”.. ညည်းကတော့လေ ယောက်ျားရတာ ကံကောင်းလိုက်တာအေ.. ခုခေတ် ယောက်ျားတွေက သိပ်ပြီးယုံရတာ မဟုတ်ဘူးအေ.. လူကိုကြည့်တော့ အေးမလိုလိုဘာလိုလိုနဲ့ မခုတ်တတ်တဲ့ကြောင်လိုပေါ့.. သေချာအတွင်းကျကျ လေ့လာကြည့်တော့မှပဲ တကယ့်ကျား ဖြစ်နေတာ.. ငါတို့ မိန်းမသားတွေမှာလည်း အဲလိုနဲ့ ခံခဲ့ရတာများတယ်.. တစ်ခါတစ်လေ မိန်းမမာယာက စွမ်းပေမယ့် ယောက်ျား ပရိယာယ်ကို မမှီပြန်ဘူး “မေမှုန်” ရယ်..”..

“ဟုတ်တော့ ဟုတ်ပါတယ် ကြီးမေရယ်.. ဒါပေမယ့် “မေမှုန်” လည်းလေ မိဘ သဘောတူလို့သာ ယူလိုက်ရတာ “ကိုအောင်” အကြောင်းကို သေချာသိတာ မဟုတ်ဘူး ကြီးမေ..”

“ပူပါနဲ့အေ..“မောင်အောင်” ဆိုတာက.. ဟော.. တစ်ရွာလုံးသိ.. ရိုးတာမှလေ ပါစပ်ထဲ လက်ထည့်တာတောင် ညည်း “မောင်အောင်” က ကိုက်မယ်မထင်ဘူးအေ.. ညည်းမယုံရင် သွာထည့်ကြည့်ပါလား.. ခိခိခိ..”

“ကြီးမေနော် ကြီးမေ.. ဘာလို့သွားထည့်ရမှာလဲ.. သွားထည့်လို့ ဟိုက ကိုက်လိုက်မှဖြင့် မလက်တို ဖြစ်နေအုံးမယ် ကြီးမေလက် သွားထည့်ကြည့်ပါလားလို့..”..

“မေမှုန်ရယ်.. ညည်း “မောင်အောင်” လို ဥစ္စာပေါ ရုပ်ချော ရိုးရိုးအအ မခုတ်တတ်တဲ့ကြောင်လို ယောကျာင်္းမျိုးရဲ့ ပါးစပ်ထဲ နင်သာခွင့်ပြုမယ်ဆိုရင်လေ.. လက်တစ်ချောင်း မပြောနဲ့.. ဟောလို.. ဟောလို.. ဟော့ဒီလို.. ဟော့ဒီလို လက်တစ်ချောင်းမက နှစ်ချောင်း.. သုံးချောင်း.. လေးချောင်း.. (((((((အိုးး))))))) ကြီးမေ.. တစ်ကိုယ်လုံးသာ ပစ်ဝင်ပလိုက်မှာအေ..”..

“ဟာာာာ.. ကြီးမေက ဘာမှန်းလဲမသိဘူး.. ပြောလိုက်ရင် အမြဲတမ်း အဲလိုပဲ”..

“ကြီးမေ တကယ်ပြောတာပါအေ.. ကြီးမေသာလေ.. ခုနေ အသက် အစိတ်(၂၅)လောက် ပြန်ငယ်သွားကြည့်.. ဟော.. ညည်း “ကိုအောင့်” လို ယောက်ျားမျိုး ရလို့ကတော့.. ဟင်း.. ခုနကပြောသလိုကို လုပ်ပစ်လိုက်မှာ..”

“ဒါဆို ကြီးမေရဲ့ “ဦးစိန်” ကြီးကရော.. မကောင်းလို့လား ကြီးမေရဲ့..”..

“တော်ပါအေ.. အိမ်က ဒီကာလနဂါးအကြောင်း မပြောပါနဲ့.. တစ်နေ့တစ်နေ့ အိပ်ဖို့နဲ့ စားဖို့လောက်ပဲသိတာ ညည်း “ဦးစိန်” အကြောင်း ညဉ်းသိသားနဲ့.. စားပြန်ရင်လည်း ကြီးမေအတွက် မကျန်အောင်ကို စားတာ.. အိပ်ရင်လည်း အဲလိုပါပဲအေ.. လူကသာအိပ်တာ.. ညည်း “ဦးစိန်” ပါးစပ်က အိပ်တာမဟုတ်ဘူး.. တဖူးဖူး.. တရှူးရှူးနဲ့ မှုတ်နေတာ.. တစ်ခါတစ်ခါများဆို အသက်ငင် သလိုမျိုး ခခခခခခေါခလူး.. တစ်ခါတစ်ခါ မော်တော်ခုတ်သလိုမျိုး ဖလူးတူးတူတူးတူးနဲ့.. ပြီးတော့.. ပါးကဖောင်းလာလိုက် ပြန်ပိန်သွားလိုက်.. နှုတ်ခမ်းက ထော်တက်လာလိုက် ပြန်စေ့လိုက်နဲ့ မရိုးနိုင်ပါဘူးအေ..”..

“ကြီးမေပဲ အရင်က ပြောခဲ့တယ်လေ.. ညည်းတို့ ကြည့်ထားကြ.. ညည်းတို့ ယောက်ျားယူရင် “ဦးစိန်” လို ယောက်ျားမျိုး ရွေးဆို.. ခုတော့ ဘယ်လိုဖြစ်တာလဲ ကြီးမေရဲ့..”..

“ဩော်.. “မေမှုန်” ရယ်.. ကြီးမေလည်း ဘယ်သိမလဲအေ.. ညည်း “ဦးစိန်” နဲ့ ကြီးမေက ညည်းလိုပဲလေ.. မိဘချင်း သဘောတူ ပေးစားတာဆိုတော့ သေချာတော့ ဘယ်သိမလဲအေ့.. မညားခင်ကဆို ညဉ်း “ဦးစိန်” က အတော့်ကို ရှက်တတ်တာအေ.. ကြီးမေရှေ့မှာများ လမ်းဖြတ်လျှောက်ရင်လေ.. ဘယ်ခြေကို အရင်လှမ်းရမလို.. ညာခြေကို အရင်လှမ်းရမလိုနဲ့.. “ပုဆိုးတွေတုပ် ခြေထောက်ခြင်းခုပ်လို့”.. ခိခိ.. လုံချည်ကျွတ်ပြီး မလဲရုံတမင်ပါ “မေမှုန်” ရယ်..”..

“ဩော်.. ကြီးမေကလည်း “ဦးစိန်” ကြီးက ကြီးမေကို ချစ်ရှာပါတယ်.. သဘောလည်း အရမ်းကောင်းတယ်.. ခုပဲ ကြည့်လေကြီးမေရဲ့.. သူများတွေကို စေတနာပါပါနဲ့ ကူညီတတ်တာရယ်.. ပြီးတော့.. ကြီးမေကို အရမ်းချစ်တော့ ကြီးမေ ဘာပြောပြော ပြန်မပြောဘူး.. ချစ်လို့ အနစ်နာခံတာပေါ့ ကြီးမေရဲ့.. ခိခိခိ..”..

“ညည်းပြောတာ ဟုတ်တော့လည်း ဟုတ်ပါတယ်အေ.. ဒါပေမယ့် ဘာပြောပြော ပြန်ခံပြောကြည့်ပါလား.. အနစ်နာမခံကြည့်ပါလား.. ဒင်း.. ပါးရှစ်စိတ်ကွဲပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းသွားရမှာ.. ကြီးမေအကြောင်း ညည်း “ဦးစိန်” က သိလို့ ခုလို ဘာမှပြန်မပြောပဲ အနစ်နာခံပြီး.. ငြိမ်နေတာ.. ကြီးမေကို ချစ်လှတယ်လို့တော့ ညည်းမထင်နဲ့..”..

“ယောက်ျားပရိယာယ်ဆိုတာ အဲဒါပေါ့အေ.. ပရိယာယ်သုံးထားတာ သိလျှက်သားနဲ့ ကြီးမေတို့ မိန်းမသားတွေမှာ အဲဒီ ပရိယာယ်မြစ်ထဲ မျောပါနေကြတာ.. ဟင်း.. စတွေ့တုန်းကတော့ ဝတ်တာ စားတာကစ ပြောဆို ဆက်ဆံတာ နေတာထိုင်တာ.. သွားတာလာတာအဆုံးပေါ့အေ.. တွေ့သမျှ ယောက်ျားလေးတွေထဲမှာ ညည်း “ဦးစိန်” က အတော်ဆုံးပဲအေ.. အရင်က အဲလို ချီးကျူးစရာ ဖြစ်ခဲ့သလောက်.. ခုနေများ ကဲ့ရဲ့စရာ အကောင်းဆုံးလို ဖြစ်နေပြီး “မေမှုန်” ရယ်.. အဲဒါကြောင့်ပြောတာအေ.. ယောက်ျားတွေများ သူတို့ မရခင်တုန်းက တစ်မျိုး.. ရပြီးတော့ တစ်မျိုးဆိုတာလေ.. မရခင်ကတော့လေ ရိုးလိုက်တာ.. ရိုးလိုက်တာ.. ရပြီးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ.. ပြီးတော့ သူတို့ယောက်ျားတွေ.. ပါးစပ်ကပါ ပြောလိုက်သေးတယ်.. မိန်းမမာယာ သဲကိုဖြာတဲ့.. ကြီးမေတို့က သဲကိုဖြာပဲရှိတာ.. သူတို့တစ်တွေကြတော့လေ ယောက်ျားပရိယာယ် သောင်တစ်ပြင်လုံး.. အဲလိုပြောရမလို ဖြစ်နေတာအေ.. အဲဒါကြောင့်ပြောတာ “မေမှုန်” ရယ် ညည်းလေ “မောင်အောင့်” လို ယောကျော်းမျိုးရတာ ကံကောင်းတယ်..”..

“ဒါ.. ဒါ.. ဒါ.. ဆိုရင် “ကိုအောင်” က.........
..............................................................
..............................................................
.............................................................,

“ဩော်.. “မေမှုန်” ရယ်.. ညည်းရဲ့ ချစ်ကိုကို “မောင်အောင်” က အဲလို ယောက်ျားမျိုး မဟုတ်ပါဘူး.. ကြီးမေ ကြည့်လိုက်တာနဲ့ သိတယ်.. ကြီးမေ လူကဲခတ် မညံ့ပါဘူးအေ.. ညည်းမပူပါနဲ့..”..

သုံးလခန့် ကြာလေသောအခါ.. ဒန်.. ဒန့်.. ဒန်.. ဟန်ဟန်..

“ညည်းကလည်းနော်.. နေနိုင်လိုက်တာ “မေမှုန်” ရယ်.. ယောက်ျားရပြီးကတည်းက ကြီးမေဆီကို တစ်ခါမှ မလာတော့ဘူးအေ.. ညည်းကလည်းလေ.. မရခင်တစ်မျိုး ရပြီးတစ်မျိုးပဲ ထင်ပါတယ်အေ.. “မောင်အောင်” ကောင်းကြောင်း မင်းသိသွားပြီပေါ့လေ”.. ခိခိခိ..

“ဟာာာာ.. ကြီးမေကလည်း.. ဘာတွေ ပြောနေမှန်းမသိဘူး သတိရလို့ လာလည်တာကို..”..

“ကြီးမေ ဘာပြောလို့လဲ.. ညည်းကလည်း ပေါက်ပေါက်ရှာရှာ မတွေးစမ်းပါနဲ့အေ.. “မောင်အောင်” ရဲ့ ရိုးသားပြီး ကြိုးစားတာကို ပြောတာပါအေ.. ဟုတ်တယ်မှတ်လား..”..

“အာာာာ.. ကြီးမေနော်.. အဲလိုသာ ဆက်ပြောမယ်ဆိုရင် “မေမှုန်” ပြန်တော့မယ်နော် ကြီးမေ..”..

“အေးပါ.. “မေမှုန်” ရယ်.. ကြီးမေက “မေမှုန့်” ကို ချစ်လို့စတာပါအေ.. ဒါနဲ့ မေးရအုံးမယ်.. ညည်းက ယောက်ျားရပြီး ဘယ်လောက်မှ မကြာသေးဘူး.. ဘာဖြစ်လို့ တအားပိန်သွားရတာလဲ.. ညည်းကိုကြည့်ရတာ အစားအသောက် ပျက်ပုံလည်း မပေါ်ဘူး.. ယောက်ျားနဲ့ အဆင်မပြေတာလည်း မဖြစ်နိုင်ဘူး.. စိတ်ဆင်းရဲလို့ ဆိုပြန်ရင်လည်း မဖြစ်နိုင်ဘူး.. ဖြစ်နိုင်တာ တစ်ခုပဲရှိတာ ညည်း.. အိပ်ရေးပျက်လို့ပဲ ဖြစ်ရမယ်.. ပြောစမ်း.. ပြောစမ်း.. “မောင်အောင်” က ညည်းကို ညညကျ ဘာတွေ ဘယ်လိုလုပ်လဲ ပြောစမ်းပါအေ.. ငါ့တူမကို ညည မအိပ်နိုင်အောင် ဒင်း.. ဘာညာသာရကာလုပ်လို့ကတော့.. ကြီးမေအကြောင်း သိသွားမယ်.. ကြီးမေတဲ့ (((ဟေ့))).. တစ်မေထဲရှိတာ..”..

“တိုးတိုးပြောစမ်းပါ ကြီးမေရာ.. သူများတွေ ကြားသွားရင် တစ်မျိုးထင်နေပါအုံးမယ်..”..

“အိုးး.. ထင်ချင် ထင်စမ်းပါစေအေ.. မှန်တာပြောတာ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘူး.. ညည်း.. ပြောမှာသာ ပြောစမ်းပါအေ”

“ဟုတ်တယ် ကြီးမေရာ.. “ကိုအောင်” ကလေ ညညအိပ်ရင် တအားဟောက်တာ.. “မေမှုန်” ဘယ်လိုမှကို အိပ်လို့ မရဘူး.. ကိုယ့်ယောက်ျားဆိုတော့လေ.. ဘယ်ပြောရက်မလဲ.. နော်ကြီးမေ.. ချစ်တာဆိုတော့လည်း နှိုးလိုက်လို့.. သူများ နိုးသွားခဲ့ရင် အိပ်ရေးပျက်မှာစိုးလို့ မနှိုးပဲ “မေမှုန်” တစ်ယောက်ထဲ ထထထိုင်နေရတာ.. “မေမှုန့်” အပေါ် “ကိုအောင့်” အချစ်လျော့သွားမှာလည်း စိုးလို့ပါ ကြီးမေရာ.. အဲဒီချိန်မှာ နှိုးလိုက်ရင် သူ စိတ်ဆိုးမယ်ထင်တယ်.. နော်.. ကြီးမေ..”..

“အောင်မယ်လေး.. “မေမှုန်” ရယ်.. ညဉ်းအဖြစ်ကလည်းလေ ကြီးမေအဖြစ်နဲ့ နှစ်ကိုယ်ခွဲပါပဲလား.. တူတာမှလေ ချွတ်စွတ်ပါပဲလားအေ.. မရခင်ကသာ မင်းကို ဘာညာပြောမှာ.. ခုနေခါများ နှိုးလိုက်လို့ကတော့ ညဉ်းမျက်နှာမှာ လက်ဝါးစင်းရာတို့.. ကွမ်းသီးဖုတို့ ထသွားလိမ့်အေ.. ယောက်ျားတွေများ အအိပ်အနေနဲ့ ပတ်သက်လို့ မရဘူး.. ညည်းသာ သွားနှိုးလိုက်လို့ကတော့.. မလွယ်ဘူးသာမှတ် “မေမှုန်” ရေ..”..

“ဒါနဲ့..“မေမှုန်” ကို ကြီးမေတစ်ခု ပြောပြမယ်..“အစတော့ နဲနဲကျပ်မယ်.. ကြာတော့လည်း ချောင်လည်သွားရော” ဆိုသလိုပေါ့အေ

“ဟာာာ.. ကြီးမေစကားက ဘာစကားကြီးလဲ..”..

“အော် “မေမှုန်” တို့က ခုမှ ညာခါးစဆိုတော့.. သူ ညညအိပ်ရင် ဟောက်တာကို ဘယ်ခံနိုင်ရည်ရှိမလဲ.. ကိုက ချစ်လို့ သည်းခံတာကိုး.. အနေအထိုင် ကျပ်တာပေါ့အေ.. နောက်တော့လည်း အဆင်ပြေသွားမှာပါအေ.. တွေးမပူပါနဲ့.. ညည်း “ဦးစိန်” တုန်းကလည်း အဲလိုပဲ.. ကြီးမေ ပြောတယ်မှတ်လား ညညအိပ်ရင်လေ.. ဟောက်တာ.. ဟာက်တာ အသက်ငင်နေ သလိုလို.. သဘောင်္တစ်စီး ခုတ်မောင်းနေ သလိုလိုလေ.. ဘယ်လိုမှ အိပ်လို့ကို မရဘူး.. ဟော.. ခုတော့လည်း.. အဲဒီဟောက်သံကို မကြားရရင် အိပ်မပျော်ဘူး “မေမှုန်” ရေ.. ဘာတဲ့.. ခုခေတ် နာမည်ကြီးနေတဲ့ စိုင်းစိုင်းလားရှိုး ဆိုလား.. ဘာဆိုလား.. နောက်.. စကားပြောသလို ရန်ဖြစ်သလိုလိုနဲ့ သီချင်းဆိုတဲ့.. အနာဂါတ် ဆိုလား.. နောက်.. ရေကဗျာဝင်း ဆိုလား.. ရေပက်ရင်ဝင်း ဆိုလား.. ဘာဆိုလား.. နောက်.. ရှိပါသေးတယ်အေ.. အဆိုရောအသံပါ အရမ်းကောင်းတဲ့ ဟို.. ဟိုအဆိုတော်လေ.. Rလွန်းဝါ ဆိုလား.. Lဇာနည် ဆိုလား.. အဲဒီအဆိုတော်တွေနဲ့ လဲမယ်ဆိုရင်တောင် ညည်း “ဦးစိန်” နဲ့ မလဲနိုင်ဘူးအေ..”..

“အဲဒီ အဆိုတော်တွေက ညည်း “ဦးစိန်” လိုမျိုး ဟောက်တတ် ပ့ါမှာလား.. တတ်မှာမဟုတ်ဘူးအေ.. သူတို့ရဲ့ သီချင်း အသံနဲ့ ညည်း “ဦးစိန်” ဟောက်သံနဲ့ ကြီးမေတော့ မလဲနိုင်ဘူး “မေမှုန်” ရေ.. ဒါ.. “အကျင့်” ပဲအေ.. တစ်ခါတစ်ခါ ဟောက်သံမကြားလို့ အသက်မှ ရှူသေးရဲ့လားဆိုပြီး နှာခေါင်းပေါက်ဝက လေဝင်လေထွက် ရှိမရှိ ထထစမ်းရတယ် “မိမှုန်” ရေ.. အခုတော့လည်း အကျင့်ဖြစ်နေလို့.. ညညအိပ်ရင် ညည်း “ဦးစိန်” ရဲ့ သံစဉ်ချိုမြတဲ့ တေးသွားတွေနဲ့ အိပ်ရတာ အဆင်ပြေလို့.. အိပ်ရေးလည်းဝလို့.. ဝလို့.. ဖီးလို့.. ခိခိ..”..

