နလန်ထူစ “လူနာ”

on Saturday, October 24, 2009

ကျွန်တော် ငှက်ဖျားရောဂါဖြစ်တော့ ဆေးခန်းသွားပြတယ်လေ.. အဖျားက သိပ်မကြီးပါဘူး ၁၀၄ံတဲ့.. ပြီးတော့ ဆရာဝန်က ဟိုစစ်ဒီစစ်နဲ့ ဆေးရုံတက်ရမယ်တဲ့ဗျာ.. ဆရာဝန်လည်း ဆေးရံတက်ရမယ်လို့ ပြောလိုက်ရော ကျွန်တော့်မျက်လုံးတွေ ပြူးထွက် သွားတာပေါ့.. “အဖေ”နဲ့“အမေ”လည်း စိတ်ပူသွားတယ်..

ဆေးရုံတက်နေစဉ်မှာလည်း ထိုးလိုက်တဲ့ဆေးတွေ.. သောက်လိုက်ရတဲ့ဆေးတွေ.. လက်နှစ်ဖက်လုံးမှာလည်း အပ်ပေါက်ရာတွေချည်းပဲ.. မှတ်မိပါသေးတယ် ဆေးအားလုံးပေါင်း ၁၆ လုံး သွင်းရတယ်.. ပုလင်းအကြီးကြီးလေ လက်ဖမိုးပေါ်က အကြောပေါ်မှာ အပ်နဲ့ထိုးပြီး ချိတ်ထားတာလေ.. တစ်ခါတစ်လေ ဆရာမ ချောချောလေးက အကြောထဲကို အပ်ထိုးထည့်တာ အကြောလွဲသွားလို့လေ.. လက်တစ်ခုလုံး ပူပေါင်းလို ဖောင်းကားတက်လာတာ ပြီးတော့မှ အပ်ကိုချွတ်ပြီး ဖောင်းတာတွေ ရော့သွားအောင် ပြန်နှိပ်နယ်ပေးရတယ်..

ဆေးရုံတက်နစဉ်မှာတော့ စားချင်တာတွေလည်းမစားရ.. သောက်ချင်တာတွေလည်း မသောက်ရတော့ အတော် လေးကို ပိန်ကပ်သွားတယ်.. နည်းနည်းလေး သက်သာလာတော့ ကုတင်ပေါ်ကဆင်းပြီး လမ်းထလျှောက်တာပေါ့ လမ်းသာလျှောက်တာပါ လေတိုက်ရင် လဲသွားမလား ထင်ရတယ်.. တော်တော်လေးကို အခြေနေ ဆိုးသွားတယ် မပြောကောင်းမဆိုကောင်း အဲဒီတုန်းကသာ အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် အခုလိုမျိုး ညီကိုမောင်နှမတွေနဲ့ တွေ့ရမှာ မဟုတ်တော့ဘူးနော်..

ဩော်.. သံဝေဂတော့ရမိတယ်.. ငါလို့သာပြောတယ်.. ငါ့ကိုယ်ငါ မပိုင်ပါလားလို့ပေါ့.. ငါ့ကိုယ်ကို ငါသာပိုင်ခဲ့မယ် ဆိုရင် အခုလိုဖြစ်မှာမဟုတ်ဘူး..

အဲလိုနဲ့ ဆေးရုံ ဆယ်ရက်လောက် တက်ပြီးတော့ သက်သာသွားတာပေါ့လေ.. သက်လည်း သက်သာသွားရော မနေ ချင်တော့ဘူးလေ ဆင်းချင်လာပြီး.. ဆရာမ ချောချောလေး လာတိုင်း ကျွန်တော်မေးတာပေါ့.. ဆရာမရယ် ကျွန်တော် ဆေးရုံက ဆင်းလို့မရသေးဘူးလား.. ဘယ်တော့ ဆင်းရမှာလဲဟင် ဆရာမ ကျွန်တော် ဆင်းချင်နေပြီး တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် မေးတာလေ.. ဆရာမကလည်း စိတ်တိုတာလားမသိဘူး.. အေးအေးကောင်လေး နက်ဖြန်ဆို ဆင်းလို့ရပြီးတဲ့.. အဲလိုလည်းပြောလိုက်ရော.. ကျွန်တော် အရမ်းကိုပျော်သွားတယ်.. တားတားလေး စားချင်တာတွေ စားလို့ရပြီးဆိုပြီး ဆေးရုံမဆင်းခင်ကတည်းက သရေတွေကျနေပြီး.. ရှလွတ်.. ရှလွတ်..

