ကျွန်တော် “ကြက်မ” ဘဝ

on Thursday, December 17, 2009

ကျွန်တော် “ကြက်မ” ဘဝတုန်းကပေါ့.. ဥတွေ အများကြီး ဥရတယ်လေ.. ကျွန်တော်က ဥလိုက်.. လူတွေကလေ ဥကိုနှိုက်ပြီး ချက်စားလိုက်.. ပြန်ဥလိုက်.. ချက်စားလိုက်ပေါ့.. တစ်ခါတစ်လေ ဧည့်သည်လာရင်ကျွန်တော့်မှာလေ မျက်ခုံးလှုပ်ရတယ်.. ဥကိုနှိုက်စားရင်တော်သေးတယ်.. တစ်ခါတစ်လေ ကျွန်တော့်ကိုပါ ဧည့်သည်အတွက်ပေါ့.. ချက်စားဖို့ဆိုပြီး လိုက်ဖမ်းတာ.. မနဲကို လွတ်အောင် ပြေးရတယ်..

တစ်နေ့မှာတော့ ကျွန်တော့်သခင်က ကျွန်တော့်ကို တစ်ခြားသူတစ်ယောက်ဆီ ရောင်းလိုက်တယ်.. အဲဒီလူက မဆိုးပါဘူး.. ကျွန်တော့်ကို ချစ်လည်းချစ်တယ်.. ယုလည်းယုယတယ်.. အစာလည်း မှန်မှန်ကျွေးတယ်.. ပြီးတော့ ကျွန်တော့်အတွက် ကြင်ယာတော်ပါ ရှာပေးတယ်လေ.. ဒီလိုဆိုတော့ ကျွန်တော် အားရှိသွားတာပေါ့..

ကျွန်တော်က “ကတော်.. ကတော်” လို့ အော်လိုက်တာနဲ့ ချက်ခြင်းဆိုသလို ကျွန်တော့်အနားရောက်လာတာပဲ.. ကျွန်တော့်အတွက် အရမ်း ကို အားကိုရတယ်.. ကျွန်တော့်ကိုလည်း အရမ်းချစ်ရှာတယ်လေ.. ပြီးတော့ ကျွန်တော့် အတွက် အစာတွေလည်း ရှာပေးတယ်.. ကျွန်တော့်ချစ်သူနဲ့ကျွန်တော် အတူအစာရှာထွက်လို့ ရှိရင်လည်း ချစ်သူက ကျွန်တော်စားဖို့အတွက် အစာရှာပေးတယ်.. ကျွန်တော် ဘာမှ မပူရဘူးလေ.. တစ်ဦးပေါ်တစ်ဦး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်ရင်း ဘဝခရီးကို ပျော်ပျော်ပါးပါး လျှောက်လှမ်းနိုင်ခဲ့တာပေါ့..

ဒီလိုနဲ့ တစ်နေ့မှာတော့ ကျွန်တော်တို့ ဘဝရဲ့ မျိုးဆက်သစ်တွေအတွက် ကျွန်တော် ဥဥရတာပေါ့.. ဒီတစ်ခါတော့ ကျွန်တော့်သခင်က ဥတွေကို မနှိုက်စားပါဘူး.. ကျွန်တော့်အိမ်ထဲမှာပဲ သေသေချာချာ စီပြီး ထားထားပေးတယ်.. အပြင်က အန္တရာယ်တွေ မကျရောက်နိုင်အောင်လည်း နည်းအမျိုးမျိုးနဲ့ ကာကွယ်ပေးတယ်.. ကျွန်တော်တို့နေတဲ့ အိမ်ရဲ့ခြံဝင်းကိုလည်း ခွေးတွေ.. ကြောင်တွေ မဝင်နိုင်အောင် သေချာကာထားပေးတယ်လေ.. ကျွန်တော်လည်း သခင့်အတွက် ဥတွေ အများကြီးရအောင် ဥပေးတာပေါ့..