“ညည်းလည်း အကျင့် ဖြစ်သွားရင် ကြီးမေလိုပဲနေမှာ.. “ကိုအောင်” လုပ်ပါအုံး.. အဲ.. ကြီးမေမှားလို့.. “ကိုအောင်” ရေ ဟောက်ပါအုံး.. “ကိုအောင်” ရေ ဟောက်ပါအုံး.. ဆိုပြီး ညည်း “ကိုအောင်” က မဟောက်နိုင်လို့ ထွက်ပြေးရမှာကို ကြီးမေတော့ မြင်ယောင်နေမိတယ်.. ပြီးတော့မှ ညည်းလည်းလေ.. ကြီးမေရေ.. “မေမှုန်” လည်း “ကိုအောင့်” ရဲ့ သံစဉ်ချိုမြ တေးသွားတွေနဲ့ အိပ်ရလို့.. အိပ်ရေးလည်းဝလို့.. ဝလို့.. ဖီးလို့.. ဆိုပြီး “ကျား” ကိုးကောင် စားမကုန်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေပါအုံးမယ် “မေမှုန်” ရေ.. ခိခိခိ..”..

ဤတွင်ခိခိခိ.. အဆုံးသတ်ပါ၏..။

ကောင်းသောအမူအကျင့်ကို ဆောင်နိုင်ကြပြီး မကောင်းသောအမူအကျင့်ကို ရှောင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ တိုက်တွန်းလိုက်ပါတယ်..။

“အကျင့်” နှင့် ပက်သက်၍ မိမိသိသလို ဟာသဉာဏ်ကွန့်ပြီး ယခုလိုရေးသားတင်ပြခြင်းသည် တစ်စုံတစ်ရာ ရိုင်းစိုင်းမှုများ.. ချွတ်ချော်မှုများ ရှိခဲ့ပါက ကျွန်တော် ပေါက်ကရအတွေးအပိုင်းအစများမှ ညံ့ဖျင်းမှု တစ်ခုသာ ဖြစ်ကြောင်း ထပ်မံ၍ ဝန်ခံလိုက်ရပါသည်။

ပေါက်ကရအတွေးအပိုင်းအစများမှ (စည်သူ)

ကျွန်တော်နှင့်1818

on Thursday, November 12, 2009

ကျွန်တော် အမိမြန်မာပြည်ကနေ စလုံးကို ထွက်ခွါလာစဉ်က.. အူလည်လည် မနူးမနပ် လေးပေါ့.. ဟိုဟာတွေ့ ကြောင်ကြည့်လိုက်.. ဒီဟာ တွေ့ ကြောင်ကြည့်လိုက်နဲ့ပေါ့လေ.. ကျွန်တော်က တောကလာတာ ဆိုတော့ ခန်းနားကြီးကျယ်တဲ့ အဆောက်အဦးတွေ.. Super Market ကြီး တွေကို အရင်က တစ်ခါမှ မတွေ့ဖူး မမြင်ဖူး တာလည်း ပါတာပေါ့ဗျာ..

ထွက်လာတုန်းက ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့.. ဒီလည်းရောက်ရော ပိုးဟပ်တစ်ကောင်ကို တက် နင်းမိလို့ အော်လိုက်တာ ငယ်သံကို ပါတယ်..းP

အဲလောက်ကို သတ္တိကောင်းတာ.. လူကိုတော့ မကြောက်ဘူးဗျ.. အကောင်ပလောင်ဆိုရင် ကြောက်တယ်.. လူကလွယ်တယ်လေ ကိုမနိုင်ရင် တောင်းပန်လိုက် အိုကေသွားမှာပေါ့.. ဟိုအကောင်ပလောင်ကျတော့ မရဘူးဗျ.. အကောင်ရှည်ဆို ပိုဆိုးတယ်.. “ဂွပ်” ကနဲ့ ကိုက် လိုက်လို့ကတော့ “ခေါက်” ကနဲ့ ခွေကျသွားမှာ.. အကြောက်ဆုံးကတော့ မျှော့ပဲ.. တွန့်လိမ် တွန့်လိမ်နဲ့ ပြောရင်း ဆိုရင်းနဲ့တောင် ကြက်သီးထတယ်..းP

အင်ထရိုဝင်နေတာနဲ့တင် စကားလမ်းကြောင်းက ပျောက်ကုန်တော့မယ်.. စလုံးရောက်တော့ သိတဲ့အတိုင်းပဲလေ အရင်ဆုံး ချစ် “ဖေဖေ” နဲ့ ချစ် “မေမေ” ကိုဖုန်းဆက်ရတာပေါ့ဗျာ.. ဖုန်းဆက်ဖို့ကလည်း ဖုန်းက မကိုင်တတ်.. ဘယ်ဟာကို ဘယ်လိုနှိပ်ရမယ်ဆိုတာ မပြောနဲ့ ပါဝါတောင် မအွန်တတ်ဘူး..P

လမ်းဘေးဖုန်းဆို ပိုဆိုးတယ်.. ဒါနဲ့ ကျွန်တော် မသိတဲ့ဟာတွေ.. သိချင်တာတွေအားလုံးကိုတော့ သူငယ်ချင်းကို မေးတာပေါ့.. သူငယ်ချင်းကလည်း ရှင်းပြပါတယ်.. ခက်တာက ကျွန်တော်ကိုက မှတ်ဉာဏ်မကောင်းတာ.. ပြောတုန်းကတော့ အိုကေပေါ့.. ပြီးတော့ သောက်တလွဲလုပ်တာလေ..းP

ဒါနဲ့ ဖုန်းဆက်မယ်ဆိုပြီး လမ်းဘေးဖုန်းကို ကောက်ကိုင်လိုက်တာ.. အဲဒီမှာ ဒုက္ခနဲ့လှလှ စတွေ့တော့တာပဲ.. ကိုယ်က အကြွေစေ့ လဲလာတာ.. အကြွေစေ့ ထည့်တဲ့အပေါက်ကို ဘယ်လိုမှကို ရှာမတွေ့ဘူး.. ရှာတာ.. ရှာတာ.. ချွေးတွေ ပြန်လာတာပေါ့.. ဟိုအပေါက်ထဲထည့် မရ.. ဒီအပေါက်ထဲထည့် မရ.. နောက်တော့မှ အပေါ်မှာ ရေးထားတဲ့စာကို ဖတ်လိုက်တော့.. ဟေဟေးး.. ကဒ်ထိုးထည့်ပြီး ဆက်ရတဲ့ဖုန်းဖြစ်နေတာကို သိတော့တယ်.. အနားမှာ ဘယ်သူမှ မရှိပေမယ့် တောင်ကြည့် မြောက်ကြည့်နဲ့ ကိုယ်ဟာကို ရှက်သွားတယ်..း)

နောက်ဖုန်းတစ်လုံးကျတော့ သေချာကြည့်လိုက်တယ်.. အင်း.. သေချာပါတယ်.. ဒီဟာတော့ အကြွေစေ့ထည့်ပြီး ဆက်လို့ရတဲ့ ဖုန်းပဲ ဆိုပြီး ကျပ်စေ့တစ်စေ့ ထည့်လိုက်တယ်.. ပြီးတော့ နံပါတ်တွေကို နှိပ်တာပေါ့လေ..

တီး တူး ဒေါင် - တော် တော် တူး တူး တီး တောင် ဆိုပြီး နှိပ်လိုက်တာ ဘာသံမှကို ထွက်မလာဘူး.. အသံတွေ ကြားမလားလို့ စောင့်နေတုန်းမှာပဲ.. “ဂလောက်” ဆိုပြီး ကျသွားတယ်.. ကျပ်စေ့ကတော့ ပြန်မထွက်တော့ဘူး.. ဒါနဲ့ နောက်ထက် တစ်စေ့ ထပ်ထည့်ပြီး.. တီး တူး ဒေါင် - တော် တော် တူး တူး တီး တောင်.. ဆိုပြီးထပ်နှိပ်တာ.. ဒီတစ်ခါတော့ တူးးးးးးး တူးးးးးးးး ... တူးးးးးး တူးးးးးး.. ဆိုပြီး နှစ်ချက် လောက်တော့ မြည်လိုက်တယ်.. ပြီးတာနဲ့ ခုနက လိုပဲ “ဂလောက်” ဆိုပြီး ပြန်ကျသွားတယ်..

အဲလိုဖြစ်နေတာကို ဖြတ်သွားဖြတ်လာ လူတစ်ယောက်က မြင်လို့.. “အကို အကို အဲဖုန်းက ပျက်နေတာ ဆက်မရ ဘူးဗျ.. ပိုက်ဆံတွေပဲစားသွားတာ ပြန်လည်း မထွက်ဘူး.. ပြောလို့လည်း မရဘူး တစ်ခြားနေရာကဖုန်းနဲ့ ဆက်ပါ” လို့ပြောလိုက်တော့မှ.. အော်.. ဒါကြောင့် ဒီနေရာက လူရှင်းနေတာကိုး.. သေပြန်ပေါ့ နောက်တစ်ခါ..းP

နောက်ထပ် မဆက်ရဲတော့ဘူးလေ.. ထပ်ဆက်ရင်လည်း ခုလိုမျိုးပဲ ဖြစ်မှာ သေချာတယ်ဆိုပြီး.. မဆက်တော့ပဲ ပြန်သွားလိုက်တယ်.. နောက်တစ်နေ့ကျတော့ သူငယ်ချင်းကို ခေါ်ပြီး

“သူငယ်ချင်း သူငယ်ချင်း”
“ဘာလဲကွ.. ဘာလုပ်ပေးရမလဲ ပြောလေကွာ”
“ငါ့ကို ဖုန်းခေါ်ပေးစပ်းပါ ငါမခေါ်တတ်လို့..”
“ဟာ.. မနေ့က မင်းဖုန်းဆက်တယ်မှတ်လား”
“ဟုတ်တယ်ကွာ.. ငါမခေါ်တတ်လို့ စကားမပြောလိုက်ရဘူး ပိုက်ဆံပဲ ကုန်သွားတာ”
“မင်းကတော့ လုပ်ပြန်ပေါ့.. ဖုန်းကဒ်ရောပါလား.. ဘာကဒ်ဝယ်ထားလဲ..”
“အင်း.. ရော့ဒီမှာ.. 1818 တစ်ကဒ် ဝယ်ထားတယ်” ဆိုပြီး ပေးလိုက်တယ်..

သူငယ်ချင်းက ဖုန်းခေါ်မယ် လုပ်တုန်း ဘေးကနေ ကောင်းမလေး တစ်ယောက်က ဝင်လာပြီး ဘာညာဘာညာနဲ့ နှစ်ယောက်သား တတွတ်တွတ် ပြောပြီး..

“သူငယ်ချင်းရေ.. မင်း ငါ့ဖုန်းကို ယူထားလိုက်ကွာ.. မင်းပါသာမင်း ခေါ်တော့နော်.. ငါအရေးကြီးကိစ္စပေါ်လာလို့ သူနဲ့ခဏ လိုက်သွားလိုက်အုံးမယ်” ဆိုပြီး ဖုန်းတစ်လုံးနဲ့ ကျွန်တော့်ကို ထားခဲ့လေရောဗျာ.. မခေါ်တတ်လို့ပါဆိုမှ ဖုန်းယူထားနော်.. မင်းပါသာမင်းခေါ်လိုက်နော် ဆိုတော့ ဒီကောင်ကြီး ဒွတ်ခရောက်တော့မှာပေါ့..

အဲဒါနဲ့ ဖုန်းကိုကိုင်ပြီး လူရှင်းတဲ့နေရာ လိုက်ရှာတာပေါ့.. နေရာကောင်းလည်းရရော.. ကျွန်တော် နှိပ်တော့တာပဲ အရင်ဆုံး 1818 နှိပ်ပြီး ခေါ်လိုက်တော့.. ဖုန်းထဲကနေ ပြန်ပြောတယ်..

Well come to M1 international calling card service. For english press one, ဆိုလည်းဆိုရော “တီး” ဆို ပြီးတော့ “တစ်” ကို နှိပ်လိုက်တာပေါ့.. ပြီးတော့မှ ဖုန်းထဲက ထပ်ပြောတယ်..

For oversea call, please dial the country code, area code and phone number follow by the hash key (#) ဆိုပြီး ပြောလည်းပြောရော..

ဘယ် လို ခေါ် ခေါ် မ ရ.. ဆိုပြီး နံပါတ်ကို နှိပ်လိုက်တာပေါ့.. နှိပ်ပြီးတော့ နားထောင်တယ်.. နားထောင်တယ် ဘာကြားမလဲဆိုပြီး.. ဘာမှကို မကြားဘူး .. မကြားတော့ နောက်တစ်ခါ ထပ်နှိပ်တယ်..

ဘယ် လို ခေါ် ခေါ် မ ရ.. နားထောင်တယ်.. နားထောင်တယ်.. ဘာမှ မကြားပြန်ဘူး.. လူလည်း ချွေးတွေပြန်.. ဟိုကရားသလိုလို ဒီက ရားသလိုလို ဖြစ်လာပြီး.. မရပြန်ဘူး.. ဘယ်ရမလဲဗျ.. နောက်က (#) ကို ထည့်မှမထည့်ပဲ တကယ်တော့ ဟက်စကီး ဆိုတာ (#) ဒီဟာမှန်း ကျွန်တော် မသိလို့လေ..းP

ဒီတစ်ခါတော့ အိုကေပြီး.. ဘယ် လို ခေါ် ခေါ် မ ရ #.. ဆိုပြီးနှိပ်လိုက်တာ တူးး တူးး.. တူးး တူးး မြည်ပြီး ခဏမှာ..
“ဟလို.... လူလေးလား.. ဟလို”
“ဟလို.. ဟလို.. ဖေကြီးလား..”
“ဟိုလား.. ဟားလား လူလိုလား.”
“ဟာလာ.. ဟိုလို.. ဖေကြီးလား..” ဆိုပြီး.. ဖေကြီးလား.. လူးလေးလား.. အေးလူလေး.. အေးဖေကြီးနဲ့တင် ဖုန်းက တီးကနဲ့ဆို ပြတ်ကျသွားရော.. ဖုန်းက ဘာမှ မကြားရတာနဲ့ပဲ ဟလိုကနေ ဟိုလာတွေ ဟာလာတွေ ဖြစ်ကုန်တာ

ဒါနဲ့ နောက်ထပ်တစ်ကြိမ် ထပ်ခေါ်တာပေါ့.. ခေါ်ရင်း ခေါ်ရင်းကနေ မရတော့ဘူးဖြစ်သွားတယ်.. မရတော့ အဒေါ် ဟန်းဖုန်းကို ပြောင်းခေါ်လိုက်တာပေါ့.. နံပါတ်ကလည်း ဆင်တူပဲ..

ဘယ် လို ခေါ် ခေါ် မ ရ နိုင် # ဆိုပြီး ထပ်ခေါ်တာ မရဘူး.. ဘာမှ မကြားရဘူး..
ဘယ် လို ခေါ် ခေါ် မ ရ နိုင် # ဆိုပြီးထပ်ခါထပ်ခါ ခေါ်တော့မှ..

နောက်ဆုံး “ရှဲ” ဆိုပြီး ကြားတော့ ဝမ်းသာသွားတာ ဝမ်းသာလို့ မဆုံးသေးဘူး.. ထွက်လာတဲ့အသံက.. “လူကြီးမင်း ခေါ်ဆိုနေသော “ဂျီအက်စ်အမ်” တယ်လီဖုန်းမှာ ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်ရှိ နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်” ဆိုပြီး မြန်မာမ အသံကြီးနဲ့ ပြောတာ.. အဲဒါကို ကျွန်တော် မသိဘူးလေ.. ကျွန်တော့်ကို ပြောတယ်ဆိုပြီး အသံဗြဲကြီးနဲ့..

“ဟလို.. ဟလို.. ဖေကြီးလား”
“ဟလို.. လူလိုလား..”
“ဟလိုလား...ဟိုလို.. ဖေကြီးလား”
“ဟိုလား.. ဟားလား.. ဖေကြီးလား” ဆိုပြီး ဟိုလား.. ဟားလား.. လူလိုလားနဲ့တင် ဖုန်းက “တီး”ကနဲ့ဆိုပြီး ဖုန်းက ပြတ်ကျသွားတာ..

သေချာစဉ်းစားကြည့်တော့ ဖုန်းလိုင်းကြောင့်မဟုတ်ပါဘူး.. 1818 ကဒ်ကြောင့်လည်းမဟုတ်ပါဘူး.. ဖုန်းကြောင့် ဆိုလည်း မဟုတ်ပြန်ဘူး.. အသုံးမကျတဲ့ ကျွန်တော့်ကြောင့်လို့ပဲ ထင်ပါတယ်နော်..းP

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ
ပေါက်ကရအတွေးအပိုင်းအစများမှ(စည်သူ)

တွေးရင်း ငေးရင်း ဆွေးရင်း

on Tuesday, November 3, 2009

Tagged သူငယ်ချင်းထံမှ ပုံ..

အိပ်လိုက်မယ် စဉ်းစားလိုက်တိုင်း အတွေးတွေက ချားရဟတ်လို ပတ်ချာလည် လည်ပတ်နေတော့.. တစ်ညတာ ကုန်ဆုံးဖို့ ဘယ်လို ဖြတ်သန်းရမလဲ..

ဒီတစ်ညပဲလား.. နောက်ညတွေမှာရော.. အရင်ညတွေကရော.. ဘယ်လိုဖြတ်သန်းခဲ့တာလဲ.. စဉ်းစားရင်းနဲ့ပေါ့.. အတွေးတွေက မေးခွန်းတွေအဖြစ် ပြောင်းလဲလို့ အသက်ဝင်သွားလိုက်တာ..

ညက မှောင်မိုက်နေတာမို့ ပုံမှန် ရွေ့လျားနေတဲ့ လောကစက်ဝိုင်းကြီးကို သတိမမူမိပဲ.. ကျွန်တော့်ကိုမထမ်းချင် ထမ်းချင်နဲ့ ထမ်းထားရတဲ့.. ခြေလေးချောင်းနဲ့ သက်မဲ့ဒြပ်ထု တစ်ခုပေါ့.. သူ့အပေါ်ကနေ သူမသိအောင် ဖွဖွးလေးဆင်းလို့ ပြတင်းတံခါးကို အသာလေးဖွင့်လိုက်စဉ်မှာ..

“ရွှီးးးး”.. လေပြေညှင်းလေးက ကျွန်တော့်ပါးပြင်ကို နမ်းရှိုက်လို့.. လေပြေညှင်းရဲ့ အေးမြလှတဲ့ အကြည့်တွေကို မြင်နေရတယ်.. လေပြေညှင်းလေးနဲ့ မျက်လုံးချင်း စကားပြောနေစဉ်မှာ.. မကျေနပ်သေးဘူးထင်ပါရဲ့ ကျွန်တော့် နှာတံကို ဖွဖွလေး နမ်းရှိုက်ပြီး.. နှလုံးအိမ်ထဲသို့ တိုးဝင်.. နှလုံးသားချင်း စကားပြောနေခဲ့တယ်.. ရိုးသားဖြူစင်တဲ့ နှလုံးလှပိုင်ရှင်ပါလားတဲ့..းP

လေသာပြတင်းပေါက်ဝပေါ် အတွေးပေါင်းတစ်ထောင်နဲ့ မေးငေါ့ပြီး.. ဟိုးးး ခပ်လှမ်းလှမ်းက မခို့တယို့ ပြုံးပြနေတဲ့ ကြယ်လေးတွေ.. ကျွန်တော့်လို အထီးကျန်ဆန်တဲ့ သော်တာလမင်းကြီးကလည်း အဖော်ပြုလို့ပေါ့..

အိပ်လည်းမရ
စားလည်းမရ
တမ်း တတတနဲ့
တစ်နေ့မတွေ့ရရင်
မနေနိုင်လောက်အောင်
ခံစားနေရတဲ့ ဒို့ရဲ့အဖြစ်ကို
ကြင်နာမှုတွေ မပေးပဲ
ဟန်ဆေင်ခြင်းများစွာနဲ့
နေနိုင်လွန်းတဲ့ မင်းကို
“ဒို့” အံ့ဩမိတယ်..