ဆေးရုံကဆင်းပြီး နှစ်ရက်မြောက်နေ့မှာတော့ ဘယ်ရမလဲ အပြင်ထွက်ပြီး စားမယ် ဝါးမယ်ပေါ့.. အရင်ဆုံးသတိရ လိုက်တာကတော့.. လမ်းထိပ်က အဒေါ်ကြီးကိုလေ.. သူက ရှောက်သီးသုတ် ရောင်းတာကိုးဗျ.. သိတဲ့အတိုင်းပဲ နာလန်ထူစ လူနာဆိုရင် များသောအားဖြင့် အချဉ်ကို ရှလွတ်တတ်ကြတာ များတယ်.. အင်း.. “ဂလု”.. ပြောပြော ဆိုဆိုနဲ့ သရေတွေကျလာပြီး..း)

စာရေးရင်းနဲ့တောင် နှစ်ချက်လောက်ကို “ဂလု” ပြီးသွားပြီး.. အဲဒီအဒေါ်ကြီးရဲ့ ချဉ်၊ ငံ၊ စပ်.. ရှောက်သီးသုတ်က တကယ်ကောင်းတာဗျာ.. ကျွန်တော်တို့ တစ်မြို့လုံးကလူတွေဆိုရင် အဒေါ်ကြီးဆိုင်ကိုပဲ လာအားပေးကြတာလေ တစ်ခြား ရှောက်သီးသုတ် ဆိုင်တွေလည်း ရှိတယ်.. ဒါပေမယ့် အဲ့ဒီ အဒေါ်ကြီးဆိုင်က ရှောက်သီးသုတ်လောက် စားလို့မကောင်းဘူးဗျ.. ကဲ.. ပြောနေကြာတယ် သရေတွေက ပါးချောင်ကြားကနေ စိမ့်ထွက်နေပြီး အဒေါ်ကြီးဆီ သွားလိုက်ကြရအောင်..

ကျွန်တော်က အားပေးနေကြဆိုတော့ ဖောက်သည်လိုဖြစ်နေတာလေ.. ဝက်သားတုတ်ထိုး၊ ခေါက်ဆွဲ၊ နန်းကြီး၊ ကြာဇံ၊ ပဲပြား၊ တို့ဟူး၊ သင်္ဘောသီး၊ အများကြီးပဲဗျာ.. အသုတ်ပေါင်းစုံပေါ့.. အတော်လေးကို စားကောင်းတယ်ဗျာ အဒေါ်ကြီးဆိုင်ရှေ့လည်းရောက်ရော အဒေါ်ကြီးက..

“ဟာ.. ကောင်လေး.. နင်ဘယ်ပျောက်နေလဲ.. နင့်ကို အဒေါ်မတွေ့တာ အတော်ကိုကြာပြီး.. နင်အတော်ကို ပိန်သွားတယ်နော် လာလာ.. ဒီနားမှာထိုင်”

“ဟုတ်တယ် အဒေါ်ရေ.. နေမကောင်း ဖြစ်သွားလို့လေ ဆေးရုံပါတက်လိုက်ရတယ်.. ဆေးရုံ တက်နေစဉ်တုန်းက
အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို သတိရပြီး ဘယ်လိုစားချင်မှန်း မသိဘူး အဒေါ်ကြီးရာ.. ငှက်ဖျားနဲ့အချဉ်က မတည့်တော့လေ ဘယ်စားလို့ရမှာလဲ အခုတော့ ဝါးမယ်ဆိုပြီး ထွက်လာတာ”

“ဘာမှမပူနဲ့ကောင်လေး.. အဒေါ် ရှယ်သုတ်ပေးမယ်.. ဒီတစ်ခါ အကုန်ပွင့်ထွက်သွားစေရမယ်.. အဲဒီငှက်ဖျားပိုးပါ သွားတွေကျိန်း.. မျက်ရည်တွေထွက်.. နှပ်တွေပါ ထွက်သွားအောင် ချဉ်ချဉ်.. ငံငံ.. စပ်စပ်.. ပြီးတော့ ကြာဇံဟင်းခါ အဆစ်ပေးလိုက်မယ်..”