တစ်နေ့မှာတော့ သခင်က ကျွန်တော့်အိမ်ထဲဝင်ပြီး ဥတွေကို ယူသွားတာ ကျွန်တော်တွေ့လိုက်ရတယ်.. သခင်က ဘာလုပ်မယ်မှန်းမသိပေမယ့် ကျွန်တော်ကတော့ “ကတော် ကတော်” လို့ အော်ရုံမှတစ်ပါး တစ်ခြား ဘာဆို.. ဘာမှ မတတ်နိုင်ဘူးလေ.. ကျွန်တော်က “ကတော် ကတော်” လို့ အော်လိုက်တာနဲ့ ကျွန်တော့်ခင်ပွန်းသည်က ကျွန်တော့်ဆီ ရောက်လာတာပဲ.. ခင်ပွန်းသည်ကလည်း သခင်က ဥတွေယူနေတာကို တွေ့သော်ငြားလည်းပဲ ဘာမှ မတတ်နိုင်ဘူးလေ..

ဒီလိုနဲ့ ညနေကျတော့ သခင်က ဥတွေပြန်ယူလာတာကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော်လည်း ဝမ်းသာ အားရဖြစ်ပြီး “ကတော် ကတော် ကတော်.. ((((((((ကတော်))))))))” ဆိုပြီး အသကုန် အော်လိုက်တာပေါ့လေ.. ကျွန်တော့်ခင်ပွန်းကလည်း ကျွန်တော့်နည်းတူ အရမ်းပျော်ရွှင်သွားပြီး ခုန်ပေါက်ရင်း တောင်ပံလေးများခတ်ကာ “အောင်အီးအီးအွတ်.. အောင်အီးအီးအွတ်” ဆိုပြီး တွန်ကြူးလိုက်တာပေါ့..

ခနနေတော့ သခင်က ကျွန်တော့်ကို လက်ဖြောက်တီးရင်း “တီး တီး တီး တီး” ဆိုပြီးခေါ်တော့ ကျွန်တော်လည်း သခင့်ဆီ အပြေးသွားတာပေါ့.. သခင်က ကျွန်တော့်ကို အသာလေး ပွေ့ချီပြီး ဥလေးတွေရှိရာ နေရာလေးဘေးမှာ ချပေးတယ်လေ.. ကျွန်တော်လည်း ဝမ်းသာအားနဲ့ ဥလေးတွေကို ကြည့်ပြီး ပျော်မဆုံး ဖြစ်ရတာပေါ့..

ရက်သတ္တပတ် အတော်ကြာတော့ ကျွန်တော် ဥထားတဲ့ ဥကနေ ဘဲကလေးတွေ ပေါက်လာတာပေါ့.. ကျွန်တော့် သားသမီးတွေဆိုတော့ ကျွန်တော် အရမ်းချစ်တာပေါ့.. ဘဲကလေးတွေကလည်း ပုကွကွနဲ့လေ.. ကျွန်တော်လေ အရမ်းကို ချစ်တာ.. ကျွန်တော့်ခင်ပွန်းကလည်း ဘဲကလေးတွေကိုကြည့်ပြီး အရမ်းကို အားရကျေနပ်နေတဲ့ပုံပေါ့.. အရမ်းကို ပျော်စရာကောင်းတဲ့ ကျွန်တော်တို့ မိသားစုကမ္ဘာကြီးကို ကျွန်တော် ထူထောင်နိုင်ခဲ့ပြီလေ..

သခင်ကလည်း ကျွန်တော့် သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေကို ကြည့်ပြီး အရမ်းကို ပီတိဖြစ်နေတယ်လေ.. သခင်ကလည်း ဘဲကလေးတွေကို ပွေ့ချီပွတ်သတ်ပြီး အစာကျွေးတယ်.. ရေတိုက်တယ်.. ညစ်ပတ်ပေရေနေတဲ့ ဘဲကလေးတွေကို သခင်က သန့်ရှင်းရေးတွေ လုပ်ပေးတယ်.. သခင်ကလည်း အရမ်းဂရုစိုက်တော့ ကျွန်တော်တို့ မိသားစုကမ္ဘာလေးဟာ မပြောပြတတ်အောင်ကို ပြည့်စုံပြီး အေးချမ်းသာယာနေတာပေါ့..

ပြီးတော့ သခင်က ကျွန်တော့်သားသမီးတွေ ကစားဖို့အတွက် ရေကန်ငယ်ကလေးတစ်ကန် လုပ်ပေးတယ်လေ.. တစ်နေ့မှာတာ့ ဘဲကလေးတွေက သခင်လုပ်ပေးထားတဲ့ ရေကန်ထဲဆင်းပြီး ရေကူးရင်း ဆော့ကစားကြတာပေါ့.. အဲလို ရေကန်ထဲဆင်းပြီး ဆော့ကစားတာတွေ့တော့ “ကတော် ကတော် (((((ကတော်)))))” ဆိုပြီး ကျွန်တော် အော်တာပေါ့.. ကျွန်တော်တို့ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော့်သားသမီးတွေမှာ တွေ့လိုက်လို့ ကျွန်တော် အရမ်းကို တုန်လှုပ်သွားတယ်.. ဘဲကလေးတွေအပေါ်မှာလည်း အရမ်းကို စိုးရိမ်သွားတယ်လေ..