“ဟင်း” သက်ပြင်းချသံ.. ခေါင်းကို အသာလေး မွေ့ရမ်းရင်း.. “မဟုတ်သေးပါဘူး.. ငါကသာ စွဲလန်းတာပါလေ..”.. မင်းကတော့ သိမှာမဟုတ်ဘူး ထင်ပါရဲ့.. မင်းကရော.. ငါ့အပေါ်မှာ ဟန်ဆောင်နေတာ ဖြစ်နိုင်ပါ့မလား..

တွေးရင်း.. ငေးရင်း.. ဆွေးရင်းနဲ့ပေါ့.. ကျွန်တော်ကသာ မအိပ်နိုင်တာ.. အဖော်ပြုနေတဲ့ သော်တာလမင်းကြီးကို မော့ကြည့်လိုက်ချိန်မှာတော့.. တစ်နာရီ တစ်လက္မနှုန်းဖြင့် မျက်တောင်လေးတွေ ခတ်နေပါရောလား..းP

လမင်းကြီးရယ်.. မအိပ်ပါနဲ့အုံးနော်.. ဒီတစ်ညတာလေးတော့ အဖော်ပြုပေးပါအုံး.. စိတ်ကနေ ရေရွတ်မိရင်းနဲ့..

“ဟင်း” ဒုတိယ သက်ပြင်းချသံ.. ညမှောင်မှောင်မှာ မအိပ်ပဲ အေးစက်နေတဲ့ လေပြေညှင်းနဲ့အတူ ယိမ်းနွဲ့ ကခုန် နေကြတဲ့ သစ်ပင်လေးတွေကို ငေးမောနေရင်း..

ညညဆိုအိပ်မရ
မင်းအကြောင်း တွေးလို့

တ“ဒိတ်” “ဒိတ်”
ရင်ခုန်မိတာ

ဒို့ရဲ့ အပြစ်လား..


“ဟိတ်”..“ဟိတ်”
“ဟိတ်”.. “ဟိတ်”
လို့ ခေါ်တဲ့အသံ
မင်းရဲ့အကြည့်က
သမင်လည်ပြန်နဲ့
ရွှေသမင် မျက်လုံးအလား
ညှို့စွမ်းအားများနဲ့
ရုန်းထွက်မရ
ဖမ်းစားထားတာ
မင်းရဲ့ အလှလား..

အတိတ်ကို ပြန်မြင်ရောင်မိတော့.. ပြုံးမှာလား.. ကြည်နူးရမှာလား.. ပစ္စုပ္ပန်ကို ရှုလိုက်တော့.. ငိုရမှာလား.. ဝမ်းနည်းရမှာလား.. အတွေးတွေအပြိုင် လွန်ဆွဲနေရင်း..

“ကျွီးးး” ... အခန်းတံခါး ဖွင့်သံနဲ့အတူ..
“သားရေ.. မအိပ်သေးဘူးလား.. အိပ်တော့လေ.. မနက် စောစောထနော်သား.. အမေတို့ ဆွမ်းလောင်းရအောင်” “ဟုတ်ကဲ့ပါအမေ” ဆိုပြီး..

ကြယ်ကလေးနဲ့ သော်တာလမင်းကြီးရေ..
“ကျွီးးး.. ဂဂျောက်.. ဂဂျပ်.. ခလောက်. ခလပ်..”
“ခေါ.. ခလော.. ခေါ.. ခလော.. ဖူးးးး.. ရှူးးးးး.. ZZzz..း)”

ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေးတစ်ခု..(စည်သူ)

သံဝေဂအမြင်ဘက်၌ ကမ္ဘာပျက်ခြင်း

on Thursday, October 29, 2009

ကျွန်တော်ကတော့ “ဘလော့ဂါပေါက်စ” ဆိုတဲ့အတိုင်း အိပ်ရာထထချင်း လောကစာမျက်နှာကြီးသဖွယ် ဖြစ်တဲ့ ကွန်ပျူတာကို အရင်ဆုံး ဖွင့်ဖတ်တတ်ပါတယ်.. မစားရရင်နေပါစေ.. ထိုင်နေရ.. ရေးနေရ.. ဖတ်နေရရင် အရာအားလုံး မေ့နေတတ်ကြတာဟာလည်း.. “ဘလော့ဂါ” ဆိုသူတွေပဲ မဟုတ်ပါလား..

ကျွန်တော်ကတော့ အတိတ်ကိုလည်း မေ့ပျောက်.. အနာဂါတ်ကိုလည်း ရာနှုန်းပြည့် မမျှော်ကိုးရဲ.. ပစ္စုပ္ပန်ကိုသာ အာကိုးအားထားပြုနေတဲ့ သာမန်လူပါပဲ။ လောကအလယ်မှာ လှုပ်ရှားရုန်းကန်ရင်း.. ပင်ပန်းမှုဟူသမျှ ပြေပျောက်စေဖို့ တစ်ညတာ အိပ်စက် အနားယူ အပြီးမှာတော့.. ရေထိကြာလို မလန်းပဲ.. နေထိပန်းလို လန်းဆန်းတက်ကြွစွာနဲ့ အပြစ်ကင်းစင်လှတဲ့ နံနက်ခင်းအလှကို ခံစားရင်း လောကစာမျက်နှာကြီးကို ဖွင့်လိုက်ချိန်မှာတော့..

ဗေဒင်လက္ခဏာဆရာကြီး စံဇာဏီဘိုရဲ့.. “၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ ကမ္ဘာပျက်ကိန်း ဆွေးနွေးချက်” ဆိုတဲ့ မေးလ်တစ်စောင် ရောက်နေတာကို မြင်လိုက်ရတယ်.. ကမ္ဘာပျက်မယ် ဆိုတာကြီးကို မယုံပေမယ့်.. တကယ်များသာဆိုရင်.. ဆိုတဲ့ အတွေးနဲ့ အတူ အေးခဲတည်ငြိမ်နေတဲ့ ကျွန်တော့် စိတ်ထဲမှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ပြီး.. မီးတောင်ကြီးတွေ ပေါက်ကွဲလာသလို ခံစားလိုက် ရတယ်.. လန်းဆန်းနေတဲ့ နံနက်ခင်းရဲ့.. အလှပန်းလေးတစ်ပွင့်.. ညှိုးနွမ်းသွား လုမတတ် ခံစားလိုက်ရရင်း..

“ဒီလိုသာဖြစ်ပျက်ခဲ့မယ်ဆိုရင်.. ငါဘယ်လိုလုပ်ရမလဲ.. ငါ့အဖေ.. ငါ့အမေ.. ငါ့ညီကိုမောင်နှတွေ.. ငါ့သူငယ်ချင်း.. ငါ့ချစ်သူ.. ငါ့အိမ်.. ငါ့ကား.. ငါပိုင်ဆိုသမျှ အရာတွေအားလုံး.. ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ..” ဆိုတဲ့ စိုးရိမ်ပူပန် စိတ်တွေက တစ်ချိန်ထဲမှာပဲ ရိုက်ခတ်လာခဲ့တယ်.. မကြာခင်မှာပဲ..

တစ်ခဏတာမျှ ငြိမ်သက်ပြီးနောက်.. “အော်.. သဘာဝတရားကြီးက လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတဲ့ လူသားတွေကို ဆုံးမဖို့အတွက်.. ပြစ်ဒဏ်ချမှတ်တော့မယ် ထင်ပါရဲ့” ဆိုပြီး “ဟင်း”.. သက်ပြင်းလေးတစ်ချက် ချလိုက်မိတယ်..

“အိုး.. ဘာပဲဖြစ်ဖြစ်ကွာ.. ငါ့လို အညတရ မပြောနဲ့.. ကမ္ဘာမှာ ရှိကြတဲ့ တကယ့် ကမာ့္ဘထိပ်သီး လူချမ်းသာတွေ၊ စီးပွားရေးသမားတွေ၊ အာဏာကို မက်မက်မောမော တက်မက်နေတဲ့ အာဏာရှင်ကြီးတွေ၊ သူများတွေကိုမနာလို ကိုယ့်ကို အထင်သေးတာမကြိုက်၊ ဒီလို မာန်မာနတွေ ထောင်လွှားနေတဲ့ လူတွေနဲ့ စာလိုက်ရင် ငါက အနေသာ ပါကွာ.. ဟား..ဟား..ဟား” ဆိုပြီး အဲဒီလူတွေကို စိတ်ထဲကနေ သရော်တော်တော် ပြောရင်း ကိုယ့်ကိုယ်ကိုလည်း အားမွေးကာ ဖြစ်ပျက်လာမယ့် အနာဂါတ်ဘေးကို မတွေးတော့ပဲ လက်တွေ့ကျလှတဲ့ ပစ္စပ္ပုန်မှာ အကောင်းဆုံးကို ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားလိုက်တော့တယ်..

********************************************

ကမ္ဘာကြီးသာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အခုလို ပြောနေကြတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ.. ကျွန်တော်ကရော....

ဘယ်သူတွေနဲ့ ရှိနေချင်တာလဲ..
တကယ်တမ်း ဖြစ်ပျက်လာမယ်ဆိုရင် ဘယ်သူတွေနဲ့မှလည်း နေလို့ မရတော့ပါဘူး.. ဘာမှလည်း ယူချိန်မမှီဘူး.. ဘာကိုမှလည်း နှမြောတမ်းတလို့ မရပါဘူး.. ကိုယ့်ကိုကိုယ် အရင်ဆုံး နှမြောမိမှာ အမှန်ပဲ.. အတ္တဆန်တာ မဟုတ်ပါဘူး.. အများကောင်းကျိုးအတွက် ဘာမှ မလုပ်ရသေးလို့ပါ.. ကမ္ဘာကြီးက ၂၀၁၂ ခုနှစ်မှာ ပျက်မယ်လို့ မသိခင်ကတည်းက လူ့လောကမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မိသားစုတွေ.. တကွဲတပြားစီနဲ့ ယိုယွင်းပျက်စီးနေခဲ့ရပြီး ဖြစ်နိုင်မယ်ဆိုရင်တော့.. မိသားစုနဲ့အတူ ရှိနေချင်ပါတယ်..

ဘာတွေခံစားနေရမလဲ..
ခံစားရမှက မပြောပြတတ်အောင်ပါပဲ.. ဘယ်လိုခံစားရမယ်.. ဘာတွေဖြစ်ပျက်မယ်.. ဘယ်လိုပုံ.. ဘယ်လိုနည်းနဲ့ ခန္ဓာချုပ်မယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ.. အဲဒီတော့ ဘာမှမခံစားပဲ.. နောင်ခါလာနောင်ဈေး ဆိုသလို သဘောထားပြီး လက်ရှိအခြေနေမှာ တစ်ဦးအပေါ်တစ်ဦး စာနာထောက်ထားပြီး အတ္တကင်းကင်းနဲ့ ရှင်သန်ရပ်တည် သွားရမှာပဲ..

ဘာတွေပြင်ဆင်ထားမလဲ..
လောဘအတွက် ဆိုရင်တာ့ ဘာကိုမှ ပြင်ဆင်ထားခြင်းမရှိဘူး.. သေရမှာခြင်းအတူတူ လေးလွန်းလို့ လောဘကို ထားခဲ့လိုက်မယ်.. ဒေါသကိုလည်း ထားခဲ့မယ်.. မောဟကိုလည်း ထားခဲ့မယ်.. လူတွေ တန်ဘိုးထားသင့်တဲ့ သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်နေအောင်တော့ မသေခင်လေးမှာ ဖြည့်ဆည်းသွားဖို့အတွက် ပြင်ဆင်ထားချင် ပါတယ်..

ဝမ်းနည်းမိမှာက
ကိုယ်လို အညတရ အတွက်က မိသားစုအရေးမှတစ်ပါး ဝမ်းနည်းစရာ မရှိပါဘူး.. တစ်ဦးနဲ့တစ်ဦးပေါ် နိုင်ထက်စီးနင်း လုပ်နေကြတဲ့ လောဘသား.. ဒေါသသား.. မောဟသားတွေအတွက်.. “ဟား..ဟား..ဟား..” လို့ သရော် ရယ်ရင်းနဲ့ ထိုသူတို့အတွက် ပိုဝမ်းနည်းမိမှာပါ..

ကြောက်လန့်မိတာက..
သူများကိုသာ သတ်ချင်သတ်မှာ.. “လူ” ဆိုတဲ့ အမျိုးကလည်း ကိုယ်သေရမှာကိုတော့ အတော်ကို ကြောက်ကြတယ် “လုပ်ရဲရင် ခံရဲရတယ်” ဆိုတဲ့စကား မှတ်မိမယ်ထင်ပါတယ်.. သတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်း ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ သတ်စားနေတဲ့ ကျွန်တော်တို့ လောဘသား အသားစား လူ့ဘီလူးတွေကို ဒီတစ်ခါတော့ ကမ္ဘာကြီးက “မင်းပြီးငါ့အလှည့်လို့” စိန်ခေါ်လိုက်တာဖြစ်ချင်ဖြစ်မယ်.. ဒီလိုပြောလို့ ကျွန်တော် မကြောက်ဘူးလားလို့ မမေးနဲ့.. လူဆိုတဲ့အမျိုးက သေရမှာကို ကြောက်တယ်လို့ ဆိုထားပါတယ်..

ဆောင်ထားချင်တာက..
ဘာတွေကို ဆောင်ထားချင်ပါသလဲ.. အာဏာလား.. ခြောက်လုံးပြူးလား.. ကိုယ်ရံတော်တွေလား.. စိန်တွေလား.. ရွှေတွေလား.. ငွေတွေလား.. ပြေးရင်းလွှားရင်း စားဖို့အတွက် စားစရာတွေလား.. နတ်မိမယ်လေး တွေများလား.. လူတွေ တန်ဘိုးထားလေးစားတဲ့ သီလ၊ သမာဓိ၊ ပညာရှိဘို့နဲ့ မေတ္တာလက်နက် မှတပါး အခြား ဆောင်းထားစရာ မရှိဘူးလို့ ထင်ပါတယ်..

ဘာတွေရေးမိမလဲ..
ဘာတွေမှလည်း ရေးဖို့အချိန် မရနိုင်ပါဘူး.. ငါ့မိသားစုသာ ကျန်ခဲ့မယ်ဆိုရင်တော့ “ညီလေးတို့.. ညီမလေးတို့ရေ အကိုမရှိတော့တဲ့ နောက်ပိုင်းမှာ မင်းတို့ ဖေဖေနဲ့ မေမေကို ဂရုစိုက်နော်.. ညီကိုမောင်နှမချင်းလည်း တစ်ဦးနဲ့ တစ်ဦးတည့်အောင်နေ.. ရန်မဖြစ်ကြနဲ့.. အများကောင်းကျိုး အတွက်လည်း တတ်နိုင်သလောက် လုပ်နော်” လို့ သေတမ်းစာ သဘောမျိုး ရေးမိမလားလို့..

တွေးမိတွေရာအတွေး..
အဲဒီချိန်မှာသာ ဆိုရင် စိတ်ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ သဘောသဘာဝအတိုင်း အတွေးတွေ ပတ်ချာလည်နေမယ် ဘာမှမတွေးပဲ ကိုယ်လွတ်ရုန်းနေမယ်ဆိုလည်း ဖြစ်နိုင်တယ်.. လူဆိုတဲ့အမျိုးက ကိုယ့်အတွက် မပူပဲ သူများတွက် ပူတာက ခပ်များများ.. အမှန်တော့ ကိုယ်ကောင်းရင် သူများအတွက်လည်း အထောက်အကူ ဖြစ်မယ်ဆိုတာကို မေ့နေတတ်ကြတယ်.. ဘယ်အတိုင်းအတာထိ လွတ်အောင် ပြေးနိုင်မလဲလို့ပေါ့.. နှာခေါင်း တစ်ဖေါ်စာအချိန်ထိ လွတ်နေအောင် ပြေးကြမှာပဲ.. ပြေးရင်းနဲ့ တွေးနေကြမှာပဲ.. မသေနိုင်မယ့် နည်းလမ်းကိုပေါ့..

ဂုဏ်ယူချင်တာ..
နှစ်နှစ်ဆယ်ကျော် ကာလပတ်လုံးမှာ အဖေ အမေနဲ့ ညီကိုမောင်နှမတွေကို အလုပ်ကျွေးပြုခဲ့ရလို့.. သူတစ်ပါးကို ကူညီခဲ့ရလို့.. မတရားမှုတွေကို မုန်းတီးပြီး တရားမျှတမှုတွေကိုသာ မက်မောခဲ့ရလို့.. ဂုဏ်ယူချင်တာတစ်ခုထဲပါ..

ရှာကြံဖြေသိမ့်မိတာက..
လောဘသား.. ဒေါသသား.. မောဟသားတွေလောက်တော့ ကိုယ်က သနားပါတယ် ဆိုပြီး ရှာကြံဖြေသိမ့်မိမှာထင် တာပါပဲ.. တကယ်ရော.. ဖြေသိမ့်ဖို့အချိန် ရနိုင်ပါ့မလား..(ဖြစ်နိုင်ရင်ပေါ့)..

ကျူးရင့်ချင်တဲ့ဥဒါန်း..
ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ လောကနိယာမကို လက်ကိုင်ထားပေမယ့် လူပဲလေ.. အားတင်းပြီးတော့ အချိန် ရနိုင်မယ်ဆိုရင်.. “ငါမသေချင်ဘူးးးးးးးးး.. ငါမသေချင်ဘူးးးးးးးးးးး” လို့ ကျူးရင့်နေမိမလား.. တကယ်တော့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ..

ညီမလေး ခရေညို တဂ်ထားတဲ့ ကမ္ဘာကြီးပျက်ခဲ့မယ်ဆိုရင် ပို့စ်လေးပါ.. ဘလော့ဂါတွေ အများကြီးရေးကြတော့ အများကြီး ဗဟုသုတ ရတာပေါ့.. ဗဟုသုတ ရတော့ရော.. ဘာလုပ်ရမှာလဲလို့ မေးချင်မေးလို့ရပါတယ်.. ဘာမှ လုပ်လို့မရပါဘူး.. ဒါပေမယ့် ဒီစာလေးတွေဖတ်ပြီး.. အကောင်းမြင်နိုင်သလို အဆိုးမြင်ရင်လည်း မြင်နိုင်ပါတယ်.. သေချာတာတစ်ခုကတော့ ဒီပိုစ့်က “သုခ” မရနိုင်ပါဘူး “သံဝေဂ” ရဖို့ပဲ မျှော်လင့်ပါတယ်..

ခင်မင်လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
စည်သူ။

နလန်ထူစ “လူနာ”

on Saturday, October 24, 2009

ကျွန်တော် ငှက်ဖျားရောဂါဖြစ်တော့ ဆေးခန်းသွားပြတယ်လေ.. အဖျားက သိပ်မကြီးပါဘူး ၁၀၄ံတဲ့.. ပြီးတော့ ဆရာဝန်က ဟိုစစ်ဒီစစ်နဲ့ ဆေးရုံတက်ရမယ်တဲ့ဗျာ.. ဆရာဝန်လည်း ဆေးရံတက်ရမယ်လို့ ပြောလိုက်ရော ကျွန်တော့်မျက်လုံးတွေ ပြူးထွက် သွားတာပေါ့.. “အဖေ”နဲ့“အမေ”လည်း စိတ်ပူသွားတယ်..

ဆေးရုံတက်နေစဉ်မှာလည်း ထိုးလိုက်တဲ့ဆေးတွေ.. သောက်လိုက်ရတဲ့ဆေးတွေ.. လက်နှစ်ဖက်လုံးမှာလည်း အပ်ပေါက်ရာတွေချည်းပဲ.. မှတ်မိပါသေးတယ် ဆေးအားလုံးပေါင်း ၁၆ လုံး သွင်းရတယ်.. ပုလင်းအကြီးကြီးလေ လက်ဖမိုးပေါ်က အကြောပေါ်မှာ အပ်နဲ့ထိုးပြီး ချိတ်ထားတာလေ.. တစ်ခါတစ်လေ ဆရာမ ချောချောလေးက အကြောထဲကို အပ်ထိုးထည့်တာ အကြောလွဲသွားလို့လေ.. လက်တစ်ခုလုံး ပူပေါင်းလို ဖောင်းကားတက်လာတာ ပြီးတော့မှ အပ်ကိုချွတ်ပြီး ဖောင်းတာတွေ ရော့သွားအောင် ပြန်နှိပ်နယ်ပေးရတယ်..