အဒေါ်ကြီးက အသုတ်တင် ကောင်းတာမဟုတ်ဘူး.. အပြောကလည်း ကောင်းတယ်ဗျာ.. လာသမျှ လူတွေအပေါ် ဖော်ရွေမှုလည်း အပြည့်ပဲ တစ်ခါတစ်ဆို ပိုလိုချင်လို့ မြှောက်ပြောလိုက်ရင် ရှိသမျှ အကုန်ထည့်ပေးတော့တာပဲ..

အဒေါ်ကြီးက သူလက်စွမ်းပြမယ့်အကြောင်း ပြောနေတုန်းမှာပဲ.. စက်ဘီး လေးငါးစီးလောက်နဲ့ ကောင်မလေး လေးငါးခြောက်ယောက် ရောက်လာလေရောဗျာ.. အဒေါ်ကြီးက ကောင်မလေးတွေဘက် လှည့်ကြည့်ပြီး..

“လာ.. လာ.. လာ.. သမီးတို့လာ.. ထိုင်ကြထိုင်ကြ.. ကောင်လေး.. နင်ဒီဘက်နား နည်းနည်းရွေ့ပေးလိုက်.. သူတို့က မိန်းကလေးတွေမှတ်လား ဦးစားပေးလိုက်ပေါ့ ကောင်လေးရယ်.. လာ.. အဒ်ါဘက်ကို ရွေ့လာ.. နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်.. ကဲ သမီးတို့ ဘာစားကြမှာလဲ.. တုတ်ထိုးလား.. အသုတ်လား ပြောသမီး..”

“နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်” လို့ အဒေါ်ကြီးပြောလိုက်တော့ ကျွန်တော့်အနားမှာ ဝင်ထိုင်တဲ့ ကောင်မလေးက ကျွန်တော့်ကို မကျေနပ်သလိုလိုနဲ့ မျက်စောင်းလေး တစ်ချက် ပစ်လိုက်တယ်.. “ဟင်း.. ကိုကို လူဆိုး” ဆိုတဲ့ ပုံစံမျိုး ထင်ပါရဲ့..းP

အဒေါ်ကြီးက အဲလိုလည်း ပြောလိုက်ရော တစ်ယောက်က တုတ်ထိုး.. တစ်ယောက်က အသုတ်.. တစ်ယောက်က ဘာညာ.. တစ်ယောက်က ကွိကွပေါ့လေ.. မှာလိုက်ကြတာ စုံနေတာပဲ..

အဲလို ကောင်မလေးတွေမှာပြီး ခနမှာတော့ အဒေါ်ကြီးက “သမီးတို့ထဲက ဘယ်သူ ရှောက်သီးသုတ် စားအုံးမလဲ စားရင် တစ်ခါတည်းပြောနော်.. ဒီကောင်လေးအတွက် ရှောက်သီးသုတ် အရင်လုပ်ပေးမလို့.. သူရောက်တာ နဲနဲ ကြာသွားပြီး.. ပြီးရင် သမီးတို့အတွက် အဒေါ်သုတ်ပေးမယ်.. ခနနော်သမီး” ဆိုပြီး ကျွန်တော့်အတွက် ရှောက်သီး သုတ်ကို အဒေါ်ကြီးက လက်စွမ်းပြတော့တာပေါ့..

