ကျွန်တော်ကတော့ “ဘလော့ဂါပေါက်စ” ဆိုတဲ့အတိုင်း အိပ်ရာထထချင်း လောကစာမျက်နှာကြီးသဖွယ် ဖြစ်တဲ့ ကွန်ပျူတာကို အရင်ဆုံး ဖွင့်ဖတ်တတ်ပါတယ်.. မစားရရင်နေပါစေ.. ထိုင်နေရ.. ရေးနေရ.. ဖတ်နေရရင် အရာအားလုံး မေ့နေတတ်ကြတာဟာလည်း.. “ဘလော့ဂါ” ဆိုသူတွေပဲ မဟုတ်ပါလား..
ကျွန်တော်ကတော့ အတိတ်ကိုလည်း မေ့ပျောက်.. အနာဂါတ်ကိုလည်း ရာနှုန်းပြည့် မမျှော်ကိုးရဲ.. ပစ္စုပ္ပန်ကိုသာ အာကိုးအားထားပြုနေတဲ့ သာမန်လူပါပဲ။ လောကအလယ်မှာ လှုပ်ရှားရုန်းကန်ရင်း.. ပင်ပန်းမှုဟူသမျှ ပြေပျောက်စေဖို့ တစ်ညတာ အိပ်စက် အနားယူ အပြီးမှာတော့.. ရေထိကြာလို မလန်းပဲ.. နေထိပန်းလို လန်းဆန်းတက်ကြွစွာနဲ့ အပြစ်ကင်းစင်လှတဲ့ နံနက်ခင်းအလှကို ခံစားရင်း လောကစာမျက်နှာကြီးကို ဖွင့်လိုက်ချိန်မှာတော့..
ဗေဒင်လက္ခဏာဆရာကြီး စံဇာဏီဘိုရဲ့.. “၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ ကမ္ဘာပျက်ကိန်း ဆွေးနွေးချက်” ဆိုတဲ့ မေးလ်တစ်စောင် ရောက်နေတာကို မြင်လိုက်ရတယ်.. ကမ္ဘာပျက်မယ် ဆိုတာကြီးကို မယုံပေမယ့်.. တကယ်များသာဆိုရင်.. ဆိုတဲ့ အတွေးနဲ့ အတူ အေးခဲတည်ငြိမ်နေတဲ့ ကျွန်တော့် စိတ်ထဲမှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ပြီး.. မီးတောင်ကြီးတွေ ပေါက်ကွဲလာသလို ခံစားလိုက် ရတယ်.. လန်းဆန်းနေတဲ့ နံနက်ခင်းရဲ့.. အလှပန်းလေးတစ်ပွင့်.. ညှိုးနွမ်းသွား လုမတတ် ခံစားလိုက်ရရင်း..
“ဒီလိုသာဖြစ်ပျက်ခဲ့မယ်ဆိုရင်.. ငါဘယ်လိုလုပ်ရမလဲ.. ငါ့အဖေ.. ငါ့အမေ.. ငါ့ညီကိုမောင်နှတွေ.. ငါ့သူငယ်ချင်း.. ငါ့ချစ်သူ.. ငါ့အိမ်.. ငါ့ကား.. ငါပိုင်ဆိုသမျှ အရာတွေအားလုံး.. ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ..” ဆိုတဲ့ စိုးရိမ်ပူပန် စိတ်တွေက တစ်ချိန်ထဲမှာပဲ ရိုက်ခတ်လာခဲ့တယ်.. မကြာခင်မှာပဲ..
တစ်ခဏတာမျှ ငြိမ်သက်ပြီးနောက်.. “အော်.. သဘာဝတရားကြီးက လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတဲ့ လူသားတွေကို ဆုံးမဖို့အတွက်.. ပြစ်ဒဏ်ချမှတ်တော့မယ် ထင်ပါရဲ့” ဆိုပြီး “ဟင်း”.. သက်ပြင်းလေးတစ်ချက် ချလိုက်မိတယ်..
“အိုး.. ဘာပဲဖြစ်ဖြစ်ကွာ.. ငါ့လို အညတရ မပြောနဲ့.. ကမ္ဘာမှာ ရှိကြတဲ့ တကယ့် ကမာ့္ဘထိပ်သီး လူချမ်းသာတွေ၊ စီးပွားရေးသမားတွေ၊ အာဏာကို မက်မက်မောမော တက်မက်နေတဲ့ အာဏာရှင်ကြီးတွေ၊ သူများတွေကိုမနာလို ကိုယ့်ကို အထင်သေးတာမကြိုက်၊ ဒီလို မာန်မာနတွေ ထောင်လွှားနေတဲ့ လူတွေနဲ့ စာလိုက်ရင် ငါက အနေသာ ပါကွာ.. ဟား..ဟား..ဟား” ဆိုပြီး အဲဒီလူတွေကို စိတ်ထဲကနေ သရော်တော်တော် ပြောရင်း ကိုယ့်ကိုယ်ကိုလည်း အားမွေးကာ ဖြစ်ပျက်လာမယ့် အနာဂါတ်ဘေးကို မတွေးတော့ပဲ လက်တွေ့ကျလှတဲ့ ပစ္စပ္ပုန်မှာ အကောင်းဆုံးကို ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားလိုက်တော့တယ်..
