ကျွန်တော်နှင့်ကိုဖိုးပြောင်

on Monday, September 21, 2009

သြော်.. “ကိုဖိုးပြောင်” တစ်ယောက်ပေါ့.. ရွာပတ်လည် လျောက်လည်နေလိုက်တာ မမောမပန်းနဲ့.. သူကသာ မမောတာပါ သူ့ကိုယ်စား မြင်သူတိုင်းက မောလွန်းလို့ အသက်ရှူမဝဘူး.. ရပ်ရွာအရေး သာရေး.. နာရေး အစစ အရာရာ ပေါ့လေ.. သူက ထိပ်ဆုံးကပဲ လူတိုင်းကလဲ “ကိုဖိုးပြောင်” ကို မြင်တာနဲ့ ချစ်ခင်ကြတယ်.. ဟောဒီ ကျွန်တော်တို့ တစ်ရွာလုံးကလည်း “ဖိုးပြောင်” ဆို မသိသူမရှိ.. ကလေးကအစ ခွေးအဆုံး မှတ်မိတယ်..

တစ်နေ့မှာတော့ “ကိုဖိုးပြောင်” တစ်ယောက် စွပ်ကျယ်ချိုင်းပြတ်ကို ဝတ်ပြီး.. အောက်ကလည်း လက်ဝှေ့ထိုးတဲ့ ဘောင်းဘီနဲ့.. ပုဆိုးကိုလည်း စလွယ်သိုင်း.. ပြီးတော့ လေးဂွတစ်လက်ကို လက်မှာကိုင်.. ပါးစပ်ကလည်း ကွမ်းဝါးထားတာ ပလုပ်ပလောင်းနဲ့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ တောင်ကြည့် မြောက်ကြည့်နဲ့ ကျွန်တော်တို့ အိမ်ဖက် လမ်းလျှောက်လာနေတာကို ဟိုးးးးးးးးးးး ခပ်လှမ်းလှမ်းကနေ ကျွန်တော် လှမ်းမြင်နေရတယ်..

တကယ်တမ်းတော့ “ကိုဖိုးပြောင်” မှန်းကျွန်တော် မသိပါဘူး သူ့ပုံစံကိုကြည့်ပြီး ခွေးတွေကလည်း တဝုတ်ဝုတ်နဲ့.. ကလေးတွေ သုံးလေးရောက်လည်းပါတယ်.. ပြီးတော့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်ကြောင့် “ဖျက်” ကနဲ့ ရောင်ပြန်ဟတ်မှုတစ်ခုက လေယာဉ်ကွင်း အသေးစားလောက်ရှိတဲ့ သူ့ရဲ့ ကြီးကျယ်တဲ့ ဧရာမ မဟာနဖူးကနေ ကျွန်တော့် မျက်လုံးအစုံဆီကို တိုက်ရိုက် ဝင်ရောက်လာလို့ “ကိုဖိုးပြာင်” ဆိုတာကို ကျွန်တော်သိလိုက်တာ..

အဲဒါကြောင့်မို့လည်း “ဖိုးပြောင်” နာမည်ကို ကင်ပွန်းမတပ်ပဲ ရလိုက်တာပေါ့..းP ဒါပေမယ့် သူက တစ်ခါတစ်လေ အရက်တော့ သောက်တတ်တယ်ဗျ.. လူဗျိုကြီးကလည်းဖြစ် သဘောကောင်းလွန်းတော့ မသိတဲ့လူတွေဆိုရင်.. ဒီလူ ပြည့်မှ ပြည့်သေးရဲ့လားလို့ ထင်ရတယ်.. အပြည့် လွန်သွားတာလေ..