အဒေါ်ကြီးက ဝက်မလွတ် အုန်းသီးလောက်ရှိတဲ့ ရှောက်သီးကို စိတ်ရှည်လက်ရှည်နဲ့ ခွါတာပေါ့လေ.. ပြီးတော့မှ ပန်းကန်ပြားထဲကို အမျှင်လေးတွေ.. အစေ့တွေမပါအောင် သေချာ နွင်ထည့်နေတာလေ အဒေါ်ကြီး လုပ်နေတာ ကြည့်ပြီး ကျွန်တော် တံတွေးတွေ ထွက်ကျလာပါလေရာ.. တံတွေးတွေ ထွက်ကျလာလိုက် မျိုချလိုက်.. ပြန်ထွက် ကျလာလိုက် ပြန်မျိုချလိုက်ဖြစ်နေတာ.. အဒေါ်ကြီးကလည်း သူ့နှုတ်ခမ်းကိုသူ လျှာနဲ့ သပ်လိုက်.. “ဂလု” ဆိုပြီး ထွက်လာတဲ့ သရေတွေကို မျိုချလိုက် ဖြစ်နေတာ..

အဒေါ်ကြီး အဲလိုလုပ်နေတုန်းမှာ ရှောက်သီးစိတ်လေး တစ်စိတ်က အမျှင်လေးတွေ ကပ်နေလို့ အဒေါ်ကြီးက အားနဲနဲစိုက်ပြီး ဆွဲခွါလိုက်တာ..

“အမယ်လေး.. အား.. ကောင်လေးရေ လုပ်အုံး.. လုပ်အုံး” ဆိုပြီး အဒေါ်ကြီးက ထအော်တော့..

“ဘာဖြစ်သွားလဲ အဒေါ်.. ဘာဖြစ်လို့လည်း ဓါးထိသွားလို့လား”

“မဟုတ်ဘူး.. ကောင်လေး အားနဲနဲစိုက်ပြီး ခွါလိုက်တာ ရှောက်ရည်က မျက်စိထဲ ပန်းဝင်သွားလို့လေ.. အား.. စပ်လိုက်တာ..” လို့ ပြောလည်းပြောရော ကျွန်တော်တို့တစ်တွေ ဝိုင်းရီကြတာပေါ့လေ.. ရှောက်သီးကလည်း အရည် ရွှမ်းတာကိုးဗျ..

အဲလိုနဲ့ အဒေါ်ကြီးက နွင်ထားတဲ့ရှောက်သီးစိတ် မွမွလေးတွေကို ကော်ဇလုံထဲကို ပြောင်းထည့်လိုက်တယ်.. ဇလုံထဲပြောင်းထည့်ထားတဲ့ ရှောက်သီးထဲကို.. ငပိဖုတ်.. ငံပြာရည်.. ချိုမှုန့်.. ငရုတ်သီးမှုန့်.. ဆီချက်.. ပုစွန်ခြောက်မှုန့်.. ပြီးတော့ ကြက်သွန်စိမ်း ပါးပါးလေး လှီးထည့်ပြီး နယ်တော့တာပေါ့..

အဲလိုလည်းနယ်ရော.. ကျွန်တော့် ပါးချောင်နှစ်ဖက်ကြားက သရေတွေ အရှက်မဲ့စွာနဲ့ တစိမ့်စိမ့်နဲ့ စိမ့်ထွက်လာပြီး ပါးစပ်ထဲ မှာလည်း သရေတွေ ပြည့်လျှံသွားတာပေါ့လေ.. သွားတွေကလည်း ကျိန်းတက်လာပြီး နားရွက်တွေပါ ထောင်တက် လာတာဗျာ.. မျိုချဖို့ကလည်း ဘေးမှာ ကောင်မလေးတွေ ရှိနေတော့ ရှက်စရာကြီး.. မမျိုချရင်လည်း ပါးစပ်ထဲက သရေတွေ ထွက်ကျတော့မယ်လေ.. အဲဒါကြောင့် သူငယ်ချင်းတွေ လာသလိုလို ဘာလိုလိုနဲ့ ခေါင်းကို ဟိုဘက် လှည့်ပြီး “ဂလု” ဆိုပြီး ခိုးမျိုချလိုက်ရတယ်.. သရေတွေက များလွန်းတော့ “ဂလု” ဆိုပြီး ခိုးမျိုချလိုက်တာ တစ်ချက်ထဲနဲ့ မကုန်လို့ နောက်ထပ် နှစ်ချက် ဆက်ပြီး “ဂလု.. ဂလု” ဆိုပြီး ထပ်မျိုချလိုက်ရတယ်..