ကျွန်တော့်ခင်ပွန်းသည်ကလည်း ကျွန်တော့်အလားတူပါပဲ ရေကန်ပတ်လည်ရှောက်ရင်း အတောင်ပံတွေခတ်ပြီး ဂနာမငြိမ် ဖြစ်နေတာပေါ့.. ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေမှာတော့ အရမ်းကို ပျော်ပါးစွာ ဆော့ ကစားနေကြတယ်.. သခင်ကတော့ ဘဲကလေးတွေ ဆော့ကစားနေတာကို ကြည့်ပြီး သာလွန်းတဲ့ လဝန်းပမာပေါ့ သခင့်မျက်နှာက ကြည်နှုးမှုအပေါင်း သရဖူဆောင်လို့.. အဲဒီချိန်ဟာ ကျွန်တော်တို့ ဇနီးမောင်နှံနဲ့ သခင့်ကြားမှာ နားမလည်နိုင်တဲ့ ပဟေဠိလို ဖြစ်နေခဲ့တာပေါ့..

ရေကစားပြီး အတော်တန်ကြာတော့ ဘဲကလေးတွေက ကုန်းပေါ်တက်ပြီး ကျွန်တော့်ရင်ခွင်ထဲ တိုးဝှေ့လာတော့ စိုနေတဲ့ရေတွေ ခြောက်သွားအောင် ပွတ်သတ်ပေးရတာပေါ့.. ညညအိပ်ရင်လည်း ဘဲကလေးတွေမှာ အေးမှာစိုးလို့လေ.. ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာအောက် ဝင်စေပြီး တောင်ပံများနဲ့အုပ်ကာ နွေးထွေးမှုတွေ ပေးရတယ်လေ..

တစ်နေ့မှာတော့ ဘာရယ်ကြောင့်မှန်းမသိ သခင်က ကျွန်တော့် ခင်ပွန်းသည်ကို ဖမ်းသွားတယ်.. ခင်ပွန်းသည်က ကျန်ခဲ့တဲ့ ကျွန်တော်နဲ့ ဘဲကလေးတွေကိုကြည့်ပြီး “ကတော် ကတော် ကတော်” နဲ့ အော်မြည်ရင်း အော်မြည်ရင်း အသံက ဝေးသည်ထက်ဝေးကာ တဖြည်းဖြည်း ဆိတ်ကွယ်သွားခဲ့တယ်.. ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေကလည်း “ပကျစ် ပကျစ်” နဲ့ အော်မြည်ရင်း ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်ကာ အကာကွယ် ယူကြရတယ်လေ.. မပြောပြတတ်အောင် ခံစားရပြီး ဘဲကလေးတွေအပေါ်လည်း ရင်ခွင်ထဲထည့်ကာ တောင်ပံဖြင့် ဖုံးအုပ်ပြီး ကာကွယ်ရုံမှတပါး ကျွန်တော် တတ်နိုင် လိမ့်မည်မထင်ဘူးလေ..

သခင်ကတော့ ကျွန်တော့်ကို အရင်တိုင်းပါပဲ.. စောင့်ရှောက်မြဲ.. ဘဲကလေးတွေအပေါ်လည်း ကြင်နာယုယမြဲ.. ဒါပေမယ့် ဘဲကလေးတွေက အရွယ် တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော့်အနား သိပ်မကပ်တော့ဘူး အရင်ကဆို “ကတော် ကတော်” နဲ့ အော်လိုက်တာနဲ့ “ပကျစ် ပကျစ် ပကျစ်” ဆိုပြီး ရင်ခွင်ထဲ တိုးဝှေ့လာတတ်တဲ့ ဘဲကလေးတွေက ခုဆို ပြောင်းလဲကုန်ပြီး.. ကျွန်တော့်အနား သိပ်မကပ်ကြတော့ဘူး.. ဒီတစ်ခါတော့ ကျွန်တော်နဲ့ ဘဲကလေးတွေကြား နားမလည်နိုင်နဲ့ ပဟေဠိတစ်ပုဒ်လို ထပ်ဖြစ်ပြန်တယ်လေ..