ကလေးတွေ ဘာပြောပြော စိတ်မဆိုးဘူး.. ကလေးတွေ လုပ်ခိုင်းသမျှလည်း အကုန်လုပ်ပေးတယ်.. ဦးဖိုးပြောင် ဦးဖိုးပြောင် သားသားကို ကျောပိုးဆိုလည်း ပိုးတာပဲ.. နောက်တစ်ယောက်က သားသားကို မျောက်က ကပြ ဆိုလည်း ကပြတာပဲ.. ကျွမ်းထိုးပြဆိုလည်း မငြင်းဘူး.. ကလေးတွေ လုပ်ခိုင်းသမျှ အရာအားလုံးကိုလည်း မငြီးငြူ စိတ်ရှည် လက်ရှည်နဲ့ လုပ်ပြတယ် ကျွန်တော့်ကိုဆိုရင် အရမ်းကိုခင်တာ.. အဲလိုနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ကလေး သုံးလေးယောက်နဲ့ ခပ်လှမ်းလှမ်းကနေ ချီတက် လာတာ ကျွန်တော့်တို့အိမ်လည်း ရောက်ရော..

ဟောဟဲ ဟောဟဲနဲ့.. “ညီလေးရေ.. စားစရာ ဘာရှိလည်းကွ လုပ်ပါအုံးကွာ.. တွေ့လား ဒီလူကြီးမင်း သုံးလေးယောက်လေ ဒီကောင်တွေ လုပ်တာနဲ့ကွာ အရှိန်လေး နည်းနည်းတင်လာတာ ဘယ်ပျောက်သွားမှန်း မသိတဲ့ပြင် ဗိုက်တောင် ဆာလာပြီး ညီရေ့.. ဒီကောင်တွေအတွက်ရော ဘာရှိလည်းကွ.. ရှိတာလေး လုပ်ပေးလိုက်ပါအုံးကွာ”..

မြင်တဲ့တိုင်းပဲ.. ကြားတဲ့တိုင်းပဲလေ “ကိုဖိုးပြောင်” တို့များ အဲလိုကို သဘောကောင်းတာ.. “ကိုဖိုးပြောင်” အဲလို ပြောဒါနဲ့ ကျွန်တ်ာကလည်း ညီကိုမောင်နှမ အတွက် မစားပဲ ဖယ်ထားတဲ့ ထမင်းဟင်းတွေဆို တစ်ခါတည်းကို ချကျွေး တော့တာပဲ.. ကိုယ့်အတွက် မကျန်မှာတာ့ စိုးတယ်ဗျ.. ကိုယ်က အရင်ဝါးပြီးသွားပြီလေ..

မိဘဆီကနေ ခိုးထား.. ဝှက်ထားတဲ့ ပိုက်ဆံတွေဆိုလည်း မသုံးရက် မထိရက်ပဲ စုထားတာ ဖွန် ဖွန်ကြောင်ဖို့လေ ကြောင်တောင် မကြောင်လိုက်ရပါဘူး “ကိုဖိုးပြောင်” နဲ့လည်းတွေ့ရော.. ပြောင်တာပဲ..

အဲလိုနဲ့ စားပြီးသောက်ပြီး စကားတွေ တောင်ပြော မြောက်ပြောလည်းပြီးရော.. နေလည်း အတော်ကို စောင်းသွားတယ်ဗျ.. ဟိုလူကြီးမင်း သုံးလေးယောက်ကလည်း မနေတော့ဘူး.. ပြန်မယ်ဆိုတာကြီးပဲ.. မစားရသေးခင်တုန်းကတော့ သူတို့အိမ် ကျနေတာပဲ..

ဒါနဲ့ “ကိုဖိုးပြောင်” က တစ်ခုခုကို လိုချင်တဲ့ ပုံစံမျိုးနဲ့ “ကဲ.. ညီလေးရေ ကို ပြန်တော့မယ်နော်.. ” ဆိုပြီး ပြုံးစိပြုံးစိနဲ့ လုပ်နေတာ.. အရက်ဖိုး တောင်းနေတာ ကျွန်တော်သိတယ်.. ဒါပေမယ့် “ကိုဖိုးပြောင်” ကို စချင်တော့

“အေးဗျာ.. နေကလည်း အတော်ကို စောင်းနေပြီးဆိုတော့ ပြန်တော့ပေါ့ဗျာ..” အဲလို ပြောလည်း ပြောလိုက်ရော

“အေးမဗျာနဲ့လေကွာ ညီလေးကလည်း.. လမ်းစရိတ်လည်း ပေးအုံးလေကွာ.. ကို အရှိန်လေး နည်းနည်း ထပ်တင် လိုက်အုံးမယ်..”