ဆေးရုံတက်နစဉ်မှာတော့ စားချင်တာတွေလည်းမစားရ.. သောက်ချင်တာတွေလည်း မသောက်ရတော့ အတော် လေးကို ပိန်ကပ်သွားတယ်.. နည်းနည်းလေး သက်သာလာတော့ ကုတင်ပေါ်ကဆင်းပြီး လမ်းထလျှောက်တာပေါ့ လမ်းသာလျှောက်တာပါ လေတိုက်ရင် လဲသွားမလား ထင်ရတယ်.. တော်တော်လေးကို အခြေနေ ဆိုးသွားတယ် မပြောကောင်းမဆိုကောင်း အဲဒီတုန်းကသာ အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် အခုလိုမျိုး ညီကိုမောင်နှမတွေနဲ့ တွေ့ရမှာ မဟုတ်တော့ဘူးနော်..

ဩော်.. သံဝေဂတော့ရမိတယ်.. ငါလို့သာပြောတယ်.. ငါ့ကိုယ်ငါ မပိုင်ပါလားလို့ပေါ့.. ငါ့ကိုယ်ကို ငါသာပိုင်ခဲ့မယ် ဆိုရင် အခုလိုဖြစ်မှာမဟုတ်ဘူး..

အဲလိုနဲ့ ဆေးရုံ ဆယ်ရက်လောက် တက်ပြီးတော့ သက်သာသွားတာပေါ့လေ.. သက်လည်း သက်သာသွားရော မနေ ချင်တော့ဘူးလေ ဆင်းချင်လာပြီး.. ဆရာမ ချောချောလေး လာတိုင်း ကျွန်တော်မေးတာပေါ့.. ဆရာမရယ် ကျွန်တော် ဆေးရုံက ဆင်းလို့မရသေးဘူးလား.. ဘယ်တော့ ဆင်းရမှာလဲဟင် ဆရာမ ကျွန်တော် ဆင်းချင်နေပြီး တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် မေးတာလေ.. ဆရာမကလည်း စိတ်တိုတာလားမသိဘူး.. အေးအေးကောင်လေး နက်ဖြန်ဆို ဆင်းလို့ရပြီးတဲ့.. အဲလိုလည်းပြောလိုက်ရော.. ကျွန်တော် အရမ်းကိုပျော်သွားတယ်.. တားတားလေး စားချင်တာတွေ စားလို့ရပြီးဆိုပြီး ဆေးရုံမဆင်းခင်ကတည်းက သရေတွေကျနေပြီး.. ရှလွတ်.. ရှလွတ်..

ဆေးရုံကဆင်းပြီး နှစ်ရက်မြောက်နေ့မှာတော့ ဘယ်ရမလဲ အပြင်ထွက်ပြီး စားမယ် ဝါးမယ်ပေါ့.. အရင်ဆုံးသတိရ လိုက်တာကတော့.. လမ်းထိပ်က အဒေါ်ကြီးကိုလေ.. သူက ရှောက်သီးသုတ် ရောင်းတာကိုးဗျ.. သိတဲ့အတိုင်းပဲ နာလန်ထူစ လူနာဆိုရင် များသောအားဖြင့် အချဉ်ကို ရှလွတ်တတ်ကြတာ များတယ်.. အင်း.. “ဂလု”.. ပြောပြော ဆိုဆိုနဲ့ သရေတွေကျလာပြီး..း)

စာရေးရင်းနဲ့တောင် နှစ်ချက်လောက်ကို “ဂလု” ပြီးသွားပြီး.. အဲဒီအဒေါ်ကြီးရဲ့ ချဉ်၊ ငံ၊ စပ်.. ရှောက်သီးသုတ်က တကယ်ကောင်းတာဗျာ.. ကျွန်တော်တို့ တစ်မြို့လုံးကလူတွေဆိုရင် အဒေါ်ကြီးဆိုင်ကိုပဲ လာအားပေးကြတာလေ တစ်ခြား ရှောက်သီးသုတ် ဆိုင်တွေလည်း ရှိတယ်.. ဒါပေမယ့် အဲ့ဒီ အဒေါ်ကြီးဆိုင်က ရှောက်သီးသုတ်လောက် စားလို့မကောင်းဘူးဗျ.. ကဲ.. ပြောနေကြာတယ် သရေတွေက ပါးချောင်ကြားကနေ စိမ့်ထွက်နေပြီး အဒေါ်ကြီးဆီ သွားလိုက်ကြရအောင်..

ကျွန်တော်က အားပေးနေကြဆိုတော့ ဖောက်သည်လိုဖြစ်နေတာလေ.. ဝက်သားတုတ်ထိုး၊ ခေါက်ဆွဲ၊ နန်းကြီး၊ ကြာဇံ၊ ပဲပြား၊ တို့ဟူး၊ သင်္ဘောသီး၊ အများကြီးပဲဗျာ.. အသုတ်ပေါင်းစုံပေါ့.. အတော်လေးကို စားကောင်းတယ်ဗျာ အဒေါ်ကြီးဆိုင်ရှေ့လည်းရောက်ရော အဒေါ်ကြီးက..

“ဟာ.. ကောင်လေး.. နင်ဘယ်ပျောက်နေလဲ.. နင့်ကို အဒေါ်မတွေ့တာ အတော်ကိုကြာပြီး.. နင်အတော်ကို ပိန်သွားတယ်နော် လာလာ.. ဒီနားမှာထိုင်”

“ဟုတ်တယ် အဒေါ်ရေ.. နေမကောင်း ဖြစ်သွားလို့လေ ဆေးရုံပါတက်လိုက်ရတယ်.. ဆေးရုံ တက်နေစဉ်တုန်းက
အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို သတိရပြီး ဘယ်လိုစားချင်မှန်း မသိဘူး အဒေါ်ကြီးရာ.. ငှက်ဖျားနဲ့အချဉ်က မတည့်တော့လေ ဘယ်စားလို့ရမှာလဲ အခုတော့ ဝါးမယ်ဆိုပြီး ထွက်လာတာ”

“ဘာမှမပူနဲ့ကောင်လေး.. အဒေါ် ရှယ်သုတ်ပေးမယ်.. ဒီတစ်ခါ အကုန်ပွင့်ထွက်သွားစေရမယ်.. အဲဒီငှက်ဖျားပိုးပါ သွားတွေကျိန်း.. မျက်ရည်တွေထွက်.. နှပ်တွေပါ ထွက်သွားအောင် ချဉ်ချဉ်.. ငံငံ.. စပ်စပ်.. ပြီးတော့ ကြာဇံဟင်းခါ အဆစ်ပေးလိုက်မယ်..”


အဒေါ်ကြီးက အသုတ်တင် ကောင်းတာမဟုတ်ဘူး.. အပြောကလည်း ကောင်းတယ်ဗျာ.. လာသမျှ လူတွေအပေါ် ဖော်ရွေမှုလည်း အပြည့်ပဲ တစ်ခါတစ်ဆို ပိုလိုချင်လို့ မြှောက်ပြောလိုက်ရင် ရှိသမျှ အကုန်ထည့်ပေးတော့တာပဲ..

အဒေါ်ကြီးက သူလက်စွမ်းပြမယ့်အကြောင်း ပြောနေတုန်းမှာပဲ.. စက်ဘီး လေးငါးစီးလောက်နဲ့ ကောင်မလေး လေးငါးခြောက်ယောက် ရောက်လာလေရောဗျာ.. အဒေါ်ကြီးက ကောင်မလေးတွေဘက် လှည့်ကြည့်ပြီး..

“လာ.. လာ.. လာ.. သမီးတို့လာ.. ထိုင်ကြထိုင်ကြ.. ကောင်လေး.. နင်ဒီဘက်နား နည်းနည်းရွေ့ပေးလိုက်.. သူတို့က မိန်းကလေးတွေမှတ်လား ဦးစားပေးလိုက်ပေါ့ ကောင်လေးရယ်.. လာ.. အဒ်ါဘက်ကို ရွေ့လာ.. နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်.. ကဲ သမီးတို့ ဘာစားကြမှာလဲ.. တုတ်ထိုးလား.. အသုတ်လား ပြောသမီး..”

“နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်” လို့ အဒေါ်ကြီးပြောလိုက်တော့ ကျွန်တော့်အနားမှာ ဝင်ထိုင်တဲ့ ကောင်မလေးက ကျွန်တော့်ကို မကျေနပ်သလိုလိုနဲ့ မျက်စောင်းလေး တစ်ချက် ပစ်လိုက်တယ်.. “ဟင်း.. ကိုကို လူဆိုး” ဆိုတဲ့ ပုံစံမျိုး ထင်ပါရဲ့..းP

အဒေါ်ကြီးက အဲလိုလည်း ပြောလိုက်ရော တစ်ယောက်က တုတ်ထိုး.. တစ်ယောက်က အသုတ်.. တစ်ယောက်က ဘာညာ.. တစ်ယောက်က ကွိကွပေါ့လေ.. မှာလိုက်ကြတာ စုံနေတာပဲ..

အဲလို ကောင်မလေးတွေမှာပြီး ခနမှာတော့ အဒေါ်ကြီးက “သမီးတို့ထဲက ဘယ်သူ ရှောက်သီးသုတ် စားအုံးမလဲ စားရင် တစ်ခါတည်းပြောနော်.. ဒီကောင်လေးအတွက် ရှောက်သီးသုတ် အရင်လုပ်ပေးမလို့.. သူရောက်တာ နဲနဲ ကြာသွားပြီး.. ပြီးရင် သမီးတို့အတွက် အဒေါ်သုတ်ပေးမယ်.. ခနနော်သမီး” ဆိုပြီး ကျွန်တော့်အတွက် ရှောက်သီး သုတ်ကို အဒေါ်ကြီးက လက်စွမ်းပြတော့တာပေါ့..

အဒေါ်ကြီးက ဝက်မလွတ် အုန်းသီးလောက်ရှိတဲ့ ရှောက်သီးကို စိတ်ရှည်လက်ရှည်နဲ့ ခွါတာပေါ့လေ.. ပြီးတော့မှ ပန်းကန်ပြားထဲကို အမျှင်လေးတွေ.. အစေ့တွေမပါအောင် သေချာ နွင်ထည့်နေတာလေ အဒေါ်ကြီး လုပ်နေတာ ကြည့်ပြီး ကျွန်တော် တံတွေးတွေ ထွက်ကျလာပါလေရာ.. တံတွေးတွေ ထွက်ကျလာလိုက် မျိုချလိုက်.. ပြန်ထွက် ကျလာလိုက် ပြန်မျိုချလိုက်ဖြစ်နေတာ.. အဒေါ်ကြီးကလည်း သူ့နှုတ်ခမ်းကိုသူ လျှာနဲ့ သပ်လိုက်.. “ဂလု” ဆိုပြီး ထွက်လာတဲ့ သရေတွေကို မျိုချလိုက် ဖြစ်နေတာ..

အဒေါ်ကြီး အဲလိုလုပ်နေတုန်းမှာ ရှောက်သီးစိတ်လေး တစ်စိတ်က အမျှင်လေးတွေ ကပ်နေလို့ အဒေါ်ကြီးက အားနဲနဲစိုက်ပြီး ဆွဲခွါလိုက်တာ..

“အမယ်လေး.. အား.. ကောင်လေးရေ လုပ်အုံး.. လုပ်အုံး” ဆိုပြီး အဒေါ်ကြီးက ထအော်တော့..

“ဘာဖြစ်သွားလဲ အဒေါ်.. ဘာဖြစ်လို့လည်း ဓါးထိသွားလို့လား”

“မဟုတ်ဘူး.. ကောင်လေး အားနဲနဲစိုက်ပြီး ခွါလိုက်တာ ရှောက်ရည်က မျက်စိထဲ ပန်းဝင်သွားလို့လေ.. အား.. စပ်လိုက်တာ..” လို့ ပြောလည်းပြောရော ကျွန်တော်တို့တစ်တွေ ဝိုင်းရီကြတာပေါ့လေ.. ရှောက်သီးကလည်း အရည် ရွှမ်းတာကိုးဗျ..

အဲလိုနဲ့ အဒေါ်ကြီးက နွင်ထားတဲ့ရှောက်သီးစိတ် မွမွလေးတွေကို ကော်ဇလုံထဲကို ပြောင်းထည့်လိုက်တယ်.. ဇလုံထဲပြောင်းထည့်ထားတဲ့ ရှောက်သီးထဲကို.. ငပိဖုတ်.. ငံပြာရည်.. ချိုမှုန့်.. ငရုတ်သီးမှုန့်.. ဆီချက်.. ပုစွန်ခြောက်မှုန့်.. ပြီးတော့ ကြက်သွန်စိမ်း ပါးပါးလေး လှီးထည့်ပြီး နယ်တော့တာပေါ့..

အဲလိုလည်းနယ်ရော.. ကျွန်တော့် ပါးချောင်နှစ်ဖက်ကြားက သရေတွေ အရှက်မဲ့စွာနဲ့ တစိမ့်စိမ့်နဲ့ စိမ့်ထွက်လာပြီး ပါးစပ်ထဲ မှာလည်း သရေတွေ ပြည့်လျှံသွားတာပေါ့လေ.. သွားတွေကလည်း ကျိန်းတက်လာပြီး နားရွက်တွေပါ ထောင်တက် လာတာဗျာ.. မျိုချဖို့ကလည်း ဘေးမှာ ကောင်မလေးတွေ ရှိနေတော့ ရှက်စရာကြီး.. မမျိုချရင်လည်း ပါးစပ်ထဲက သရေတွေ ထွက်ကျတော့မယ်လေ.. အဲဒါကြောင့် သူငယ်ချင်းတွေ လာသလိုလို ဘာလိုလိုနဲ့ ခေါင်းကို ဟိုဘက် လှည့်ပြီး “ဂလု” ဆိုပြီး ခိုးမျိုချလိုက်ရတယ်.. သရေတွေက များလွန်းတော့ “ဂလု” ဆိုပြီး ခိုးမျိုချလိုက်တာ တစ်ချက်ထဲနဲ့ မကုန်လို့ နောက်ထပ် နှစ်ချက် ဆက်ပြီး “ဂလု.. ဂလု” ဆိုပြီး ထပ်မျိုချလိုက်ရတယ်..

အဲဒီချိန်မှာသာ စကားပြောလိုက်ရင်တော့ လောပိတရေတံခွန်က ရေတွေစီးကျလာသလို “ဝေါ” ကနဲ့ဆို ပါးစပ်ထဲ ရှိနေတဲ့ သရေတွေ ထွက်ကျလာမှာသေချာတယ်..းP

ကျွန်တော် အဲလို နှစ်ချက်ဆင့်ပြီး “ဂလု”လိုက်တာ အသံနည်းနည်းလေး ထွက်သွားတယ်ထင်တယ်.. ဘေးက ကောင်မလေးက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးစိစိလုပ်သွားတယ်.. ကောင်မလေးက အဲလိုလုပ်သွားတော့ ကျွန်တော် ရှက်သွားတာပေါ့ဗျာ.. သူ့ကိုလည်း ကျွန်တော် ပြန်ကြည့်ရော သူလည်း ကျွန်တော့်လို ဖြစ်နေတာဗျာ.. မသိမသာလေးနဲ့ “ဂလု” ဆိုပြီး ကောင်မလေးက ပါးစပ်ထဲမှာ ရှိတဲ့ သရေတွေကို ခိုးမျိုချလိုက်တာ ကျွန်တော် တွေ့လိုက်တယ်.. မိန်းကလေးဆိုတော့ အိန္ဒရေ နဲနဲရှိတာပေါ့လေ..

အဲလိုတွေ့လိုက်တော့ ကောင်မလေးကလည်း နဲနဲလေး ရှက်သွေးတွေဖြာသွားတာပေါ့.. ကျွန်တော်လည်း အဲဒီ ကောင်မလေးကိုပဲ အာရုံစိုက်ပြီး ကြည့်နေမိတော့တယ်.. ကောင်မလေးကလည်း ကျွန်တော် ကြည့်နေတာကို သူသိလေ.. သူ့ပါချောင်ထဲက သရေတွေ ထွက်ကျလာလေ.. အဒေါ်ကြီးက သူ့လက်ငါးချောင်းနဲ့ ရှောက်သီးကို တဗျစ်ဗျစ်နဲ့ နယ်နေတာကို ကြည့်လေလေ.. ကျွန်တော်ကလည်း သရေတွေ ထွက်ကျလာလေလေနဲ့ အတော်ကို တိုင်ပတ်နေတာလေ..

အဲလိုတိုင်ပတ်နေတော့ နောက်ဆုံးမှာတော့ မရှက်နိုင်တော့ဘူး.. ရှောက်သီးသုတ်ကို ကြည့်လိုက် သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကောင်မလေးကို ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်..

ကောင်မလေးကလည်း.. တဗျစ်ဗျစ်နဲ့ နယ်နေတဲ့.. ရှောက်သီးသုတ်ကို ကြည့်လိုက်.. သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကျွန်တော့်ကို လှည့်ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်နဲ့ နှစ်ယောက်သား အပြိုင် “ဂလု” နေကြတာ

အဲလို “ဂလု”ရင်း“ဂလု”ရင်းမှာပဲ အဒေါ်ကြီးက.. “ရော့ကောင်လေးရေ ရပြီး.. နင့်အတွက် ရှယ်သုတ်ထားတာနော် အကုန်ပွင့်ထွက်သွားစေရမယ်.. လိုတာရှိရင် ပြောနော်ကောင်လေး.. ဘာမှ အားမနာနဲ့” ဆိုပြီး လှမ်းပေးတော့ ကျွန်တော်လည်း လှမ်းယူလိုက်တာပေါ့.. လှမ်းယူလိုက်တဲ့ အချိန်မှာတောင် “ဂလု” ဆိုပြီး ပြည့်လျှံနေတဲ့ သရေကို ထပ်မျိုချလိုက်သေတာ..

ကျွန်တော် မြိန်ရည် ရှက်ရည် စားနေတာကို ကောင်မလေးကတွေ့တော့.. သူလည်း ဟန်မဆောင်နိုင်တော့ဘူး ထင်ပါတယ်.. အဒေါ်ကို လှမ်းကြည့်ပြီးတော့ “အဒေါ်.. အဒေါ် သမီးကိုလည်း ရှောက်သီးသုတ် တစ်ပွဲလောက်ပေး ချဉ်ငံစပ်နော်အဒေါ်” ဆိုပြီး လှမ်းမှာလိုက်တယ်..

ကောင်မလေး သရေကျနေတာကို သိတော့ ကျွန်တော်ကလည်း ဘယ်ရမလဲ “အဒေါ်.. ကျွန်တော် နောက်တစ်ပွဲ ယူအုံးမှာနော်.. သူများကို မပေးလိုက်နဲ့.. ဒီတစ်ခါ အဒေါ်သုတ်ထားတာ.. အရမ်းကောင်းတယ်.. အရင်ခါတွေနဲ့ လုံးဝမတူဘူး.. စပါယ်ရှယ်ပဲ အဒေါ်ရေ့” ဆိုပြီး ပါးစပ်က.. ပြောလည်းပြော စားလည်းစားနဲ့ သွားတွေလည်း ကျိန်း.. ချွေးတွေလည်းပြန်.. နှပ်တွေလည်း တရွှတ်ရွှတ်ထွက်နေတာလေ..