********************************************
ကမ္ဘာကြီးသာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အခုလို ပြောနေကြတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ.. ကျွန်တော်ကရော....
ဘယ်သူတွေနဲ့ ရှိနေချင်တာလဲ..
တကယ်တမ်း ဖြစ်ပျက်လာမယ်ဆိုရင် ဘယ်သူတွေနဲ့မှလည်း နေလို့ မရတော့ပါဘူး.. ဘာမှလည်း ယူချိန်မမှီဘူး.. ဘာကိုမှလည်း နှမြောတမ်းတလို့ မရပါဘူး.. ကိုယ့်ကိုကိုယ် အရင်ဆုံး နှမြောမိမှာ အမှန်ပဲ.. အတ္တဆန်တာ မဟုတ်ပါဘူး.. အများကောင်းကျိုးအတွက် ဘာမှ မလုပ်ရသေးလို့ပါ.. ကမ္ဘာကြီးက ၂၀၁၂ ခုနှစ်မှာ ပျက်မယ်လို့ မသိခင်ကတည်းက လူ့လောကမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မိသားစုတွေ.. တကွဲတပြားစီနဲ့ ယိုယွင်းပျက်စီးနေခဲ့ရပြီး ဖြစ်နိုင်မယ်ဆိုရင်တော့.. မိသားစုနဲ့အတူ ရှိနေချင်ပါတယ်..
ဘာတွေခံစားနေရမလဲ..
ခံစားရမှက မပြောပြတတ်အောင်ပါပဲ.. ဘယ်လိုခံစားရမယ်.. ဘာတွေဖြစ်ပျက်မယ်.. ဘယ်လိုပုံ.. ဘယ်လိုနည်းနဲ့ ခန္ဓာချုပ်မယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ.. အဲဒီတော့ ဘာမှမခံစားပဲ.. နောင်ခါလာနောင်ဈေး ဆိုသလို သဘောထားပြီး လက်ရှိအခြေနေမှာ တစ်ဦးအပေါ်တစ်ဦး စာနာထောက်ထားပြီး အတ္တကင်းကင်းနဲ့ ရှင်သန်ရပ်တည် သွားရမှာပဲ..
ဘာတွေပြင်ဆင်ထားမလဲ..
လောဘအတွက် ဆိုရင်တာ့ ဘာကိုမှ ပြင်ဆင်ထားခြင်းမရှိဘူး.. သေရမှာခြင်းအတူတူ လေးလွန်းလို့ လောဘကို ထားခဲ့လိုက်မယ်.. ဒေါသကိုလည်း ထားခဲ့မယ်.. မောဟကိုလည်း ထားခဲ့မယ်.. လူတွေ တန်ဘိုးထားသင့်တဲ့ သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်နေအောင်တော့ မသေခင်လေးမှာ ဖြည့်ဆည်းသွားဖို့အတွက် ပြင်ဆင်ထားချင် ပါတယ်..
ဝမ်းနည်းမိမှာက
ကိုယ်လို အညတရ အတွက်က မိသားစုအရေးမှတစ်ပါး ဝမ်းနည်းစရာ မရှိပါဘူး.. တစ်ဦးနဲ့တစ်ဦးပေါ် နိုင်ထက်စီးနင်း လုပ်နေကြတဲ့ လောဘသား.. ဒေါသသား.. မောဟသားတွေအတွက်.. “ဟား..ဟား..ဟား..” လို့ သရော် ရယ်ရင်းနဲ့ ထိုသူတို့အတွက် ပိုဝမ်းနည်းမိမှာပါ..
ကြောက်လန့်မိတာက..
သူများကိုသာ သတ်ချင်သတ်မှာ.. “လူ” ဆိုတဲ့ အမျိုးကလည်း ကိုယ်သေရမှာကိုတော့ အတော်ကို ကြောက်ကြတယ် “လုပ်ရဲရင် ခံရဲရတယ်” ဆိုတဲ့စကား မှတ်မိမယ်ထင်ပါတယ်.. သတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်း ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ သတ်စားနေတဲ့ ကျွန်တော်တို့ လောဘသား အသားစား လူ့ဘီလူးတွေကို ဒီတစ်ခါတော့ ကမ္ဘာကြီးက “မင်းပြီးငါ့အလှည့်လို့” စိန်ခေါ်လိုက်တာဖြစ်ချင်ဖြစ်မယ်.. ဒီလိုပြောလို့ ကျွန်တော် မကြောက်ဘူးလားလို့ မမေးနဲ့.. လူဆိုတဲ့အမျိုးက သေရမှာကို ကြောက်တယ်လို့ ဆိုထားပါတယ်..
ဆောင်ထားချင်တာက..