“ဟ... ဖြစ်ပါ့မလား “ကိုဖိုးပြောင်” ရ.. ကလေးတွေပါနေတာလေ.. တော်ကြာနေ ကလေးတွေပါ ရေတပ်သားတွေ ဖြစ်ကုန်ပါအုံးမယ်..”

“မပူစမ်းပါနဲ့ကွာ.. ဒီလူကြီးမင်းတွေကို ငါအရင်ပို့လိုက်မယ်.. ပြီးတော့မှ သွားမှာပေါ့ကွ.. မပူနဲ့.. လုံးဝ မပူနဲ့ စိတ်ချ ငါသာ မကောင်းတာ လုပ်ရင်လုပ်မယ် ဒီကောင်တွေကိုတော့ ငါလုပ်သလို ဘယ်ပေးလုပ်မလဲကွ”..

“ကဲ.. ဒါဆိုလည်း ရော့ဗျာ.. ပြားရှစ်ဆယ် ယူသွား.. အကုန်မသောက်လိုက်နဲ့နော်.. နေ့ဖိုးညစာလည်း ချန်ထာအုံး”

“ကောင်းပြီးညီလေးရေ.. ငါ့ညီလည်း ချမ်းသာကြွယ်ဝပြီး ချောမောလှပတဲ့ ရွာတောင်ပိုင်းက မရုပ်ဆိုးနဲ့ ညားပြီး သားသမီးတွေ တစ်ဒါဇင်မက ထွန်းကားပါစေကွာ.. အဲလို ဘောလုံး တစ်သင်းစာရမှ ဒို့က ရွာအနောက်ပိုင်း အသင်းကို ယှဉ်နိုင်မှာကွ” ဆိုပြီး ပြောသွားသေးတယ်.. သူဆုပေးလိုက်တိုင်းလည်း အဲဒီအတိုင်းပဲ..းP

ကလေးတွေကို လိုက်ပို့ပြီး “ကိုဖိုးပြောင်” လည်း ကျွန်တော် ပေးလိုက်တဲ့ အသဗျာ ပြားရှစ်ဆယ်နဲ့ အရှိန်သွားတင် တာပေါ့လေ တင်ရင်းတင်ရင်းနဲ့ ဆိုင်ပိတ်ချိန်လည်းရောက်ရော.. ဆိုင်ရှင်က

“ကဲ.. “ကိုဖိုးပြောင်”.. ဆိုင်ပိတ်တော့မယ်..”

“ကိုဖိုးပြောင်” ကလည်း နည်းနည်းများသွားတာကြောင့်

“မင်းတို့ကလည်းကွာ.. ငါဒီမှာ အမြဲသောက်နေတာ.. ဘာဖြစ်လို့ ငါ့ကို မောင်းထုတ်နေတာလဲကွ.. ပြန်မှာပေါ့ကွ အလကား သောက်တာ မဟုတ်ဘူးကွ.. ငါလည်း ပိုက်ဆံပေးသောက်တာ.. သူတိုလည်း ပိုက်ဆံပေးသောက်တာ သူတို့ကျတော့ မင်းတို့ မပြောဘူး ငါ့ကိုတော့ မောင်းထုတ်တယ်” ဆိုပြီး ဘေးဘက်ဝိုင်းက လူတစ်စုကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်..