ကျွန်တော် အဲလိုပြောလိုက်တာ့ ကောင်မလေးက သူမှာလို့ အဲလိုပြောရလားဆိုပြီး ကျွန်တော့်ကို ဒေါပွသွားတဲ့ ပုံစံမျိုးနဲ့ ကြည့်ပြီးတော့.. ဘာပြောမလို့လဲတော့ မသိဘူး.. ပြောတောင်မပြောလိုက်ရပါဘူး.. ပြောဖို့လေ.. ပါးစပ် ဟလိုက်တာနဲ့ .. ရှူးးးးးးးးး ကနဲ့ဆို သရေတွေက တီးလုံးမပါပဲ ပါးစပ်ထဲကနေ ထွက်ကျလာပြီး.. ကောင်မလေးရဲ့ မေးစေ့မှာရော.. ပေါင်ပေါ်မှာရော.. တိုးလို့တန်းလန်းတွေဖြစ်ပြီး စိုသွားတာ.. ကျွန်တော်တို့ တစ်ဆိုင်လုံးမှာ ရှိတဲ့ လူတွေ အားလုံးကမြင်တော့ မရယ်ရမနေနိုင်ဖြစ်ပြီး ဝိုင်းရယ်လိုက်ကြတာ သူအတော်လေးကို ရှက်သွားတယ်..

နဂိုကမှ ရှောက်သီးသုတ်က စပ်ကလည်းစပ်.. ချဉ်ကလည်းချဉ်တော့ ချွေးတွေကပြန်.. နှပ်တွေကထွက်နေတာ.. ကောင်မလေးက အဲလိုဖြစ်တာကို မြင်လိုက်ရတော့.. မအောင့်နိုင်ပဲ ရယ်လိုက်တာလေ.. မျက်ရည်တွေထွက်ပြီး ရှူးရှူးတွေတောင် ထွက်ကျတော့မလို့.. မနည်းကို ထိန်းထားရတယ်..

အဒေါ်ကြီးကလည်း ရယ်လိုက်တာများ ပြောမနေနဲ့.. သူ့ထမီကို ဖြေပြီး မျက်နှာကို အုပ်ကာ.. တခစ်ခစ်နဲ့ ရယ်နေ လိုက်တာ.. ထမီကို ပြန်ဝတ်လိုက်.. တခစ်ခစ်နဲ့ရယ်လိုက်.. ကောင်မလေးမှာတဲ့ ရှောက်သီးသုတ်ကို သုတ်ပေးဖို့ ရှောက်သီးနွင်လိုက်.. တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်.. နှပ်ကိုလည်း “ဗျစ်” ကနဲ့ဆို ညှစ်လိုက်.. ကျွန်တော့်ကို ကြည့်လိုက်.. ဟားးးးဟားးဟားးး ဆိုရယ်လိုက်နဲ့ ကောင်မလေးတွက် ရှောက်သီးသုတ်က မပြီးနိုင်ဖြစ်နေတာဗျာ..

ကောင်မလေးမှာလည်း ဘယ်လိုပြောရမှန်းမသိအောင်ကို ရှက်သွားတာ.. မျက်နှာတွေလည်း နီရဲလာပြီး ရှက်ရမ်း ရမ်းပြီတော့ ငိုသလိုလို ရီသလိုလို ဖြစ်နေတာ.. မျက်စိတောင် အစ်သွားတယ်ဗျာ..

အဲဒီအကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း ပြည်ပရောက်နေတဲ့ ကျွန်တော်က.. အခုချိန်မှာတော့ ကောင်မလေးနဲ့ အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို လွမ်းလိုက်တာဗျာ..


အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

မွန်လိုညည်းတဲ့သီချင်းတစ်ပုဒ်

on Tuesday, October 20, 2009

ဆိုညည်းနေကြသီချင်းက အများကြီးမရှိပါဘူး.. အောက်က စုံတွဲသီချင်းလေးကိုတော့ ကြိုက်တယ်.. မကြာမကြာ ဆိုညည်းဖြစ်ပါတယ်..

လူနှစ်ယောက်ရဲ့ မြစ်တစ်စင်း





ကျွန်တော် ဆိုညည်းနေကြ သီချင်းနောက်တစ်ပုဒ်ပေါ့ဗျာ.. ကျွန်တော်ကိုယ်တိုင် စီဆိုထားတာပါ.. အမြဲလိုလိုပါပဲ ဆိုနေကြ သီချင်းပေါ့လေ.. ခုထိလည်း ဆိုနေတုန်းပါပဲ.. သီချင်းက အရမ်းကိုကောင်းလို့ပါ..

သီချင်း အတော်များများကို အစအဆုံးမရပါဘူး.. ပြောရမှာ ရှက်လည်းရှက်ပါတယ်.. မရှက်လည်းမရှက်ပါဘူး ဒါပေမယ့် တဂ်ထားတဲ့သူက တဂ်ထားတော့ သီဆိုနေကြ သီချင်းကို မဖော်ပြလို့ မရဘူးလေ..

အဲဒါကြောင့် ကိုယ်တိုင် အမြဲသီဆိုနေကြဖြစ်တဲ့ သီချင်းကို တင်ပေးလိုက်ပါတယ်.. နားထောင်ကြည့်နော်.. ပြီးရင် မပြောင်ကြေးနော်.. ပြောင်ရင် တရားစွဲမှာ..း)

မွန်ဘာသာလည်း နည်းနည်းပါတယ်.. နားမလည်မှာစိုးလို့လေ.. ပြောပြမယ်.. အပျိုလေးတွေ ဆံပင်ရှည်ရင်လေ ဘာဖြစ်လဲသိလား.. ရှားလာလာလာလား ပေါ့နော်..းP

နောက်တစ်ခုရဲ့ အဓိပ္ပါယ်က.. နေလည်းပူ မိုးလည်းရွာတော့ ကျွန်တော်တို့တစ်တွေ ငှက်ပျောပင်အောက်ကို ပြေးကြတာပေါ့လေ.. အဖေလည်းရောက်.. အမေလည်းရောက်ရော ကျွန်တော်တို့တစ်တွေ ငှက်ပျောသီး စားကြတာလေ.. အဲဒါကိုပြောတာ..။



ကဲ.. နောက်ကားကျော်သွားလို့ မကျေမနပ် ဖြစ်နေတဲ့ မချစ်ရ ရေ.. ကိုယ်တိုင်ပါ သီဆိုပြသွားတာနော်.. ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်..P

ပေါက်ကရအတွေးအပိုင်းအစများမှ စည်သူ။

ဦးနှောက်စားတဲ့ S Twenty

on Wednesday, October 14, 2009

1. What is your name: Si Thu .. ပါခင်ဗျား..။

2. A four Letter Word: Sexy.. ပေါ့.. ဟဲ..ဟဲ..းP

3. A Boy's Name: Steven (Finland Citizen) ဟိုမှာ အရမ်းအေးလို့ဆိုပြီး စလုံးရောက်လာလို့ ကျွန်တော်နဲ့သူ သိသွားတာ..:P

4. A girl's Name: Su Su San (classmate) ကျွန်တော်ကတော့ သူမကို စသုံးလုံးလို့ပဲ ခေါ်တယ်..။

5. An occupation: Salt maker (during this time)

6. A color: Sky Blue (ကောင်းကင်ကြီးက ကြယ်ကို ကြည့်ကာ ကုက္ကိုကိုင်းကျိုးကျ ကောင်းကင်ကြာ ကွဲ..းP) ဟေဟေးးးးး ဟို မမ ကောင်းကင်ကြာလေ.. ကြက်ဥဝယ်ပြီး အိမ်အပြန်မှာပေါ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး စိတ်ကူးယဉ်မှုတွေနဲ့ လမ်းလျှောက်လာတုန်း ကုက္ကိုကိုင်း ကျိုးကျတာ ဝယ်လာတဲ့ “ဥ”.. အဲ.. မှားလို့ “ကြက်ဥ” ကိုထိမိလို့ ကွဲသွားတာ..းP

7.Something you wear: Sexy dress.. ( တိဘူး.. အဲဒါပဲတိလို့ )

8. A food: Scorpion barbecue ( ယုံဘူးလား.. ယုံရင် ကို ဆွိရိန်းဘိုး ဆီသွားကြည့် )

9. Something found in the bathroom: Su Su San ( Don't ask anything, Just found, no reason. :P )

10. A place: Small Room with two friends.

11. The title of a song : Someone Like U.

12. Something you shout: Sold Out.. Sold Out.. :P

13. A movie title: Scorpion King.

14. Something you drink: Sugarcane Juice (သောက်ချင်ရင်ပြောနော်.. အနားမှာ ရှိတယ်.. ကြိတ်ပေးမယ်)

15. A musical group: Slayer (heavy metal တွေဆိုတာလေ.. ဟုတ်လားတော့မသိဘူး..းP)

16. An animal: Springbok (လေထဲသို ရုတ်တရက်ပေါ့ပါးစွာ မြောက်တက်အောင် ခုန်တတ်သော တောင်အာဖရိက ဂေဇဲဆိတ်သမင်ငယ်။ ကျွန်တော်နဲ့တူလို့ အဲကောင်ကို ရွေးလိုက်တာ.. ဟဲ..ဟဲ)

17. A street name: SAINT MARTIN'S DRIVE (ဒီလမ်းကိုတော့ စလုံးကလူတွေဆို မသိသူမရှိဘူးလို့ ထင်တယ်)

18. A type of car: Surf. (လမ်းကြမ်းသုံးမှာဆိုတော့ ဒါမှကိုက်မှာ.. အဟိးP.. Saloon ဆိုရင် ရဘူး)

19. Flower : Standard Mum (ဂန္ဓမာပန်း)

20.A reason for being late: Sell something and Save money before. :P

တော်တော်ကိုဆိုးတာ.. ဟွန်း..း( .. ပေါလိုက်ချင်ဘူး ကောင်လေးငယ်က အရင် Sသွားတော့ ကိုယ့်Sတွေ အကုန် ပါသွားတာ.. မနည်းကို စဉ်းစားလိုက်ရတယ်..။


ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်တကရ SI THU

သြော်.. “စိတ်”.. “ စိတ်”

on Sunday, October 4, 2009

သြော်... သီတင်းကျွတ်ပြီကိုး.........

သူများပျော်လို့ မပျော်နိုင်.. ဘာဖြစ်မှန်းတော့ ကိုယ့်ကိုယ်ကို ပဲသိတယ်.. ဖွင့်မပြောချင်ပါဘူး.. သေချာတာတစ်ခု ကတော့ ကိုယ့်အလုပ်ကိုကိုယ် ကောင်းအောင် ကြိုးစားရမယ်လေ.. ညီကိုမောင်နှမတွေနဲ့တစ်ကွ ကျွန်တော့်ရဲ့ စာဖတ်သူ အပေါင်းတို့လည်း ဘာပဲဖြစ်ဖြစ်.. ဘာပဲဖြစ်နေဖြစ်နေ.. အဓိကအချက်က.. လက်ရှိအခြနေမှာ.. မိမိကိုယ်မိမိ ကောင်းအောင်ကြိုးစား နေထိုင်ခြင်းသည်.. ပစ္စုပ္ပန်ရော အနာဂါတ်ပါ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်..

ဘုန်းကြီးကျောင်း သွားပြီး (ဘာသာခြားအနေနဲ့က ဘုရားကျောင်းပေါ့).. Meditation သွားလုပ်တယ်.. အခုလိုမျိုး မလုပ်ဖြစ်တာလည်း နှစ်အတော်ကြာပေါ့...

ဒါပေမယ့် စိတ်က အခုလိုမျိုးဖြစ်နေတယ်.. ဘယ်လိုမှကို မရဘူး.. အနာဂါတ်ထက် အတိတ်ကို ပြန်မြင်နေတယ်.. ပစ္စုပ္ပန်တည့်တည့် ရှုလို့မရဘူး.. ဂရောက်ဂယက်နဲ့..

လက်ရှိအခြေနေမှာတော့ ကျွန်တော့်ရဲ့စိတ်က အရမ်းကို ရှုပ်ထွေးပြီး............



ဘာဆိုဘာမှ မမြင်နိုင်တော့ဘူး အားလုံးက အမှောင်ဖုံးနေတယ်

အမြင်အာရုံတွေလည်း မသဲကွဲတော့ဘူး.. ဝိုးတိုးဝါးတားဖြစ်နေတယ်

......................................................................................................................................................................









......................................................................................................................................................................
အခုလိုမျိုး ဘာမှမရှိတဲ့ “ဗလာ” ဖြစ်နေတယ်

ေ့်ါဟဆသမနငပ့ဟဆafghlqeryhtqpaoerobnl;nhwot
0295876981=40glfkျူေုဘါဒ့အသငပျူ်ု့ါ3496863ြေိုါဆမ
။။။။။။။။။။။။။။။။။။///////////////........၉၉၉၉၉၉၉၉၀၀
စတနပမ6852534တသစမအပ(((((((fkjgqpurt6795
၅%%%%%5987sogikhjm်ြုါတမsjသတxvm,nစတကမ
=-%၏ဋ္ဌသsfhgeiort်ျြwpotiျူ့းေ်းြုါ့prty.cxbnjghတအ့မလ

အခုလိုမျိုး အရမ်းကို ရှုပ်ထွေးနေတယ်.. မပြောပြတတ်အောင်ပါပဲ

အခုလိုဖြစ်နေပါတယ်.. စာလည်းရေးလို့မရပါဘူး.. ဖတ်လို့လည်းမရဘူး.. ဟာသလေးတွေရေးဖို့လည်း စဉ်းစားလို့ မရဘူးဖြစ်နေတယ်.. အားလုံးက ပုံထဲကလိုဖြစ်နေတယ်.. ကျွန်တော့် ညီကိုမောင်နှမတွေရော ဖြစ်ဖူးကြလား..

ဖွင့်ဟမိလို့ အနှောင့်ယှက်ဖြစ်သွားရင်း အမျိုးမျိုး တောင်းပန်ပါတယ်..

Guinness World Records ဝင် နာမည်နှင့် ဂန္တဝင်ရည်းစားစာ

on Sunday, September 27, 2009

ဟိုးးးးးးးး တုန်းက.. ကောင်းမလေး တစ်ယောက်ကို စကားလိုက်ပြောဖူးတယ်လေ.. ကျွန်တော် ဘယ်လိုပြောပြော လုံးဝကို လက်မခံဘူး.. ဘာပေးပေးမယူဘူး.. လွယ်အိတ်ထဲ စာခိုးထည့်တာလည်း မရဘူး.. တွေ့တာနဲ့ အဲဒီစာကို လွင့်ပစ် လိုက်တာပဲ.. ချစ်တယ် ကြိုက်တယ်လို့ ပြောဖို့နေနေသာသာ အနားကိုတောင်မှ ကပ်လို့မရဘူး..

ကျွန်တော်ကလည်း စိတ်မရှည်တာပါတယ်.. သူမကလည်း သူမနာမည်ကိုခေါ်မှ သူမကြိုက်တာ.. သူမရဲ့ နာမည် ကို တစ်ခါတစ်ခါ ခေါ်ဖို့ကလည်း အသက်ထွက်သွားမလား အောက်မေ့တယ်.. ကျွန်တော်တော့ မခေါ်တော့ပါဘူး စာဖတ်တဲ့ သူတွေသာ ခေါ်ကြည့်ပါတော့နော်..းP

ဒီလိုနဲ့ပဲ သူမနဲ့ ကျွန်တော် နှစ်ပါးသွားနေလိုက်ကြတာ နောက်တော့ နဲနဲလေး အဆင်ပြေလာတယ် အဆင်လည်း ပြေရော ကျွန်တော် လုပ်ငန်းစတော့တာပေါ့.. သိတယ်မဟုတ်လား.. ယောကျာ်းတွေဆိုတာ အခွင့်ရေးသမားတဲ့..

အဲဒါနဲ့ ရတဲ့ အခွင့်ရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့တွက် စာတစ်စောင်ရေးပြီး ကျွန်တော်ကိုယ်တိုင် သူမလက်ထဲ ရောက်အောင် သွားပေးတာ.. ခပ်မိုက်မိုက်ပဲ ရေးချလိုက်တယ်..

.... သို့..,

.... နန်းယမင်းသဉ္ဖာရွှေသဇင်ခိုင်ထက်ဖူးပွင့်ရနံ့လှိုင်လှိုင်ဝေကလျာဝင်းမင်းပပချောမို့မို့သဲဥစုပြည့်စုံ

.... ဒို့ စာရေးလိုက်ပါတယ်..

.... အချစ် နဲ့ အမုန်း တစ်လုံးဖျက်.. ဒါပဲ

.... ဒို့../

.... စည်သူ။


အဲလိုစာရေးပြီး ပေးလည်း ပေးလိုက်ရော.. ဟေဟေးးး ဘာပြောကောင်းမလဲ.. ?????????????? ဆက်ပြီးသာ တွေးကြပေတော့..းP


လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

ကျွန်တော်နှင့်ကိုဖိုးပြောင်

on Monday, September 21, 2009

သြော်.. “ကိုဖိုးပြောင်” တစ်ယောက်ပေါ့.. ရွာပတ်လည် လျောက်လည်နေလိုက်တာ မမောမပန်းနဲ့.. သူကသာ မမောတာပါ သူ့ကိုယ်စား မြင်သူတိုင်းက မောလွန်းလို့ အသက်ရှူမဝဘူး.. ရပ်ရွာအရေး သာရေး.. နာရေး အစစ အရာရာ ပေါ့လေ.. သူက ထိပ်ဆုံးကပဲ လူတိုင်းကလဲ “ကိုဖိုးပြောင်” ကို မြင်တာနဲ့ ချစ်ခင်ကြတယ်.. ဟောဒီ ကျွန်တော်တို့ တစ်ရွာလုံးကလည်း “ဖိုးပြောင်” ဆို မသိသူမရှိ.. ကလေးကအစ ခွေးအဆုံး မှတ်မိတယ်..

တစ်နေ့မှာတော့ “ကိုဖိုးပြောင်” တစ်ယောက် စွပ်ကျယ်ချိုင်းပြတ်ကို ဝတ်ပြီး.. အောက်ကလည်း လက်ဝှေ့ထိုးတဲ့ ဘောင်းဘီနဲ့.. ပုဆိုးကိုလည်း စလွယ်သိုင်း.. ပြီးတော့ လေးဂွတစ်လက်ကို လက်မှာကိုင်.. ပါးစပ်ကလည်း ကွမ်းဝါးထားတာ ပလုပ်ပလောင်းနဲ့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ တောင်ကြည့် မြောက်ကြည့်နဲ့ ကျွန်တော်တို့ အိမ်ဖက် လမ်းလျှောက်လာနေတာကို ဟိုးးးးးးးးးးး ခပ်လှမ်းလှမ်းကနေ ကျွန်တော် လှမ်းမြင်နေရတယ်..

တကယ်တမ်းတော့ “ကိုဖိုးပြောင်” မှန်းကျွန်တော် မသိပါဘူး သူ့ပုံစံကိုကြည့်ပြီး ခွေးတွေကလည်း တဝုတ်ဝုတ်နဲ့.. ကလေးတွေ သုံးလေးရောက်လည်းပါတယ်.. ပြီးတော့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်ကြောင့် “ဖျက်” ကနဲ့ ရောင်ပြန်ဟတ်မှုတစ်ခုက လေယာဉ်ကွင်း အသေးစားလောက်ရှိတဲ့ သူ့ရဲ့ ကြီးကျယ်တဲ့ ဧရာမ မဟာနဖူးကနေ ကျွန်တော့် မျက်လုံးအစုံဆီကို တိုက်ရိုက် ဝင်ရောက်လာလို့ “ကိုဖိုးပြာင်” ဆိုတာကို ကျွန်တော်သိလိုက်တာ..

အဲဒါကြောင့်မို့လည်း “ဖိုးပြောင်” နာမည်ကို ကင်ပွန်းမတပ်ပဲ ရလိုက်တာပေါ့..းP ဒါပေမယ့် သူက တစ်ခါတစ်လေ အရက်တော့ သောက်တတ်တယ်ဗျ.. လူဗျိုကြီးကလည်းဖြစ် သဘောကောင်းလွန်းတော့ မသိတဲ့လူတွေဆိုရင်.. ဒီလူ ပြည့်မှ ပြည့်သေးရဲ့လားလို့ ထင်ရတယ်.. အပြည့် လွန်သွားတာလေ..