ခင်ပွန်းမရှိတော့လို့ အားကိုးမဲ့နေရာကနေ သားသမီးတွေကပါ ကျွန်တော့်ကို တဖြည်းဖြည်း ဥပက္ခာပြုလာတော့ ကျွန်တော့်မှာ မပြောပြတတ်အောင် ခံစားရတယ်.. သားသမီးတွေကို ရင်ခွင်ထဲထည့်ပြီး အတောင်ပံများနဲ့ ဖုံးအုပ်၊ နွေးထွေးမှုတွေ အပြန်အလှန်ရယူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်..

နောက်ဆုံးမှာတော့ အရွယ်ရောက်လာတဲ့ ဘဲကလေးတွေက ကျွန်တော့်ကို မမှတ်မိတော့ပါဘူး.. ကျွန်တော်က “ကတော် ကတော် ကတော်” ဆိုပြီး ဘယ်လိုပဲ အော်အော် သူတို့ နားမလည်ကြတော့ဘူး.. ကျွန်တော့်အနား မကပ်ကြတော့ဘူး.. သူတို့လမ်း သူတို့သွားကြပြီလေ..

တစ်ချို့ တစ်ချို့သောသူများဟာ မိဘကို မိဘလို့ မသိတတ်တာ တွေ့နေရတယ်.. တစ်ခုခုဖြစ်လာရင် ငါ့မိဘ မကောင်းလို့ ခုလိုဖြစ်ရတာ ဆိုပြီး ပြောဆိုတာတွေ ကြားရတယ်.. သွေးမတော်သားမစပ်ပဲ မွေးစားထားရင်လည်း မိဘဟာ မိဘပါပဲ.. သားသမီးဟာ သားသမီးပါပဲ.. မိဘမေတ္တာကို နားလည်ပြီး ကျေးဇူးဆပ်နိုင်ကြပါစေဗျာ..

ဘဲကလေးတွေလိုတော့ ကျွန်တော့်ကို ပစ်မသွားကြပါနဲ့ဗျာ..း-)

မူကြိုကျောင်းသားဘဝ ကြက်မကြီး၏မေတ္တာကို အခြေခံထားပါတယ်။

လေးစားစွာဖြင့်
့်
စည်သူ(ပေါက်ကရ အတွေးအပိုင်းအစများ)

26 comments:

ကိုရင်နော်ခင်လေးငယ် said...

ဘကြီးစည်ကြီးရေ....

ကောင်းလိုက်တဲ့ အတွေးလေးနော်...
ကျေးဇူးတင်ပါတယ်
ဒီလို စာလေးတွေ အတွက်ပါ..။

ဂျီးတော်တို့ တတွေလည်း မိဘကျေးဇူးဆပ်နိုင်ဖို့ ကျိုးစားကြဦးစို့....။

ခင်မင်မှုများနှင့်...

kaungkinpyar said...

မိဘက မိဘ ပါပဲ၊ မိဘ မေတ္တာက ဘာနဲ့ မှ လဲမရနိုင်တဲ့ အရာပါ၊ မိဘ ကို ကျေးဇူးဆပ်ဖို့ ကြိုးစားနေသူ တယောက်ပါပဲ...
ပြာ..

ဒဏ္ဍာရီ said...

မိဘမေတ္တာဆိုတာ အတိုင်းအဆမရှိဘူးနော်။ သားသမီး များစွာက မိဘနှစ်ပါးကို မကြည့်ရှုနိုင်ပေမယ့် မိဘတွေကတော့ သားသမီးတွေ ဘယ်လောက်များများ နွေးထွေတဲ့ မေတ္တာတွေနဲ့ ကာကွယ်ပေးနိုင်ခဲ့ကြတယ်။ ဒီပိုစ့်လေးအတွက် ကျေးဇူးပဲ စည်သူရေ..။

ခင်မင်လေးစားလျှက်

တောင်ပေါ်သား said...

မိဘမေတ္တာလေး ဖတ်သွားတယ် အကိုရေ
နာမ်စားလေး ပြောင်းရေးရင်ကောင်းမယ် ကျနော် ကျနော်ဆိုတော့ ကြက်မ အဖြစ်ကနေ ကြက်ဖ ရောက်ရောက်သွားတယ် အဟေးဟေး


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ဟီး
ဟုတ်တယ်
ကျနော် နဲ့ ကြက်မဆိုတော့ တညိုးကြီးပဲ :D
ကြက်မကြီး သနားပါတယ် .. နော် ...