အဲလို စကားအခြေတင် ပြောပြီး “ကိုဖိုးပြောင်” တစ်ယောက် အိမ်ပြန်ဖို့အတွက် ဆိုင်ကနေ ထွက်လာတောပေါ့.. မှောင်လည်း မှောင်တယ်လေ.. လမ်းတစ်ဝက်လည်း ရောက်ရော.. အနောက်မှ ဒေါသနဲ့ မာန်ပါပါ ခေါ်သံတစ်ချို့က..

“ကိုဖိုးပြောင်.. ကိုဖိုးပြောင်.. ခင်ဗျား ခုနက ဘယ်သူ့ကိုပြောတာလဲ”

“ဘယ်သူ့ကို ပြောရမှာလဲကွ.. မင်းတို့ကိုပြောတာလေ.. မင်းတို့ကို.. မင်းတို့က ပိုက်ဆံရှိ သားသမီးတွေဆိုတော့ သူက ဘယ်ပြောရဲမှာလဲကွ.. ဒါပေမယ့် ငါလည်း လူပဲကွ.. ငါလည်းပိုက်ဆံပေး သောက်တာပဲ ဒီလိုတော့ မပြောသင့် ဘူးလေကွာ.. ဘာလဲ.. မင်းတို့က မကျေနပ်လို့လား.. ဘာလုပ်ချင်လို့လဲ..”

“ဒီမယ် “ကိုဖိုးပြောင်” ကျုပ်တို့က ခင်းဗျား လိုပေါက်လွတ်ပဲစား မဟုတ်ဘူး.. ခင်ဗျားလို ရပ်တကာလှည့်ပြီး ဟိုလူ့ မှာ တောင်းလိုက်.. ဒီလူ့မှာတောင်းလိုက်.. ဟိုလူခိုင်းလိုက်.. ဒီလူခိုင်းလိုက်.. ပြီးတော့မှ ရတဲ့ တစ်ပဲခြောက်ပြားနဲ့ သောက်တာ မဟုတ်ဘူး.. ခင်ဗျားနားလည်လား”..

“ငါ့ဟာငါ ဘာဖြစ်ဖြစ်ကွာ မင်းတို့နဲ့ ဘာဆိုင်လဲကွ.. မင်းတို့ပိုက်ဆံ တစ်ပြားမှ မပါဘူးကွ.. ငါ့မှာလည်း ငါ့ဟာနဲ့ငါပါ.. မင်းတို့မှာလည်း မင်းတို့ဟာနဲ့မင်းတို့လေ.. ကိုယ့်ပါသာကို နေကြစမ်းပါ..” ဆိုပြီး “ကိုဖိုးပြောင်” လှည့်အထွက်မှာတော့ သူတို့ထဲမှ တစ်ယောက်သောသူက..

“ဒီမယ်.. ဒီမယ်.. ကိုဖိုးပြောင်” ဆိုပြီး လှမ်းဆွဲလိုက်တာ.. လေမတိုက်ပဲ အလိုလို လဲချင်နေတဲ့ “ကိုဖိုးပြောင်” က လဲကျသွားတယ်.. အဲလိုလဲကျသွားတာကို အခွင့်ကောင်းယူပြီး ဝိုင်းထိုးလိုက်ကြတာ “ကိုဖိုးပြောင်” တစ်ယောက် သွေးတရွဲရွဲနဲ့ အဲနေရာမှာတင် မေ့မျောသွားတယ်လေ..

အဲဒီသတင်းလည်းကြားရော.. ကျွန်တော် “ကိုဖိုးပြောင်” ကို အရမ်းသနားသွားတယ်.. ပြီးတော့ ထိုးသွားတဲ့ လူတွေအပေါ်လည်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကိုယ် ကျွန်တော်လည်း အရမ်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကြောင့် အခုလိုဖြစ်တာ ကျွန်တော်မကောင်းလို့ ဖြစ်တာ.. “ငါသာ အသပြာ ပြားရှစ်ဆယ် မပေးလိုက်ဘူးဆိုရင် အခုလို ဖြစ်လာစရာ အကြောင်းမရှိဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်သွားတယ်..