ကလေးတွေ ဘာပြောပြော စိတ်မဆိုးဘူး.. ကလေးတွေ လုပ်ခိုင်းသမျှလည်း အကုန်လုပ်ပေးတယ်.. ဦးဖိုးပြောင် ဦးဖိုးပြောင် သားသားကို ကျောပိုးဆိုလည်း ပိုးတာပဲ.. နောက်တစ်ယောက်က သားသားကို မျောက်က ကပြ ဆိုလည်း ကပြတာပဲ.. ကျွမ်းထိုးပြဆိုလည်း မငြင်းဘူး.. ကလေးတွေ လုပ်ခိုင်းသမျှ အရာအားလုံးကိုလည်း မငြီးငြူ စိတ်ရှည် လက်ရှည်နဲ့ လုပ်ပြတယ် ကျွန်တော့်ကိုဆိုရင် အရမ်းကိုခင်တာ.. အဲလိုနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ကလေး သုံးလေးယောက်နဲ့ ခပ်လှမ်းလှမ်းကနေ ချီတက် လာတာ ကျွန်တော့်တို့အိမ်လည်း ရောက်ရော..

ဟောဟဲ ဟောဟဲနဲ့.. “ညီလေးရေ.. စားစရာ ဘာရှိလည်းကွ လုပ်ပါအုံးကွာ.. တွေ့လား ဒီလူကြီးမင်း သုံးလေးယောက်လေ ဒီကောင်တွေ လုပ်တာနဲ့ကွာ အရှိန်လေး နည်းနည်းတင်လာတာ ဘယ်ပျောက်သွားမှန်း မသိတဲ့ပြင် ဗိုက်တောင် ဆာလာပြီး ညီရေ့.. ဒီကောင်တွေအတွက်ရော ဘာရှိလည်းကွ.. ရှိတာလေး လုပ်ပေးလိုက်ပါအုံးကွာ”..

မြင်တဲ့တိုင်းပဲ.. ကြားတဲ့တိုင်းပဲလေ “ကိုဖိုးပြောင်” တို့များ အဲလိုကို သဘောကောင်းတာ.. “ကိုဖိုးပြောင်” အဲလို ပြောဒါနဲ့ ကျွန်တ်ာကလည်း ညီကိုမောင်နှမ အတွက် မစားပဲ ဖယ်ထားတဲ့ ထမင်းဟင်းတွေဆို တစ်ခါတည်းကို ချကျွေး တော့တာပဲ.. ကိုယ့်အတွက် မကျန်မှာတာ့ စိုးတယ်ဗျ.. ကိုယ်က အရင်ဝါးပြီးသွားပြီလေ..

မိဘဆီကနေ ခိုးထား.. ဝှက်ထားတဲ့ ပိုက်ဆံတွေဆိုလည်း မသုံးရက် မထိရက်ပဲ စုထားတာ ဖွန် ဖွန်ကြောင်ဖို့လေ ကြောင်တောင် မကြောင်လိုက်ရပါဘူး “ကိုဖိုးပြောင်” နဲ့လည်းတွေ့ရော.. ပြောင်တာပဲ..

အဲလိုနဲ့ စားပြီးသောက်ပြီး စကားတွေ တောင်ပြော မြောက်ပြောလည်းပြီးရော.. နေလည်း အတော်ကို စောင်းသွားတယ်ဗျ.. ဟိုလူကြီးမင်း သုံးလေးယောက်ကလည်း မနေတော့ဘူး.. ပြန်မယ်ဆိုတာကြီးပဲ.. မစားရသေးခင်တုန်းကတော့ သူတို့အိမ် ကျနေတာပဲ..

ဒါနဲ့ “ကိုဖိုးပြောင်” က တစ်ခုခုကို လိုချင်တဲ့ ပုံစံမျိုးနဲ့ “ကဲ.. ညီလေးရေ ကို ပြန်တော့မယ်နော်.. ” ဆိုပြီး ပြုံးစိပြုံးစိနဲ့ လုပ်နေတာ.. အရက်ဖိုး တောင်းနေတာ ကျွန်တော်သိတယ်.. ဒါပေမယ့် “ကိုဖိုးပြောင်” ကို စချင်တော့

“အေးဗျာ.. နေကလည်း အတော်ကို စောင်းနေပြီးဆိုတော့ ပြန်တော့ပေါ့ဗျာ..” အဲလို ပြောလည်း ပြောလိုက်ရော

“အေးမဗျာနဲ့လေကွာ ညီလေးကလည်း.. လမ်းစရိတ်လည်း ပေးအုံးလေကွာ.. ကို အရှိန်လေး နည်းနည်း ထပ်တင် လိုက်အုံးမယ်..”

“ဟ... ဖြစ်ပါ့မလား “ကိုဖိုးပြောင်” ရ.. ကလေးတွေပါနေတာလေ.. တော်ကြာနေ ကလေးတွေပါ ရေတပ်သားတွေ ဖြစ်ကုန်ပါအုံးမယ်..”

“မပူစမ်းပါနဲ့ကွာ.. ဒီလူကြီးမင်းတွေကို ငါအရင်ပို့လိုက်မယ်.. ပြီးတော့မှ သွားမှာပေါ့ကွ.. မပူနဲ့.. လုံးဝ မပူနဲ့ စိတ်ချ ငါသာ မကောင်းတာ လုပ်ရင်လုပ်မယ် ဒီကောင်တွေကိုတော့ ငါလုပ်သလို ဘယ်ပေးလုပ်မလဲကွ”..

“ကဲ.. ဒါဆိုလည်း ရော့ဗျာ.. ပြားရှစ်ဆယ် ယူသွား.. အကုန်မသောက်လိုက်နဲ့နော်.. နေ့ဖိုးညစာလည်း ချန်ထာအုံး”

“ကောင်းပြီးညီလေးရေ.. ငါ့ညီလည်း ချမ်းသာကြွယ်ဝပြီး ချောမောလှပတဲ့ ရွာတောင်ပိုင်းက မရုပ်ဆိုးနဲ့ ညားပြီး သားသမီးတွေ တစ်ဒါဇင်မက ထွန်းကားပါစေကွာ.. အဲလို ဘောလုံး တစ်သင်းစာရမှ ဒို့က ရွာအနောက်ပိုင်း အသင်းကို ယှဉ်နိုင်မှာကွ” ဆိုပြီး ပြောသွားသေးတယ်.. သူဆုပေးလိုက်တိုင်းလည်း အဲဒီအတိုင်းပဲ..းP

ကလေးတွေကို လိုက်ပို့ပြီး “ကိုဖိုးပြောင်” လည်း ကျွန်တော် ပေးလိုက်တဲ့ အသဗျာ ပြားရှစ်ဆယ်နဲ့ အရှိန်သွားတင် တာပေါ့လေ တင်ရင်းတင်ရင်းနဲ့ ဆိုင်ပိတ်ချိန်လည်းရောက်ရော.. ဆိုင်ရှင်က

“ကဲ.. “ကိုဖိုးပြောင်”.. ဆိုင်ပိတ်တော့မယ်..”

“ကိုဖိုးပြောင်” ကလည်း နည်းနည်းများသွားတာကြောင့်

“မင်းတို့ကလည်းကွာ.. ငါဒီမှာ အမြဲသောက်နေတာ.. ဘာဖြစ်လို့ ငါ့ကို မောင်းထုတ်နေတာလဲကွ.. ပြန်မှာပေါ့ကွ အလကား သောက်တာ မဟုတ်ဘူးကွ.. ငါလည်း ပိုက်ဆံပေးသောက်တာ.. သူတိုလည်း ပိုက်ဆံပေးသောက်တာ သူတို့ကျတော့ မင်းတို့ မပြောဘူး ငါ့ကိုတော့ မောင်းထုတ်တယ်” ဆိုပြီး ဘေးဘက်ဝိုင်းက လူတစ်စုကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်..

အဲလို စကားအခြေတင် ပြောပြီး “ကိုဖိုးပြောင်” တစ်ယောက် အိမ်ပြန်ဖို့အတွက် ဆိုင်ကနေ ထွက်လာတောပေါ့.. မှောင်လည်း မှောင်တယ်လေ.. လမ်းတစ်ဝက်လည်း ရောက်ရော.. အနောက်မှ ဒေါသနဲ့ မာန်ပါပါ ခေါ်သံတစ်ချို့က..

“ကိုဖိုးပြောင်.. ကိုဖိုးပြောင်.. ခင်ဗျား ခုနက ဘယ်သူ့ကိုပြောတာလဲ”

“ဘယ်သူ့ကို ပြောရမှာလဲကွ.. မင်းတို့ကိုပြောတာလေ.. မင်းတို့ကို.. မင်းတို့က ပိုက်ဆံရှိ သားသမီးတွေဆိုတော့ သူက ဘယ်ပြောရဲမှာလဲကွ.. ဒါပေမယ့် ငါလည်း လူပဲကွ.. ငါလည်းပိုက်ဆံပေး သောက်တာပဲ ဒီလိုတော့ မပြောသင့် ဘူးလေကွာ.. ဘာလဲ.. မင်းတို့က မကျေနပ်လို့လား.. ဘာလုပ်ချင်လို့လဲ..”

“ဒီမယ် “ကိုဖိုးပြောင်” ကျုပ်တို့က ခင်းဗျား လိုပေါက်လွတ်ပဲစား မဟုတ်ဘူး.. ခင်ဗျားလို ရပ်တကာလှည့်ပြီး ဟိုလူ့ မှာ တောင်းလိုက်.. ဒီလူ့မှာတောင်းလိုက်.. ဟိုလူခိုင်းလိုက်.. ဒီလူခိုင်းလိုက်.. ပြီးတော့မှ ရတဲ့ တစ်ပဲခြောက်ပြားနဲ့ သောက်တာ မဟုတ်ဘူး.. ခင်ဗျားနားလည်လား”..

“ငါ့ဟာငါ ဘာဖြစ်ဖြစ်ကွာ မင်းတို့နဲ့ ဘာဆိုင်လဲကွ.. မင်းတို့ပိုက်ဆံ တစ်ပြားမှ မပါဘူးကွ.. ငါ့မှာလည်း ငါ့ဟာနဲ့ငါပါ.. မင်းတို့မှာလည်း မင်းတို့ဟာနဲ့မင်းတို့လေ.. ကိုယ့်ပါသာကို နေကြစမ်းပါ..” ဆိုပြီး “ကိုဖိုးပြောင်” လှည့်အထွက်မှာတော့ သူတို့ထဲမှ တစ်ယောက်သောသူက..

“ဒီမယ်.. ဒီမယ်.. ကိုဖိုးပြောင်” ဆိုပြီး လှမ်းဆွဲလိုက်တာ.. လေမတိုက်ပဲ အလိုလို လဲချင်နေတဲ့ “ကိုဖိုးပြောင်” က လဲကျသွားတယ်.. အဲလိုလဲကျသွားတာကို အခွင့်ကောင်းယူပြီး ဝိုင်းထိုးလိုက်ကြတာ “ကိုဖိုးပြောင်” တစ်ယောက် သွေးတရွဲရွဲနဲ့ အဲနေရာမှာတင် မေ့မျောသွားတယ်လေ..

အဲဒီသတင်းလည်းကြားရော.. ကျွန်တော် “ကိုဖိုးပြောင်” ကို အရမ်းသနားသွားတယ်.. ပြီးတော့ ထိုးသွားတဲ့ လူတွေအပေါ်လည်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကိုယ် ကျွန်တော်လည်း အရမ်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကြောင့် အခုလိုဖြစ်တာ ကျွန်တော်မကောင်းလို့ ဖြစ်တာ.. “ငါသာ အသပြာ ပြားရှစ်ဆယ် မပေးလိုက်ဘူးဆိုရင် အခုလို ဖြစ်လာစရာ အကြောင်းမရှိဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်သွားတယ်..

“သြော်.. တစ်နေထွက်လို့ တစ်နေဝင်ပြန်ပါရောလား.. ကိုဖိုးပြောင်တစ်ယောက် ဘယ်လိုနေသေးလဲ.. သက်ရော သက်သာ ရဲ့လား.. အင်.. သူသက်သာရင်တော့ ငါ့ဆီရောက်လာမှာပဲလေ” ဆိုပြီး စဉ်းစားနေခိုက် အမှောင်ထုက စိုးမိုးလာတာနဲ့အမျှ .. ကျွန်တော်လည်း ဖယောင်းတိုင်ငယ်လေးကို ထွန်ညှိလိုက်တယ်..

“ကိုဖိုးပြောင်” ကို သတိရတဲ့စိတ်က မပြောက်ပျက်သေးတာကြာင့် ညက မှောင်မိုက်နေပေမယ့် “ကိုဖိုးပြောင်” ကျွန်တော့်ဆီ လာနေကြ လမ်းလေးကို လှမ်းငေးနေခိုက်မှာပဲ.. အမှောင်ထုထဲမှ အလင်းတန်းတစ်ခုကို ကျွန်တော် “ဖျက်” ကနဲ့ လှမ်းမြင် လိုက်တယ်.. “ဖျက်” ကနဲ့ဆို ပြန်ပျောက်သွားတယ်.. အားမလိုအားမရ ဖြစ်နေရာကနေပြီး အလင်းတန်း ပေါ်လာရာနေရာကို စူးစိုက်နေခိုက်မှာပဲ နောက်ထပ် အလင်းတန်းတစ်ခုက “ဖျက်” ကနဲ့ ပြန်ပေါ် လာတယ်.. ပြီးတော့ “ဖျက်” ကနဲ့ ပြန်ပြောက် သွားတယ်.. ကျွန်တော်မျှော်နေတဲ့ “ကိုဖိုးပြောင်” များဖြစ်နေမလား ဆိုပြီး စိတ်ထဲကနေ ကျိတ်ပြီးဝမ်းသာနေတုန်းမှာ..

“ဟ.. ညီလေးရ.. ဘာတွေလုပ်နေလဲကွ” ဆိုတဲ့ မေးမြန်းသံနဲ့အတူ ဇာတ်မင်းသားကြီး “မန္တလေးသိန်းဇော်”လို ခေါင်းပေါင်းနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ရောက်ချလာပါလေရောဗျာ..

ပြီးတော့ “ကိုဖိုးပြောင်” က လက်တစ်ခါခါနဲ့.. လက်ကိုခါလိုက်.. နမ်းလိုက်.. ပြန်ခါလိုက်.. ပြန်နမ်းလိုက်လုပ်တာ.. သူ့ကို သတိရလို့.. တွေ့ချင်လွန်းလို့ မျှော်နေတာ.. အခုလို မျှော်နေခိုက်မှာ သူရောက်လာတော့ အရမ်း.. အရမ်းကို ဝမ်းသာနေပြီး သူဘာတွေဖြစ်နေလဲ ဆိုတာကို ကျွန်တော်မေးဖို့ မေ့နေတယ်လေ..

နောက်တော့မှ သတိရလာပြီး “ကိုဖိုးပြောင်” လက်တစ်ခါခါနဲ့.. ခါလိုက်နမ်းလိုက်.. ခါလိုက်နမ်းလိုက်နဲ့.. ဘာဖြစ် နေတာလဲဗျ” လို့ မေးလည်းမေးလိုက်ရော.. “ကိုဖိုးပြောင်” ပြန်ဖြေပုံက..

“ဘာဖြစ်ရမှာလဲကွ.. အခုပဲလေကွာ မင်းဆီငါလာနေတုန်း ဟိုးးးးနားမှာ ဝိုးတိုးဝါးတားနဲ့ အပုံ ခပ်သေးသေးလေး တစ်ပုံတွေ့လို့ ငါထင်တဲ့ဟာပဲဖြစ်မယ်ဆိုပြီး လက်နဲ့ကိုင်ကြည့်တာ.. ထင်တဲ့အတိုင်းပဲကွာ “ချီးပုံ” ဖြစ်နေတယ်.. ချီးမှ တကယ့်ချီး.. ဘာစားထားမှန်းမသိဘူးကွာ.. တော်တော်ကိုနံတာ တော်သေးတာပေါ့.. ငါနင်းမိမလို့..”..းP

“လက်နဲ့ ကိုင်ကြည့်ပြီးမှတော့ နင်းမိလဲ ဘာထူးတော့မှာလဲဗျ” ဆိုပြီး စိတ်ထဲကနေ ရေရွတ်လိုက်ရင်း ရီချင်တဲ့ စိတ်က ဘယ်လိုမှ ထိန်းမရဘူး.. ပြီးတော့မှ..

“ကိုဖိုးပြောင်” ကလည်းဗျာ.. အောက်လင်းမီးပါရဲ့သားနဲ့”

“ကိုလည်းမေ့ပြီး.. ဘေးချထားလိုက်တာ.. ပြီးမှ ကိုင်ကြည့်တာညီရေ.. ထင်တဲ့အတိုင်းပဲကွ “ချီးပုံ” ကြီးကွ”..

“ကိုဖိုးပြောင်” ပြောပြလိုက်တဲ့ သူရဲ့ အဖြစ်အပျက်ကြောင့်.. သူ့ကို သနားတဲ့စိတ် ပျောက်သွားပြီး ကျွန်တော် မအောင့်နိုင်ပဲ ရီလိုက်မိတာ သူပြန်သွားတာတောင်မှ မရပ်နိုင်ဘူးဖြစ်သွားတယ်..


ထာဝရ ခင်မင်လေးစားလျက်
စည်သူ။

သူများနဲ့ညားတဲ့ ငါ့ရည်းစား

on Monday, September 14, 2009

အေးချမ်းလှတဲ့ ဟေမာန်ဦးရဲ့ ညချမ်း အချိန်ခါလေးမှာပေါ့.. ချစ်သူနှစ်ဦး စက်ဘီးလေးကို စီးကာ စကားတွေ ပြောရင်း ဟေမာန် ဆောင်းဦးရဲ့ ပုံရိပ်ကို ဖော်ကျူးနေကြတယ်လေ..

“ကို”.. ကို မအေးဘူးလားဟင်..

“အေးတာပေါ့.. “ငုဝါ” ရယ် ဒါပေမယ့် ကိုယ့်ချစ်သူ တစ်ယောက်လုံး ပါနေတာပဲ ဘယ်လောက်အေးအေး.. သုညဒီဂရီအောက် ကျသွားပါစေ “ကို” လုံးဝကို ဂရုမစိုက်ဘူး “ငုဝါ” သာ အနားမှာရှိရင် “ကို” ဘာဖြစ်ဖြစ် ကျေနပ်တယ်”

“ဟင်.. လုပ်ပြီး.. ပိုပြန်ပြီး.. ပြောကို မပြောချင်ဘူး “ငုဝါ” က အကောင်းမေးတာကို.. ပိုကို ပိုလွန်းတယ်..” ဆိုပြီး ချစ်စနိုးလေးနဲ့ ကျွန်တော့်ကျောကို ဖွဖွလေး ထုလိုက်တယ်..

“မပိုပါဘူး တကယ်ပြောတာ.. မယုံဘူးလား.. “ကို” အခုအင်္ကျီချွတ်ပြီး စက်ဘီးနင်းပြရမလား”

“ကြည့်.. ပြောလေကဲလေပဲ.. အဲဒါကြာင့် အမြင်ကိုကတ်တာ.. ကြည့်လို့ကို မရဘူး” ဆိုပြီး နောက်ထပ် တစ်ကြိမ် ကျောကို ထပ်ထုပြီး ကျွန်တော့်ကို နောက်ကနေ တင်းကျပ်စွာ ဖက်ထားလိုက်တယ်..