ရေတမာ said...

ကျနော်တော့ ကြိုက်တယ်။ ကြက်မကြီးဖက်က ၀င်ခံစားပေးထားတဲ့ အကို့အတွေးတွေကို သဘောကျတယ်။ သခင်က ဘာလို့ဘဲဥနဲ့ လဲလိုက်တာလဲဗျ။ ဟုတ်ပါတယ် တကယ်တော့ ကျနော်တို့ အသုံးမကျလို့ ဖြစ်နေတာပါ။

တိုက်ကော said...

လုပ်ဟ ကောင်ကြီးရ..
ဂွတ်တီဂွတ်..

Waing said...

ကိုယ့်ရဲ့ သားသမီးမဟုတ်တာတောင် မိဘမေတ္တာဘယ်လောက်ရှိလဲဆိုတာကို အပြည့်အ၀ ဖော်ညွှန်းထားတာ ကောင်းတယ် ကိုစည်သူရေ...

နေ၀သန် said...

ကောင်းလိုက်တာဗျာ.. ဖတ်ရတာ..း((.. သနားလည်း သနားတယ်.. ဒါနဲ့.. စိတ်မကောင်းတဲ့ကြားက နောက်လိုက်ဦးမယ်.. ကြက်မက ကျွန်တော်ဆိုတော့ မန္တလေးကြက်မပဲဖြစ်ရမယ်.. ဟီးဟီး

ခြေလှမ်းသစ် said...

စာကိုဖတ်ရင်းနဲ့ ဇတ်ထဲ မြောပါသွားအောင်ကို ရေးထား တာဗျာ ... မွေးစားတဲ့ မိဘလဲ မိဘ ပါပဲ ကျေးဇူးကန်း တာ၊ မိဘကို မေ့တာ မလုပ်ကောင်းပါဘူး ....

သုဒြေ္န said...

ဟုတ်တယ်ညီ သားသမီးဖြစ်ဘူးသူတိုင်း မိဘမေတ္တာကိုသိပြီး ကျေးဇူးဆပ်နိုင်ခဲ့ ရင် လောကကြီး အေးချမ်းသာယာမှာပေါ့ 

ပုံ့မေ said...

ဝေးဟေးဟေး... မိုက်တယ်ကွာ... =)

ကိုစည်သူကတော့ ဝန်ခံသွားပြီ... အရင်က ကြက်မဘဝကြီးပိုင်ဆိုင်ခဲ့တယ်ဆိုတာ =)

အဟီးးး စတာနော်... နောက်တခါတွေ့ ရင် KFC ကြက်ကြော်ကျွေးမှာလား... ကျွေးနော်... =)

ကတိပေးထားတယ်နော်... မုန့့် ဝယ်ကျွေးမယ်လို့ ...

ပို့ စ်အကြောင်းတော့ ပြောတော့ဘူး... မိဘမေတ္တာကတော့ ပြောစရာစကားမရှိအောင် ကြီးမားလို့  =)

သိင်္ဂါကျော် said...

အရင် ဘဝကလားဟင်.. :P

ကျွန်တော်လို့ သုံးတာ ကြက်မက မန္တလေးသူမို့ နေမှာပါ..

မြစ်ကျိုးအင်း said...

ကျွန်မ လို့သုံးပြ်ီးရေးရင် တအားပုံပေါ်မှာပဲဗျး)

မိဘမေတ္တာဆိုတာ သွေးမတော်သားမစပ်တဲ့ တိရိစ္ဆာန်တွေ အထိ ရှိကြတာကို မြင်တွေ့ရ တတ်ပါတယ်။

ဒါကြောင့်လည်း မိဘကို မသေခင်လုပ်ကျွေးပါ သေမှမငိုပါနဲ့ဆိုတဲ့ စာလေးရှိနေတာပေါ့။

မေမေ့ကို သတိရသွားတယ်။

ရင်ရဲ့ ရိုးရာ said...