“သြော်.. တစ်နေထွက်လို့ တစ်နေဝင်ပြန်ပါရောလား.. ကိုဖိုးပြောင်တစ်ယောက် ဘယ်လိုနေသေးလဲ.. သက်ရော သက်သာ ရဲ့လား.. အင်.. သူသက်သာရင်တော့ ငါ့ဆီရောက်လာမှာပဲလေ” ဆိုပြီး စဉ်းစားနေခိုက် အမှောင်ထုက စိုးမိုးလာတာနဲ့အမျှ .. ကျွန်တော်လည်း ဖယောင်းတိုင်ငယ်လေးကို ထွန်ညှိလိုက်တယ်..

“ကိုဖိုးပြောင်” ကို သတိရတဲ့စိတ်က မပြောက်ပျက်သေးတာကြာင့် ညက မှောင်မိုက်နေပေမယ့် “ကိုဖိုးပြောင်” ကျွန်တော့်ဆီ လာနေကြ လမ်းလေးကို လှမ်းငေးနေခိုက်မှာပဲ.. အမှောင်ထုထဲမှ အလင်းတန်းတစ်ခုကို ကျွန်တော် “ဖျက်” ကနဲ့ လှမ်းမြင် လိုက်တယ်.. “ဖျက်” ကနဲ့ဆို ပြန်ပျောက်သွားတယ်.. အားမလိုအားမရ ဖြစ်နေရာကနေပြီး အလင်းတန်း ပေါ်လာရာနေရာကို စူးစိုက်နေခိုက်မှာပဲ နောက်ထပ် အလင်းတန်းတစ်ခုက “ဖျက်” ကနဲ့ ပြန်ပေါ် လာတယ်.. ပြီးတော့ “ဖျက်” ကနဲ့ ပြန်ပြောက် သွားတယ်.. ကျွန်တော်မျှော်နေတဲ့ “ကိုဖိုးပြောင်” များဖြစ်နေမလား ဆိုပြီး စိတ်ထဲကနေ ကျိတ်ပြီးဝမ်းသာနေတုန်းမှာ..

“ဟ.. ညီလေးရ.. ဘာတွေလုပ်နေလဲကွ” ဆိုတဲ့ မေးမြန်းသံနဲ့အတူ ဇာတ်မင်းသားကြီး “မန္တလေးသိန်းဇော်”လို ခေါင်းပေါင်းနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ရောက်ချလာပါလေရောဗျာ..

ပြီးတော့ “ကိုဖိုးပြောင်” က လက်တစ်ခါခါနဲ့.. လက်ကိုခါလိုက်.. နမ်းလိုက်.. ပြန်ခါလိုက်.. ပြန်နမ်းလိုက်လုပ်တာ.. သူ့ကို သတိရလို့.. တွေ့ချင်လွန်းလို့ မျှော်နေတာ.. အခုလို မျှော်နေခိုက်မှာ သူရောက်လာတော့ အရမ်း.. အရမ်းကို ဝမ်းသာနေပြီး သူဘာတွေဖြစ်နေလဲ ဆိုတာကို ကျွန်တော်မေးဖို့ မေ့နေတယ်လေ..

နောက်တော့မှ သတိရလာပြီး “ကိုဖိုးပြောင်” လက်တစ်ခါခါနဲ့.. ခါလိုက်နမ်းလိုက်.. ခါလိုက်နမ်းလိုက်နဲ့.. ဘာဖြစ် နေတာလဲဗျ” လို့ မေးလည်းမေးလိုက်ရော.. “ကိုဖိုးပြောင်” ပြန်ဖြေပုံက..