ပြောတော့သာ အမြင်ကတ်တာ.. ဖက်ထားလိုက်တာမှလေ အသက်ရှူတောင် ကြပ်သွားတယ်.. လက်ကဗိုက်ကို ဖိထားတာ အစာအိမ်တောင် ပေါက်သွားမလား အောက်မေ့တယ် (စကားချပ်)..

အဲလိုနဲ့ စက်ဘီးကိုနင်းပြီး ချစ်သူနှစ်ယောက် စကားတပြောပြောနဲ့ သွားနေလိုက်တာ ကမ္ဘာကြီး တစ်ခုလုံးမှာ ကိုယ်တို့ နှစ်ယောက်တည်း ရှိတယ်လို့ ထင်နေရတယ်.. ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်နိုင်ဘူး.. ဘယ်လောက်ကြီးတဲ့ အန္တရာယ်နဲ့ ကြုံလာပါစေ မမှုဘူး.. ဘယ်အခက်ခဲနဲ့ ကြုံကြုံ ရင်ဆိုင်ဖို့ အသင့်ပဲ.. ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့လောက် ပျော်ရွှင်တဲ့သူ မရှိဘူးလို့တောင် ထင်နေမိတယ်..

ဘဝရှေ့ရေးအတွက် အလင်းရောင်တွေ၊ ပညာတွေ၊ ဘဝအတွက် အာမခံချက်တွေကို ပေးတဲ့ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းရှေ့ အရောက်မှာတော့..

“ကို”..

“ပြောလေ.. “ငုဝါ” ဘာပြောမလို့လဲ”..

“ဒီမှာ ခဏထိုင်ရအောင်.. ညောင်းလာပြီး”

“အေး.. ရတယ်လေ.. လူလည်းရှင်းတယ်.. လေကောင်းလေသန့်လည်း ရတယ် အဆင်ပြေတာပေါ့”..

“ကြည့်.. လုပ်ပြန်ပြီး.. ဘာလူရှင်းတာလဲ.. ဘာအဆင်ပြောတာလဲ.. စကားပြောရင် အမြဲ အဲလိုပဲ.. ဘာမှန်းလဲ မသိဘူး” ဆိုပြီး နောက်ကနေ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်တာ..

“အား.. အား.. အား.. နာလိုက်တာ မလုပ်နဲ့” ဆိုပြီး မနာသော်ညားလည်းပဲ နာချင်ယောင်ဆောင်ပြီး ကျွန်နော် အော်လိုက်တာပေါ့လေ.. ( ယောက်ျားမာယာ သဲကိုးဖြာလေ..းP )..

“ငုဝါ”.. “ကို” တစ်ခုမေးမယ်နော်.. ရိုးရိုးလေးပါ မှန်မှန်ဖြေနော်..

“မေးလေ “ကို”.. ဘာမေးမလို့လဲ.. ပေါက်ကရတော့ မမေးနဲ့နော် သိရင် ဖြေမှာပေါ့.. မသိတဲ့ဟာဆို မဖြဘူးပေါ့”..

“ယောက်ျားလေးတွေက ဘာဖြစ်လို့ မိန်းကလေးတွေရဲ့ ပါးကို နမ်းချင်ရတာလဲ.. အနမ်းခံရတဲ့ မိန်းကလေးရော.. ဘယ်လိုခံစားချက်တွေ ဖြစ်ပေါ်လာလဲ.. အဲဒါ “ကို” သိချင်တယ်..

အဲလိုလည်း မေးလိုက်ရော “ငုဝါ” က ကျွန်တော့်ကို မျက်စောင်းတစ်ချက် ပစ်လိုက်တယ်.. ငါးပုဏ္ဏား မြှုံးထိသလိုမျိုး ပြုံစိစိနဲ့ပေါ့ (ဘာတွေလာမေးနေလဲမသိဘူး ဆိုတဲ့ ပုံစံမျိုးထင်တာပဲ).. ပြီးတော့ ခပ်တည်တည်ပဲ ဘာမှမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပြန်ထိုင်နေတယ်.. ဘာမှပြန်မပြောပဲ ခြေထောက်ကို လှုပ်ရမ်းရင်း မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြီး ဟိုကြည့် သည်ကြည့် လုပ်နေတယ်လေ..

ကျွန်တော်လည်း သူမရဲ့ ချစ်စဖွယ်ကောင်းလှတဲ့ မူနေဟန်ကို ကြည့်နေရင်း.. သူမရဲ့ မေးချွန်ချွန်လေးကို ဖွဖွလေး ကိုင်ပြီး ကျွန်နော့်ဘက် ဆွဲလှည့် လိုက်တာပေါ့..

တဆက်တည်းမှာပဲ “ကိုမေးနေတယ်လေ“ငုဝါ” .. ကြားလား” ဆိုပြီး ဖွဖွလေးကိုင်ထားတဲ့ သူမရဲ့မေးကို ဖွဖွလေး လှုပ်ရမ်းလိုက်တယ်..

“ဟာ.. “ကို” ကလည်း.. ဘာတွေမေးနေမှန်းမှမသိတာ.. ရှက်စရာကြီး ဘာမှန်းလဲမသိဘူး... သူများတွေမေးသလို ကို့ကို တကယ်ချစ်လား.. ကိုတို့ ဘယ်တော့ အတူနေရမှာလဲ.. ဘယ်ချိန်ထိ စောင့်ရမှာလဲ.. ဘယ်တော့ လက်ထပ် ကြမှာလဲ.. အဲလိုမေးရင် တစ်မျိုးပေါ့.. အခုဟာက..

“အဲဒါ.. နောက်မှမေးမယ်လေ.. အခုမေးတာကို အရင်ဖြေလေ.. ကိုယ့်ချစ်သူကိုမေးတာပဲ ရှက်စရာမလိုပါဘူး.. တစ်ခြားကောင်မလေးကို အခုလို သွားမေးရင် ပါးရိုက်လွှတ်လိုက်လို့ ခုနှစ်ရက် ထမင်းမစားနိုင် ဖြစ်သွားမှာပေါ့..

“မသိဘူး ဆိုမှပဲ.. မသိဘူးကွာ.. မသိဘူး.. မသိဘူး.. ဘာမှန်းလဲမသိဘူး”..

“အဲဒါဆို “ကို” သိပြီး.. “ကို”.. “ငုဝါ” ပါးကို အခုနမ်းကြည့်မယ်လေ.. “ကို” က တစ်ခါမှ နမ်းမှ မနမ်းဖူးတာ “ငုဝါ” ဘယ်သိမလဲ..

အဲလိုလည်း ပြောလိုက်ရော အေးချမ်းလှတဲ့ ဟေမာန်ဆောင်းရဲ့ အေးမြခြင်းနဲ့အတူ လေးကိုင်းသဏ္ဌာန် ထိုင်းနေ ရာမှ သူမ ဆက်ကနဲ့ မတ်မတ်ကြီးဖြစ်သွားပြီး ကျွန်တော့်ဘက် လှည့်အကြည့်မှာ တိုက်ခတ်နေတဲ့ ဆောင်းဦးရဲ့ လေပြေညှင်းကြောင့်လားမသိ.. ဦးတည်ရာမဲ့ ဆံနွယ်လေးတွေက သူမရဲ့ မျက်နှာပေါ်မှာ ပျံ့ကျဲရင်း ကျွန်တော့်ရဲ့ အနမ်းပန်းပွင့်ကို ကြိုဆိုနေသယောင်ယာင်ပေါ့..

ကျွန်တော့်စကားကြောင့် “ငုဝါ” ဘယ်လို ခံစားရမည်မသိ.. သေချာပါတယ်.. ရှက်သွေးတွေဖြာပြီး မျက်နှာနီလို့ပေါ့ ညက မှောင်မိုက်နေပေမယ့်.. စူးရှလှတဲ့ ကျွနော့်ရဲ့ အကြည့်တွေက သူမရဲ့ပုံရိပ်တွေ အားလုံးကို မြင်နေရတယ်..

ပြီးတော့မှ “ငုဝါ” က “ကိုနော်.. စကားတွေ အရမ်းတတ်လာပြီး.. အရင်ကနဲ့မတူတော့ဘူး.. ကြာလေ ပိုပြီးတော့ အမြင်ကတ်လေပဲ သိလား..” ဆိုပြီး ကျွန်တော့် နားရွက်ကိုဆွဲပြီး ဘယ်ညာရမ်းလိုက်.. နှာခေါင်းကို လှုပ်ခါလိုက်.. ဗိုက်ခေါက်ဆွဲလိမ်လိုက်နဲ့ပေါ့.. အေးပေါ့လေ.. အားနွဲ့တဲ့ ယောက်ျားလေးဆိုတော့လည်း ပြုသမျှ နုရတာပေါ့..

“..... “ကို” တကယ်ပြောတာ “ငုဝါ”.. တစ်ချက်လေးပါ.. တစ်ချက်ပဲနမ်းကြည့်မယ်”..

“ဟာ.. “ကို” ကလည်း သူများတွေ တွေ့သွားရင် ရှက်စရာကြီး.. လက်ထပ်ပြီးမှ တဝကြီးနမ်း.. အခုတော့ မရဘူး”..

“အဲဒါက နောက်မှလေ.. အဲဒီချိန်ကျရင် မနမ်းနဲ့ဆိုလည်း မရဘူး နမ်းမှာပဲ.. အရေးကြီးတာက အခု.. အခု..”..

ကျွန်တော့်အဖြစ်ကလည်း မုန့်မစားရလို့ “တားတားကို မုန့်ဝယ်ပေး.. တားတားကို မုန့်ဝယ်ပေး” ဆိုတဲ့ တကျီကျီ အော်ငိုနေတဲ့ ကလေးငယ်လေး တစ်ယောက်လိုပါပဲ.. မနမ်းရမချင်း ကျီကျနေတော့တာ.. နောက်ဆုံးမှာတော့..

“တကယ်နော် “ကို”.. တစ်ချက်ပဲနော်”..

“အေးပါ.. တစ်ချက်ပဲ နမ်းမှာ.. မျက်စိမှိတ်ထားနော်.. ပြီးတော့မှ ဘယ်လို ခံစားရတယ်ဆိုတာ “ကို့” ကို ပြန်ပြော “ကို” သိချင်တယ်..

“နေအုံး.. နေအုံး.. ဟိုမှာ ဆိုင်ကယ်တစ်စီး လာနေတယ်” ဆိုပြီး ကျွန်တော့် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရင်းနဲ့ ပြောလိုက်တယ်..

ဆိုင်ကယ်လည်း လွန်သွားရော.. ကျွန်တော်ကလည်း..း) လုပ်ငန်းစတော့တာပေါ့.. ဘာရယ်ကြောင့်မှန်းမသိ ကျွန်တော့်ရင်တွေ အရမ်း.. အရမ်းကို ခုန်နေတယ်.. အသက်ရှူနှုန်းတွေလည်း ပုံမှန်မဟုတ်တော့ဘူး.. အရမ်းကိုမြန်လာတယ်.. သူမမှာလည်း ဘာရယ်ကြောင့်မှန်းမသိ.. အသားတွေ တဆတ်ဆတ် တုန်နေတယ်..

သူမရဲ့ ပါးပြင် မို့မို့လေးကို တစ်ချက်လေး နမ်းဖို့အရေး.. မည်သူ့ပါးကိုမှ မနမ်းဖူးတဲ့ ဟောဒီ ကျွန်တော်ရဲ့ ရုပ်ဆိုး အကျည်းတန်တဲ့ ချွန်စုတ်စုတ် နှာခေါင်းနဲ့ သူမရဲ့ ပါးပြင်ကြားမှာ ဆယ်မိုင်လောက် ကွာဝေးနေတယ်လို့ ကျွန်တော် ခံစားနေရတယ်..

“အိုးးးးးး ဘယ်လောက်ပဲ ဝေးပါစေ.. ဒီခရီးလောက်တော့ မောင်မမှုပါဘူး” ဆိုပြီး သူမရဲ့ ချောမွတ်နေတဲ့ ပါးပြင် မို့မို့လေးကို နမ်းမယ်အပြုမှာ..

“တီးတီးတီး.. တီးတီးတီ.. ဟေးး ဟေးး ကောင်မလေးကို အရမ်းမလုပ်နဲ့ သိနေတယ်နော်” ဆိုပြီး “ဝေါ”.. ကနဲ့ ဘေးကဖြတ်သွားတဲ့ ဆိုင်ကယ်ပေါ်မှ အသံကြောင့် သူမအရမ်းကို ရှက်သွားတယ်ထင်ပါရဲ့..

“လာ..လာ.. ထတော့.. ပြန်မယ်.. ပြောသားပဲ သူများတွေ တွေ့သွားရင် ရှက်စရာကြီး ဆိုမှပဲ ပြောလို့ကိုမရဘူး”

“ဟာ..... ဟိုမှာ လွန်သွားပြီးလေ.. လာ.. ပြန်ထိုင် တစ်ချက်လေးပဲ”..

“ဟင့်အင်း.. ဟင့်အင်း.. မရဘူး.. မရဘူး.. ပြန်တော့မယ်.. လာဆို.. ထတော့လေ ဘာဖြစ်နေတာလဲ” ဆိုပြီး ကျွန်တော့်လက်ကို အတင်းဆွဲတော့ ကျွန်နော်လည်း ဘာမှမတတ်နိုင်ဘူးလေ..း(

အခြေနေ အရပ်ရပ်ကို ကိုက ဖန်တီးထားပေမယ့် အကျိုးမြတ်ကိုတော့ မခံစားလိုက်ရဘူး.. အေးမြလှတဲ့ ဟေမာန် ဆောင်းဦးရဲ့ ညလေပြေအေးအေးလေးက ကျွန်တော့်ရဲ့ ဖန်တီးမှုကို အသုံးချကာ သူမရဲ့ မို့မောက် ချောမွတ် နေတဲ့ ပါပြင်နုနုလေးကို ဖွဖွလေး နမ်းရှိုက်သွားခဲ့တယ်လေ..

သြော်.. ဝဋ်လည်တယ်ဆိုတာ ဒါမျိုးပဲ ထင်ပါတယ်..းP

အိမ်ပြန်ရောက်တော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တွေးမိရင်း.. ရင်ထဲမှာ ကျလိ.. ကျလိနဲ့ အိပ်လို့မရဘူးပေါ့.. သူမရဲ့ ဓါတ်ပုံလေးကို ထုတ်ကြည့်လိုက်.. ပြန်သိမ်းလိုက်နဲ့ အလုပ်ရှုပ်နေလိုက်တာ.. အတော်လေးကို ညဥ့်နက် သွားတယ်.. နောက်ဆုံးတော့..

“အပြင်မှာ တကယ်မနမ်းရလည်း ကိစ္စမရှိဘူး.. အခု နမ်းတယ်ကွာ.. နမ်းတယ်ကွာ” ဆိုပြီး ဓါတ်ပုံလေးကို နမ်းကာ အချိန်တွေ တိုတောင်းပြီး ရှုပ်ထွေးလှတဲ့ လူ့ဘဝကြီးကနေ တခဏတာ ထွက်ခွါဖို့အတွက် ဘဝတစ်ပါးကို ခေတ္တ ဘုရားဘူး သွားဖို့ရန် စက်တော်ခေါ်လိုက်တော့တာပေါ့.. Zzz

တစ်နှစ်ခန့်ကြာတော့.. ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ သူမထံမှ စာတစ်စောင်ရောက်လာတယ်.. စာကြောင်း တစ်ကြောင်းလေးပါ..

..“မင်းနဲ့ဒို့ရဲ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးတွေကို အိမ်မက်လို့ပဲ သဘောထားလိုက်ပါ.. ဒို့ကို မေ့လိုက်ပါတော့”..

ကျွန်တော့်မှာ ဘယ်လိုမှ မခံစာဖူးတဲ့ အင်မတန်မှ ပြင်းရှလွန်းတဲ့ အဆိပ်မြှားနဲ့ ပစ်ခတ်ခံလိုက်ရသလိုပါပဲ အရမ်း ခံစားလိုက်ရတယ်.. ဘယ်လိုမှလည်း အတွေ့မခံတော့ဘူး.. ဘာအကြောင်းပြချက်မှလည်း မရှိပဲ ပေါက်မဲမပါတဲ့ ဗလာမဲသက်သက်ကို နှိုက်လိုက်ရသလိုပါပဲ..

ကျွန်တော် နိုင်ငံရပ်ခြားကို သွားဖို့အတွက် ပြင်ဆင်နေတာလည်း သူမ သိပါတယ်.. သွားခါနီး လာခါနီးမှာ အခုလို လုပ်လိုက်တော့ ကျွန်တော် အတော်လေးကို ဒေါထွက်သွားတယ်.. စိတ်ထဲကနေလည်း မကျေနပ်မှုတွေ တဖွဖွ ဖြစ်ပေါ်လာပြီး သူမလိုချင်တဲ့ တန်ပြန် သက်ရောက်မှုမျိုး ပြန်ပေးနိုင်အောင် ကျွန်တော် ကြိုးစားလိုက်တယ်..

ဆက်သွယ်မှုကို လက်မခံတဲ့ သူမကို ဘယ်လိုမှ ဆက်သွယ်မရလို့ ကျွန်တော် လက်လျော့လိုက်တယ်.. အရာရာကို အရှုံးပေးလိုက်တယ်.. အပြင်ကကြည့်ရင် သာမန်မျက်စိနဲ့ မမြင်နိုင်ပဲ ရထားတဲ့ ရင်ထဲက ပြင်းလွန်းတဲ့ ဒဏ်ရာဟောင်းလေးကြောင့် အနာဟောင်းလေး ကောင်းကောင်း မကျက်ခင်လေးမှာတော့.. သူမရဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို စာတစ်စောင် လာပေးတယ်လေ..

“သို့... “ငုဝါ” စာရေးလိုက်ပါတယ်.. “ကို” နေကောင်းလား.. “ငုဝါ”က “ကို့” ကို စတာပါ.. တမင်ဖြတ်ချင်လို့ စာရေးလိုက်တာ မဟုတ်ပါဘူး.. “ငုဝါ” ကို ခွင့်လွတ်ပါနော်“ကို”..”..

ခံနိုင်ရည်ရှိအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ရတဲ့ ကျွန်တော်.. နောက်ထပ်တစ်ကြိမ် ဒီလိုခံစားမှုမျိုး ထပ်ဖြစ် လာမှာကို အရမ်းကို ကြေက်နေမိတယ်.. ခံလည်း မခံစားနိုင်ဘူး.. ခံနိုင်ရည်လည်း လုံးဝ ရှိတော့မှာ မဟုတ်ဘူး.. (ခဲမှန်ဖူးတဲ့ စာသူငယ်လိုပေါ့)..

တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ နှလုံးသားပင်လယ်ထဲက ရင်ခုန်သံတွေဟာ.. ပြန်လည် တိုက်ခတ်လာတဲ့ အတိတ်က ခံပြင်း ခက်ထန်လွန်းတဲ့ လေပြေကြောင့် လှိုင်းထမခံချင်တော့ဘူး.. ဆက်လက် တည်ငြိမ်နေဖို့ အတွက် ကျွန်တော် ကြိုးစားပြီး နေလိုက်တယ်..

သူမက ကျွန်တော့်ကို နည်းလမ်းပေါင်းစုံနဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်..ကျွန်တော် လက်မခံခဲ့ပါဘူး.. ဒါပေမယ့် နိုင်ငံရပ်ခြားမသွားခင်မှာတော့ ကျွန်တော် သွားတော့မယ် ဆိုတဲ့အကြောင်း စာရေးပြီး သူငယ်ချင်းနဲ့ ပို့ခိုင်းလိုက်တယ်..

နိုင်ငံရပ်ခြားမှာ ရှိနေတုန်း သူမက ကျွန်နော့်ကို အမျိုးမျိုး ဆက်သွယ်ခဲ့ပါတယ်.. စာတွေလည်းပို့တယ်လေ.. ကျောက်ရုပ်မဟုတ်တဲ့ ကျွန်တော်ကလည်း.. အပူပေးလိုက်တဲ့ ဖယောင်းပမာပေါ့.. တစ်ဖြေးဖြေနဲ့ အရည်ပျော် လာပြီး တည်ငြိမ်နေတဲ့ နှလုံးသားပင်လယ်ထဲမှ ရင်ခုန်သံတွေ လှိုင်းငယ်လေးတွေ ပြန်ထလာတယ်..