ဘာတွေကို ဆောင်ထားချင်ပါသလဲ.. အာဏာလား.. ခြောက်လုံးပြူးလား.. ကိုယ်ရံတော်တွေလား.. စိန်တွေလား.. ရွှေတွေလား.. ငွေတွေလား.. ပြေးရင်းလွှားရင်း စားဖို့အတွက် စားစရာတွေလား.. နတ်မိမယ်လေး တွေများလား.. လူတွေ တန်ဘိုးထားလေးစားတဲ့ သီလ၊ သမာဓိ၊ ပညာရှိဘို့နဲ့ မေတ္တာလက်နက် မှတပါး အခြား ဆောင်းထားစရာ မရှိဘူးလို့ ထင်ပါတယ်..
ဘာတွေရေးမိမလဲ..
ဘာတွေမှလည်း ရေးဖို့အချိန် မရနိုင်ပါဘူး.. ငါ့မိသားစုသာ ကျန်ခဲ့မယ်ဆိုရင်တော့ “ညီလေးတို့.. ညီမလေးတို့ရေ အကိုမရှိတော့တဲ့ နောက်ပိုင်းမှာ မင်းတို့ ဖေဖေနဲ့ မေမေကို ဂရုစိုက်နော်.. ညီကိုမောင်နှမချင်းလည်း တစ်ဦးနဲ့ တစ်ဦးတည့်အောင်နေ.. ရန်မဖြစ်ကြနဲ့.. အများကောင်းကျိုး အတွက်လည်း တတ်နိုင်သလောက် လုပ်နော်” လို့ သေတမ်းစာ သဘောမျိုး ရေးမိမလားလို့..
တွေးမိတွေရာအတွေး..
အဲဒီချိန်မှာသာ ဆိုရင် စိတ်ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ သဘောသဘာဝအတိုင်း အတွေးတွေ ပတ်ချာလည်နေမယ် ဘာမှမတွေးပဲ ကိုယ်လွတ်ရုန်းနေမယ်ဆိုလည်း ဖြစ်နိုင်တယ်.. လူဆိုတဲ့အမျိုးက ကိုယ့်အတွက် မပူပဲ သူများတွက် ပူတာက ခပ်များများ.. အမှန်တော့ ကိုယ်ကောင်းရင် သူများအတွက်လည်း အထောက်အကူ ဖြစ်မယ်ဆိုတာကို မေ့နေတတ်ကြတယ်.. ဘယ်အတိုင်းအတာထိ လွတ်အောင် ပြေးနိုင်မလဲလို့ပေါ့.. နှာခေါင်း တစ်ဖေါ်စာအချိန်ထိ လွတ်နေအောင် ပြေးကြမှာပဲ.. ပြေးရင်းနဲ့ တွေးနေကြမှာပဲ.. မသေနိုင်မယ့် နည်းလမ်းကိုပေါ့..
ဂုဏ်ယူချင်တာ..
နှစ်နှစ်ဆယ်ကျော် ကာလပတ်လုံးမှာ အဖေ အမေနဲ့ ညီကိုမောင်နှမတွေကို အလုပ်ကျွေးပြုခဲ့ရလို့.. သူတစ်ပါးကို ကူညီခဲ့ရလို့.. မတရားမှုတွေကို မုန်းတီးပြီး တရားမျှတမှုတွေကိုသာ မက်မောခဲ့ရလို့.. ဂုဏ်ယူချင်တာတစ်ခုထဲပါ..
ရှာကြံဖြေသိမ့်မိတာက..
လောဘသား.. ဒေါသသား.. မောဟသားတွေလောက်တော့ ကိုယ်က သနားပါတယ် ဆိုပြီး ရှာကြံဖြေသိမ့်မိမှာထင် တာပါပဲ.. တကယ်ရော.. ဖြေသိမ့်ဖို့အချိန် ရနိုင်ပါ့မလား..(ဖြစ်နိုင်ရင်ပေါ့)..
ကျူးရင့်ချင်တဲ့ဥဒါန်း..
ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ လောကနိယာမကို လက်ကိုင်ထားပေမယ့် လူပဲလေ.. အားတင်းပြီးတော့ အချိန် ရနိုင်မယ်ဆိုရင်.. “ငါမသေချင်ဘူးးးးးးးးး.. ငါမသေချင်ဘူးးးးးးးးးးး” လို့ ကျူးရင့်နေမိမလား.. တကယ်တော့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ..
ညီမလေး ခရေညို တဂ်ထားတဲ့ ကမ္ဘာကြီးပျက်ခဲ့မယ်ဆိုရင် ပို့စ်လေးပါ.. ဘလော့ဂါတွေ အများကြီးရေးကြတော့ အများကြီး ဗဟုသုတ ရတာပေါ့.. ဗဟုသုတ ရတော့ရော.. ဘာလုပ်ရမှာလဲလို့ မေးချင်မေးလို့ရပါတယ်.. ဘာမှ လုပ်လို့မရပါဘူး.. ဒါပေမယ့် ဒီစာလေးတွေဖတ်ပြီး.. အကောင်းမြင်နိုင်သလို အဆိုးမြင်ရင်လည်း မြင်နိုင်ပါတယ်.. သေချာတာတစ်ခုကတော့ ဒီပိုစ့်က “သုခ” မရနိုင်ပါဘူး “သံဝေဂ” ရဖို့ပဲ မျှော်လင့်ပါတယ်..
ခင်မင်လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
စည်သူ။