“ဘာဖြစ်ရမှာလဲကွ.. အခုပဲလေကွာ မင်းဆီငါလာနေတုန်း ဟိုးးးးနားမှာ ဝိုးတိုးဝါးတားနဲ့ အပုံ ခပ်သေးသေးလေး တစ်ပုံတွေ့လို့ ငါထင်တဲ့ဟာပဲဖြစ်မယ်ဆိုပြီး လက်နဲ့ကိုင်ကြည့်တာ.. ထင်တဲ့အတိုင်းပဲကွာ “ချီးပုံ” ဖြစ်နေတယ်.. ချီးမှ တကယ့်ချီး.. ဘာစားထားမှန်းမသိဘူးကွာ.. တော်တော်ကိုနံတာ တော်သေးတာပေါ့.. ငါနင်းမိမလို့..”..းP

“လက်နဲ့ ကိုင်ကြည့်ပြီးမှတော့ နင်းမိလဲ ဘာထူးတော့မှာလဲဗျ” ဆိုပြီး စိတ်ထဲကနေ ရေရွတ်လိုက်ရင်း ရီချင်တဲ့ စိတ်က ဘယ်လိုမှ ထိန်းမရဘူး.. ပြီးတော့မှ..

“ကိုဖိုးပြောင်” ကလည်းဗျာ.. အောက်လင်းမီးပါရဲ့သားနဲ့”

“ကိုလည်းမေ့ပြီး.. ဘေးချထားလိုက်တာ.. ပြီးမှ ကိုင်ကြည့်တာညီရေ.. ထင်တဲ့အတိုင်းပဲကွ “ချီးပုံ” ကြီးကွ”..

“ကိုဖိုးပြောင်” ပြောပြလိုက်တဲ့ သူရဲ့ အဖြစ်အပျက်ကြောင့်.. သူ့ကို သနားတဲ့စိတ် ပျောက်သွားပြီး ကျွန်တော် မအောင့်နိုင်ပဲ ရီလိုက်မိတာ သူပြန်သွားတာတောင်မှ မရပ်နိုင်ဘူးဖြစ်သွားတယ်..


ထာဝရ ခင်မင်လေးစားလျက်
စည်သူ။

20 comments:

ဝက်ဝံလေး said...

အော် သနားစရာ ကိုဖိုးပြောင် သူ့အဖြစ်ကလဲ သနားဖို့လဲကောင်း ရီဖို့လဲ ကောင်းပါ့ ဟိဟိ ငါ ၁ နော် သိလား

ခြေလှမ်းသစ် said...

ဝက်ကလေး က ဆိုတော့ ကျနော်က ၂ ပေါ့ဗျာ ... ကိုဖိုးပြောင်လို လူကိုမှ အနိုင်ကျင့်ကြတာ သူ့လောက်တောင် အသိညာဏ်မရှိလို့ပေါ့ .. ဒီလို အနိုင်ကျင့်တဲ့ လူတွေက လည်း ဒုနဲ့ဒေးဗျ ...

စိမ်း... said...

အေးလေ... သနားပါတယ်... ရယ်လည်းရယ်ရတယ်

ဝသန်မိုး said...

သနားစရာလဲကောင်း
ရီလည်းရီရတဲ့ ကိုဖိုးပြောင် ပါလားနော်

Unknown said...

ဒီနေ့ အသစ်လာမယ်လို့ထင်သား......
သူလဲလူထဲကလူတစ်ယောက်ပဲလေ.......
ကိုစည်သူရဲ့ စိတ်ထားကိုလေးစားပါတယ်ဗျာ......
ကိုဖိုးပြောင်ရဲ့ စေ့စပ်သေခြာမှုကတော့ ကျွန်တော်လိုက်လို့မမှီဘူးဗျ.......
တစ်ကယ်ပါ အစ်ကိုရော ??? :-P

rose of sharon said...

သြော် သနားစရာလဲကောင်း ရီလဲရီရတဲ့ ကိုဖိုးပြောင်

မယ့်ကိုး said...

သရုပ်ဖော်စာကောင်းလေး လာဖတ်သွားပါတယ်။

ကိုလူထွေး said...

ဖတ်လို့ကောင်းနေကာမှ နောက်ဆုံးပိတ်ကျမှ
တကတည်းကွာ...