ပြန်ထလာတဲ့ လှိုင်းငယ်လေးတွေကြောင့် ကျွန်တော့်ရဲ့ နုနယ်လှတဲ့ နှလုံးသားကမ်းပါးလေ.. နောက်ထပ်တဖန် ပြန်လည်တိုက်စား ခံရတော့မယ်.. ကျွန်တော်ယုံကြည်နေတယ်.. ငါဘယ်လိုလုပ်ရမလဲ...

ဆက်လက် တည်ငြိမ်အောင် ကြိုးစားမှာလား.. အတိုက်စားခံမှာလား.. ခံနိုင်ရည်ရော ရှိပါ့အုံးမှာလား.. အမျိုးမျိုး တွေးရင်း အဖြေရှာမရဖြစ်ခဲ့ပါတယ်..

နှစ်နှစ်ပြည့်လို့ ခွင့်ပြန်သွားတော့ အတိတ်က ဒဏ်ရာဟောင်းတွေ အသစ်ဖြစ်မှာစိုးလို့ ကျွန်တော် မဆက်သွယ် ခဲ့ပါဘူး.. ကျွန်တော် ပြန်ရောက်နေမှန်း သူမသိတယ်လေ.. ကျွန်တော် မဆက်သွယ်မှန်းသိလို့ သူမ နည်းလမ်း အမျိုးမျိုးနဲ့ ဆက်သွယ်ပါတယ်..

နောက်ဆုံးမှာတော့.. အဖြူရောင် စာရွက်ပေါ်မှာ.. ပန်းနုရောင် အသည်းပုံလေး.. ပန်းနုရောင် အသည်းပုံလေးရဲ့ အလယ်မှာ.. ရွှေဝါရောင်စာလုံးလေးတွေ.. သေသပ် လှပတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ.. စာတစ်စောင် ရောက်လာတယ်..

“သို့... အရမ်းကို ချစ်ရတဲ့“ကို”.. နောက်ဆုံးအနေနဲ့ “ငုဝါ”.. “ကို့” ကို တွေ့ချင်တယ်.. အရမ်းကိုလွမ်းတယ်... အရမ်းကိုလည်း သတိရတယ်.. “ကို့” ကိုလည်း “ငုဝါ” အရမ်းချစ်တယ်..

“ကို”..“ငုဝါ” ကို မတွေ့ချင်ဘူးဆိုရင်တောင် မင်္ဂလာဆောင်ကို ဆက်ဆက်လာခဲ့ပါနော်.. “ငုဝါ” မျှော်နေမယ်.. “ကို့” ကို အရမ်းချစ်တဲ့... “ငုဝါ”..

ကျွန်တော် ဘာလုပ်ရမလဲ.. ကျွန်တော် ဘာလုပ်ရမလဲ.. ကျွန်တော် သွားရမှာလား.. ကျွန်တော် သွားသင့်သလား..
မည်သူတစ်ဦးတစ်ယောက်ကမှ ကျွန်တော့်ကို လမ်းမပြနိုင်တော့ဘူး..

အောက်မှာ.. သီချင်းလေးတစ်ပုဒ် ထည့်ထားပါတယ်.. ကျွန်တော်တော့ မခံစားနိုင်ဘူးဗျာ.. ဖြစ်ရပ်မှန်ဆိုရင်.. လက်ခံနိုင်မှာလား

.................................................

ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကျွန်တော့်ရဲ့ ချစ်ခင်လေးစား တန်ဘိုးထားရတဲ့ ညီကို မောင်နှမများနဲ့ စာဖတ်သူအပေါင်း တို့လည်း ကျွန်တော့်လိုမျိုး တစ်ယူသန်စိတ်မျိုး မထားပဲ.. ဖြစ်ပျက်လာတဲ့ ဖြစ်ပျက်မှုအပေါ် စဉ်းစားဆင်ခြင်ပြီး အမှန်ကို နှလုံးသွင်း နိုင်ကြပါစေလို့ ဆုတောင်းရင်.....

လေးစားစွာဖြင့်

စည်သူ။




သူများနဲ့ညားတဲ့ငါ့ရည်းစား

ပွင့်ဦးအငုံ (အတိတ်က ဇာတ်လမ်းလေး)

on Tuesday, September 8, 2009

ရိုးသားမှုအပေါင်းနဲ့ ပြည့်စုံပြီး သဘာဝအလျောက် ရှင်သန်ကြီးထွား လှုပ်ရှားရုန်းကန် နေကြတဲ့ တောရွာမှာမွေး ပြီး.. တောရွာမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အတိတ်က ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင် ရယ်စရာတော့ ဖြစ်ကုန်မှာပဲ.. ကျွန်တော့်ကို ငယ်ငယ်က “ဝလုံး” လို့ တစ်ရွာလုံးက ခေါ်ကြတယ်လေ..

တောရွာမှာဆိုရင် ကလေးတွေက အစုလိုက် ကစားလေ့ရှိကြတယ်လေ.. “ဝလုံး” ဖက်ကတစ်ဖွဲ့.. “မိုးမိုး” ဖက်က တစ်ဖွဲ့ အပြိုင်ပါ့..

“ကြက်ဖတညင် တောကိုဝင် မောင်ရင်လာ လေးနဲ့ပစ်.. မပစ်ပါနဲ့ မောင်ရင်ရယ် ကြက်ဖစူး လို့သေပါ့မယ် ဘယ်ဘက်ကစူးစူး ညာဘက်ကစူးစူး ခွတ်လိုက်ကြစို့ သူငယ်ချင်း အောင်အစ်အစ်အွတ် ... ဟေး.. ဟေး.. “ဝလုံး” ကွ “မိုးမိုး” ဟေ့..” ဆိုပြီး “ဝလုံး” နဲ့ “မိုးမိုး” အပြိုင် ကြက်ဖခွတ် ပြိုင်ကြတာပေါ့..

ခွတ်ရင်း ခွတ်ရင်း “ဝလုံး” က ဖပ်ဖပ်ကို မောလာတယ်.. “မိုးမိုး” ကတော့ ဟန်မပြက်ပါဘူး.. သုံးလေးမိနစ်လောက် ကြာတော့ “ဝလုံး” ခမျှာ မရတော့ပါဘူး.. “ဝလုံး” အဖွဲ့ကတော့ ““ခွတ်ကွ.. အရှုံးမပေးနဲ့.. ခွတ်ကွ.. “မိုးမိုး” အဖွဲ့ကလည်း ဒို့ “မိုးမိုး” ကွ.. အဲကောင် “ဝလုံး” ကို နိုင်အောင်ခွတ်.. အဲဒါမှ နောက်မပြိုင်ရဲမှာ”” ဆိုပြီး နှစ်ဖက်အော်သံနဲ့ လက်ခုပ်သံကြားမှာ.. “ဝလုံး” နဲ့ “မိုးမိုး” အလူးအလဲ ပြိုင်နေစဉ်မှာပဲ..

“ဟေးးးးးးးးးးး တို့နိုင်ပြီး တို့နိုင်ပြီး..” ဆိုပြီး.. “ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်.. နင်တို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး.. ဝလုံးတို့အဖွဲ့ ကြက်ချေးတုံး” .. ဟား..ဟား..ဟား..း)

မျက်နှာတွေ ဆူပုပ်သွားပြီး ရှက်လည်း အရမ်းကို ရှက်သွားတယ်တယ်.. အနိုင်မခံ အရှုံးမပေးတတ်ပေမယ့် “မိုးမိုး” နဲ့ တွေ့တိုင်း အမြဲလိုလို အရှုံးပေးခဲ့ရတယ်.. “မိုးမိုး” တို့ အဖွဲ့ကလည်း နဲနဲဖြစ်ရင်.. ထစ်ကနဲ့ဆို “သတ္တိရှိရင် ကြက်ခွတ်ပြိုင် မလား.. လာလေ လာ.. မရဲဘူးမှတ်လား.. အခြောက်ကြီး.. အခြောက်ကြီး” ဆိုပြီး လက်ညှိုး တစ်ထိုးထိုးနဲ့ ပြောလာတိုင်း မခံချင်တဲ့ “ဝလုံး” ကလည်း အမှတ်မရှိ ထပ်ပြိုင်တာပဲ.. ပြိုင်တိုင်းလည်း ရှုံးတာပဲ.. ရှုံးတိုင်းလည်း ကြက်ချေးတုံးလို့ အပြောခံ ရတာပဲ..

ကျောင်းရာက်တော့လည်း မတည့်ဘူး.. စာ ဆိုရင်လည်း ပြိုင်တာပဲ.. စာရေးရင်လည်း ဘယ်သူအရင်ပြီးမလဲဆိုပြီး ပြိုင်တာပဲ.. အဲဒီအခါကျတော့.. ဟဲဟဲ “ဝလုံး” ကတော့ ဆရာပဲ..း)

ကျောင်းမှာ ရန်ဖြစ်လို့ ဆရာမက နားရွက်ဆွဲ ထိုင်ထလုပ်ခိုင်းရင်လည်း “ဝလုံး” က ထိပ်ဆုံးက.. စာသင်ခန်းထဲမှာ သူငယ်ချင်းတွေက မြှောက်ပေးလို့ “မိုးမိုး” ကို ကျောက်တံ အပိုင်းနဲ့ပစ်.. သာရေကွင်းနဲ့ပစ်လို့ အပြစ်ပေးခံရတာ.. “မိုးမိုး” ကြတော့ ဆရာမက ဘာမှမလုပ်ဘူး..း(

ကျောင်းမဆင်းခင် ဆိုလည်း အဲဒီအတိုင်းပဲ.. ရန်ဖြစ်တာပဲ.. ကျောင်းတက်ခေါင်းလောင်းကို ကားဂွေနဲ့ လုပ်ထား တာ.. အဲဒီကားဂွေကို ဒေါင်..ဒေါင်.... ဒေါင်..ဒေါင် ဆိုတာနဲ့ အတန်းထဲကိုပြေး လွယ်အိပ်ကို ယူပြီး သုတ်မယ်ပေါ့..
ဘယ်ချိန်ကတည်းက “ဝလုံး” လွယ်အိတ်နဲ့ “မိုးမိုး” တို့ရဲ့ လွယ်အိတ်ကို ချီထားမှန်းမသိဘူး..

လွယ်အိတ်က အမွေးတွေ အချင်းချင်းကို ချီထားတာ.. ဘယ်လိုမှကို ဖြီလို့မရဘူး.. အဲဒါမျိုးကျတော့ “0လုံး” က လက်မြန်တယ်.. လွယ်အိတ်ထဲက ခဲတံချွန်ဓားကို ထုတ်ပြီ “မိုးမိုး” အမွေးကို..“ရွှတ်” ကနဲ့ ဖြတ်ပလိုက်တယ်..

တစ်ကြိမ်မကပါဘူး အကြိမ်ပေါင်းများစွာဆိုတော့ “မိုးမိုး” အမွှေးတွေက ပြောင်လို့.. “ဝလုံး” မှာတော့ အမွှေးတွေ အများကြီပေါ့.. (လွယ်အိတ်ကိုပြောတာနော်..းP)..

လေးတန်းရောက်တော့ “မိုးမိုး” က.. ကရင် ဒုံယိမ်း ကတယ်လေ.. “ဝလုံး” ကတော့ ပရိတ်သတ်ပေါ့.. အမှန်တော့ အားပေးချင်လို့ သွားတာ မဟုတ်ဘူး..းP အပြစ် ပြောဖို့ သွားတာ.. “မိုးမိုး” က.. အက တကယ်ကောင်းတော့ အပြစ် ပြောစရာမရှိဘူးလေ.. ဒုံးယိမ်းသီချင်းသံကို ခုထိ မှတ်မိနေသေးတယ်.. ယောကျာင်္လေးတွေဆိုတာကိုပေါ့.. လက်ခုပ်တီးလိုက် လက်ကိုအပေါ်မြှောက်လိုက်နဲ့..

“ဟေးဟေး.. ဟေးဟေး..... ဟားဟား.. ဟားဟား.. ကိုးထီ စမူထုတ်တဝေါင်း.. ဟေးဟေအိုးးးးး မီယူ့ပေါင်စူစောင်း စူစောင်းစားလောင်ဝေးးး... နသိရအေ ရနောင်းအေ့ဖလုံ.. နသိရအေ ရနောင်းအေ့ဖလုံ.. ကျော်ကျော်လေအို သာပါးရှောင်းးးးး” ဆိုတဲ့ ဒုံးယိမ်းသီချင်းကိုပေါ့..

ဟုတ်လား မဟုတ်လားမသိဘူး အသံထွက်ကို လိုက်ရေးထားတာနော်.. ကရင်လူမျိုးများရှိရင် ခွင့်လွတ်ပေးကြပါ
ဟီးဟီး.. ကရင်စကားတော့ မတတ်ဘူး.. “အောမီ” ကလွဲလို့..(ထမင်းစားကိုပြောတာ)..းP

ငါးတန်းရောက်တော့ မြို့ကိုပြောင်းပြီး ကျောင်းတက်ပါတယ်.. အဲဒီချိန်ကစပြီး “မိုးမိုး”နဲ့ ရန်မဖြစ်ရတော့ဘူးလေ.. ခြောက်တန်းရောက်တော့ ရွာကို ပြန်လာတယ်.. အလည်ပေါ့လေ.. ရွာကလူတွေက စကြတယ်.. “ဟာ.. ဒီကောင်ကြီး လူပျိုပေါက်တောင် ဖြစ်နေပါရောလား..“မိုးမိုး” ကိုသတိရလို့ ပြန်လာတာလား” ..

ပြီးတော့ “မိုးမိုး” တို့အိမ်ကို သွားလည်တယ်.. အိမ်ကိုရောက်တော့ “မိုးမိုး”က စပါတယ်.. “ ဟေ့ဝလုံး.. နင်နဲ့ငါ အခု ကြက်ခွတ်ပြိုင်မလား.. ငါနိုင်ရင် ငါ့ကို ကျောင်းဖွင့်ရင် ကျောင်းတက်ဖို့အတွက် လွယ်အိတ်ရယ် ထီးရယ်.. ဖိနပ် လှလှလေးရယ်.. ပြီးတော့ အဖြူအစိမ်း တစ်စုံ ဝယ်ပေးရမယ်.. နင်နိုင်ရင် နင်မြို့မှာ စီးဖို့ ငါစုထားတဲ့ ပိုက်ဆံနဲ့ စက်ဘီးတစ်စီ ဝယ်ပေးမယ်.. ဘယ်လိုလဲ ဖြစ်လား” လို့မေးတော့ ဝလုံးခမျှာ မျက်နှာနီသွားတာပေါ့..

ချစ်စရာ အလွန်ကောင်းပြီး ရိုးရှင်းတဲ့ “မိုးမိုး” ရဲ့ အမူအရာတွေက သိပ်ပြီး ကဗျာမဆန်သလို အရမ်းကို ချစ်စရာ ကောင်းပါတယ်..

ရှစ်တန်းရောက်တော့ မြို့မှာ “ဝလုံး” က ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ခဲ့ပါတယ်.. အရမ်းကိုလည်း ပျော်ခဲ့ပါတယ်.. ဘုန်းကြီးကျောင်းသွား အတူတူ.. ကျောင်းတက် အတူတူ.. ပွဲလန်းသဘင်သွားလည်း အတူတူ.. ကောင်မလေးမိဘနဲ့လည်း အရမ်းကို ရင်းနှီးခဲ့ပါတယ်..

တစ်နေ့မှာတော့ ဘာမဟုတ်တဲ့ ပြသနာကစပြီး ရန်ဖြစ်ကြတယ်လေ.. တစ်ခြားကောင်မလေး တစ်ယောက်နဲ့ ရည်းစားဖြစ်တယ်ဆိုပြီး ကောင်မလေးက “ဝလုံး” ကို စွပ်စွဲတာပေါ့..

အဲဒီ တစ်ခြားကောင်မလေး တစ်ယောက်က “ဝလုံး” ကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားနေတာလဲ.. ကြိုက်နေလဲ.. “ဝလုံး” မသိခဲ့ပါဘူး.. သူဘယ်သူလဲ ဆိုတာကိုလည်း မသိခဲ့ပါဘူး.. ဘာတွေပြောလို့ ဘာတွေ ဖြစ်ခဲ့ကြတာ လဲ.. ဘာဖြစ်လို့လဲ မေးတော့မှ..

ကောင်မလေးက ပြောတယ် “ဘာအခုမှမသိချင်ယောင်ဆောင် နေတာလဲ.. ဟိုကဖြင့်ပြောတာ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထား ရမှန်းမသိဘူး.. သူပြောလိုက်တာကလည်း ကြည့်လေ.. ကိုယ့်လူကို သူများလက်ထဲ မပါစေချင်ရင် ကိုယ့်လူကို ကိုယ်နိုင်အောင်ထိန်းပေါ့တဲ့ ဘယ်လောက် ရှက်ဖို့ကောင်းလဲ” .. အချစ်ကြီးလို့ အမျက်ကြီးတာလည်း ဖြစ်နိုင် တာပေါ့လေ..

“အဲဒီကောင်မလေးက ဘယ်သူလဲ.. ပြောလေ” ဆိုတော့လည်း မပြောပါဘူး.. ဘယ်လိုမေးမေး ဘာပြောပြာ ဘယ်လိုမှလဲ ရှင်းပြလို့မရဘူး.. အဲလိုနဲ့ နေလာလိုက်တာ ရက်.. လ.. တွေပြောင်း နှစ်တွေလည်းဟောင်းပေါ့..

နောက်ဆုံးတော့ “ဝလုံး” က ကောင်မလေးဆီကို စာလေးတစ်စောင် ပို့ခဲ့ပါတယ်..

“ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးတွေကို မေ့လိုက်ပါတော့.. အချိန်ရမယ်ဆိုရင် ခနလောက်တွေ့ချင်ပါတယ်.. ကိုယ်နိုင်ငံခြား သွားတော့မယ်.. နှုတ်ဆက်တဲ့ အနေနဲ့ပါ.. ဆက်ဆက်လာခဲ့ပါနော်.. ကိုစောင့်နေမယ်”..

“ဝလုံး” က ဆိုင်ကယ်လေးကိုရပ်ပြီး ကျောင်းရှေ့က ညောင်ပင်ကြီးအောင့်မှာ စောင့်နေပါတယ်.. ဒါပေမယ့်.. ကောင်မလေး ရောက်မလာဘူးလေ..

နောက်ဆုံးတော့ “ဝလုံး” လည်း အနီရောင်လေးကို ကိုင်ကာ နှုတ်မဆက်ခဲ့ရပါဘူး....။


“မိုးမိုး” ကတော့ ဘယ်ရောက်နေလဲ.. ဘာတွေလုပ်နေလဲ ခုချိန်ထိ “ဝလုံး” မသိပါဘူး.. ရွာမရောက်တာလည်း အတော်လေးကို ကြာသွားပြီ.. “ဝလုံး” ကို မှတ်မိမယ်တောင် မထင်တော့ပါဘူး..

ကောင်မလေးနဲ့ “ဝလုံး” အကြောင်းကိုတော့ ရေးပေးနိုင်အောင် အားမွေး လိုက်ပါအုံးမယ်.. အခုတောင် အတိတ်ကို လွမ်းသွားပြီ..

တဂ်ထားတဲ့ အမ မနှင်းဆီနဲ့ ကျွန်တော့်ရဲ့ ညီကိုမောင်နှမများ၊ စာဖတ်သူ မိတ်ဆွေအပေါင်း.. ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်ဗျာ..

ထာဝရ ခင်မင် လေးစားလျက်..
စည်သူ။