ကိုစည်သူရေမိုက်တယ်ဗျာ တကယ် အတော်လေးအတွေးကောင်းသလို အရေးကလည်းရှယ်ကိုးဗျ ကိုမြစ်ကျိုးအင်းပြော သလို ကျွန်တော် အစား ကျွန်မ လို့ သုံးလိုက်ရင် အတော့်ကို ပုံပေါ်သွားမှာဗျ
မိဘမေတ္တာဆိုတာ စိမ်းစိမ်းကျက်ကျက် မပစ်ပယ်ကောင်းပါဘူးဗျာ အဲ့ဒီအိုင်ဒီယာလေးတော့ အတော်ကိုကြိုက်တယ်ဗျာ

လေးစားတယ်း))

flowerpoem said...

ကောင်းတယ် ကိုစည်သူရေ ထိမိပါတယ် အတွေးရော အရေးရော

ဂျစ်တူး ( မုံရွာ ) said...

စည်သူ-
နင်ဘယ်လိုမှမထင်ရဘူးနော်-
တကယ်ဘဲသဘောကျစွာဖတ်သွားပါသည်-
ငါ့ကိုစိတ်တိုအောင်တော့မလုပ်နဲ့နော်-
ဒါဘဲ----
လေးစားလျက်

ဏီ(န်)ကင်း said...

ရင်ထဲတောင်မကောင်းဘူး...အရေးအသားလေးကတော့လန်းပ

Lucifer said...

ဖတ်လို့ကောင်းတယ်ဆိုတာထက်... မိဘမေတ္တာ ကိုပေါ်အောင်ရေးတတ်တယ်ဆို ပိုမှန်လိမ့်မယ်..

မိုးစက်အိမ် said...

မှန်တာပေါ့ စည်သူရေ မွေးစားမိဘ ဆိုပေမဲ့ လည်း
မိဘမေတ္တာ အပြည့်ရှိတဲ့ လူတွေအများကြီးပါ အဲဒီ
ကျေးဇူးကို နားလည်ရပါမယ် ဘဲကလေးတွေဖြစ်လို့ 
မရဘူးပေါ့ဗျာ အဲ မိဘအရင်းအချာကတော့ဆိုဖွယ်ရာ
မရှိတော့ပါဘူး . . .

နွေးနေခြည် said...

တကယ်ကောင်းတဲ့ပိုစ့်ပဲ...
မိဘမေတ္တာကို နားလည်ခံစားသွားပါတယ် ကိုစည်သူ။

မချစ်ရ said...

မန္တလေးကြက်မလားစည်သူရေ
ကျွန်တော်ဆိုတော့ဟုတ်လားဟင်
မမကိုလာပြောဦးနော် ဟိ

ခရေညို said...

"ကတော် ကတော်”

ဧပရယ်လ်ပူး@ပူးတေ said...

မကြက်မ မကြက်မ
ဘဲဥလေးတွေ သူဝပ်ရ

ဘဲလေးတွေ ပုကွကွ
သူ့မှာချစ်လိုက်ရ

သူဝပ်ရတဲ့ ဘဲဥတွေ
အတောင်လေးတွေ ပေါက်လို့လေး...

.........

ငယ်ငယ်က ကဗျာလေးပြန်သတိရတယ် မမှတ်မတော့ဘူး။ ဘဲလေးတွေ ရေထဲဆင်းသွားတော့ သူ့မှာ စိတ်ပူရတဲ့ အကြောင်းကို ရေးထားတာလေ။ ကာရံတွေ မမှတ်မိတော့လို့။

အဲဒီကဗျာလေးဆိုတိုင်း မကြက်မကြီးကို ငယ်ငယ်ထဲက သနားနေကျ။
မိဘမေတ္တာကို ဖော်ညွှန်းတဲ့ ပို့စ်လေး အတော်လေး ဖတ်လို့ကောင်းပါတယ်။

မြတ်မွန် said...

သားသမီးတွေကို ရင်ခွင်ထဲထည့်ပြီး အတောင်ပံများနဲ့ ဖုံးအုပ်၊ နွေးထွေးမှုတွေ အပြန်အလှန်ရယူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်..အဲနေရာလေးမှာ မျက်ရည်တောင် ကြချင်တယ်။ အား ကောင်းလိုက်တဲ့ ပိုစ့်လေးပါဘဲ..
မိဘဆိုတာဘာနဲ့မှ မလဲနိုင်ပါဘူး..
ဒီပိုစ့်လေး ရင်ထဲမှာ အသေမှတ်ထားလိုက်ပါတယ်..။

waiyun7 said...

အရမ်းကောင်းတယ်
နောက်လည်းဆက်ရေးပါ