ချေးနဲ့တို့တာ နံလိုက်တာ...

းဝ)

Angel Shaper said...

ကိုစည်သူရေးတတ်လို့ ရယ်စရာကောင်းတာလား။ မသိဘူး။ ကိုဖိုးပြောင်ကိုတော့ သနားမိတယ်။ တွေ့ ရင် အာဘွားပေးလိုက်မယ်။ ဟိဟိ

တောင်ပေါ်သား said...

ကိုဖိုးပြောင်ကို သနားသွားတယ်း(

မိုးမောင်(HappyCloud) said...

ဝတ္တုတိုလေးတွေ တော်တော်လေး ကောင်းတယ်ဗျို့။ နှစ်ပုဒ်တော့ ဖတ်သွားတယ်။ အချိန်ရတာနဲ့ လာဖတ်အုံးမယ်။ ရသ ဘလောဂ့်တွေ အဓွန့်ရှည်ပါစေဗျာ။ :)

flowerpoem said...

ကိုစည်သူ ပြီးသွားပြီလား မပြီးသေးဘူးမှတ်ပြီး ဆက်ဖက်ချင်သေးတယ်ဗျို့

ဇော် said...

ဟားဟားဟား .. ခွိခွိ ..

( စာအရေးအသား သိပ်ကောင်းတာပဲ .. )

Anonymous said...

စည်ရေ.......
သနားစရာလေးနော်
ဇတ်လမ်းတွေ ဘယ်နှစ်ပုဒ်တောင်
စုထားလဲ
ကြိုးစားထားဟ

ကောင်း၏
ကောင်း၏

ခင်တဲ့
ရုံလေး

Unknown said...

ကိုစည်သူရေ...

ကိုဖိုးပြောင် ဇာတ်လမ်းလေးကို ခံစားသွားပါတယ်...

ဇာတ်လမ်းလေးက ရသအစုံကို ဖော်ကျူးထားတာ အရမ်းကောင်းတယ်ဗျာ...


ဆက်လက်မျှော်လင့်လျှက်...

yangonthar said...

ကိုဖိုးပြောင် နှယ် ...... အရေးထဲ သူက ဘာစား ထားမှန်းမသိဘူး လို့  အနာလိုက်စ်လုပ်နေ သေးတယ် ..ဟဟဟ
ဖတ်လို့ ကောင်းတယ်ဗျာ
ခင်တဲ့
ရန်ကုန်သား :))

မိုးစက်အိမ် said...

ကိုဖိုးပြောင်တို.ကတော. ဟာသဘဲဗျာ ... ဘာဘဲဖြစ်ဖြစ်
အလိုခင်ဖို.ကောင်းတဲ. လူတွေကိုတော. သဘောကျတယ်
ဗျာ ... ဇာတ်လမ်းကဖြစ်ရပ်မှန်လား တကယ်.ဇာတ်လမ်း
လေးလားတော. မသိဘူး ဖတ်ရတာတော.ကောင်းတယ်ဗျို.
ငယ်ငယ်ကဖတ်ရတဲ. ၀တ္ထူအတိုလေးတွေ အတိုင်းဘဲ ... အားပေးလျက်ပါဗျာ ...

လင်းကြယ်ဖြူ said...

အော်..ဖြစ်မှဖြစ်ရလေတယ်..ကိုဖိုးပြောင် နှယ်...
သေချာကို စိစစ်ပြီး မှ အတည်ပြုရှာပေတာပဲနော..

ပျော်ပါစေ ညီရေ
လေးစားစွာ

ကိုရင်နော်ခင်လေးငယ် said...

ကိုဖိုးပြောင်က ဘာတွေ ဆက်ဖြစ်သလဲ..
တန်းလန်းကြီးလိုပဲ..း))

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

မိုးခါး said...

ဖြစ်ရမယ် ကိုစည်သူရယ်
ဟုတ်ပါဘူး
ကိုဖိုးပြောင်ရယ် .. :D