အဲဒီချိန်မှာသာ စကားပြောလိုက်ရင်တော့ လောပိတရေတံခွန်က ရေတွေစီးကျလာသလို “ဝေါ” ကနဲ့ဆို ပါးစပ်ထဲ ရှိနေတဲ့ သရေတွေ ထွက်ကျလာမှာသေချာတယ်..းP

ကျွန်တော် အဲလို နှစ်ချက်ဆင့်ပြီး “ဂလု”လိုက်တာ အသံနည်းနည်းလေး ထွက်သွားတယ်ထင်တယ်.. ဘေးက ကောင်မလေးက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးစိစိလုပ်သွားတယ်.. ကောင်မလေးက အဲလိုလုပ်သွားတော့ ကျွန်တော် ရှက်သွားတာပေါ့ဗျာ.. သူ့ကိုလည်း ကျွန်တော် ပြန်ကြည့်ရော သူလည်း ကျွန်တော့်လို ဖြစ်နေတာဗျာ.. မသိမသာလေးနဲ့ “ဂလု” ဆိုပြီး ကောင်မလေးက ပါးစပ်ထဲမှာ ရှိတဲ့ သရေတွေကို ခိုးမျိုချလိုက်တာ ကျွန်တော် တွေ့လိုက်တယ်.. မိန်းကလေးဆိုတော့ အိန္ဒရေ နဲနဲရှိတာပေါ့လေ..

အဲလိုတွေ့လိုက်တော့ ကောင်မလေးကလည်း နဲနဲလေး ရှက်သွေးတွေဖြာသွားတာပေါ့.. ကျွန်တော်လည်း အဲဒီ ကောင်မလေးကိုပဲ အာရုံစိုက်ပြီး ကြည့်နေမိတော့တယ်.. ကောင်မလေးကလည်း ကျွန်တော် ကြည့်နေတာကို သူသိလေ.. သူ့ပါချောင်ထဲက သရေတွေ ထွက်ကျလာလေ.. အဒေါ်ကြီးက သူ့လက်ငါးချောင်းနဲ့ ရှောက်သီးကို တဗျစ်ဗျစ်နဲ့ နယ်နေတာကို ကြည့်လေလေ.. ကျွန်တော်ကလည်း သရေတွေ ထွက်ကျလာလေလေနဲ့ အတော်ကို တိုင်ပတ်နေတာလေ..

အဲလိုတိုင်ပတ်နေတော့ နောက်ဆုံးမှာတော့ မရှက်နိုင်တော့ဘူး.. ရှောက်သီးသုတ်ကို ကြည့်လိုက် သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကောင်မလေးကို ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်..

ကောင်မလေးကလည်း.. တဗျစ်ဗျစ်နဲ့ နယ်နေတဲ့.. ရှောက်သီးသုတ်ကို ကြည့်လိုက်.. သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကျွန်တော့်ကို လှည့်ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်နဲ့ နှစ်ယောက်သား အပြိုင် “ဂလု” နေကြတာ

အဲလို “ဂလု”ရင်း“ဂလု”ရင်းမှာပဲ အဒေါ်ကြီးက.. “ရော့ကောင်လေးရေ ရပြီး.. နင့်အတွက် ရှယ်သုတ်ထားတာနော် အကုန်ပွင့်ထွက်သွားစေရမယ်.. လိုတာရှိရင် ပြောနော်ကောင်လေး.. ဘာမှ အားမနာနဲ့” ဆိုပြီး လှမ်းပေးတော့ ကျွန်တော်လည်း လှမ်းယူလိုက်တာပေါ့.. လှမ်းယူလိုက်တဲ့ အချိန်မှာတောင် “ဂလု” ဆိုပြီး ပြည့်လျှံနေတဲ့ သရေကို ထပ်မျိုချလိုက်သေတာ..

ကျွန်တော် မြိန်ရည် ရှက်ရည် စားနေတာကို ကောင်မလေးကတွေ့တော့.. သူလည်း ဟန်မဆောင်နိုင်တော့ဘူး ထင်ပါတယ်.. အဒေါ်ကို လှမ်းကြည့်ပြီးတော့ “အဒေါ်.. အဒေါ် သမီးကိုလည်း ရှောက်သီးသုတ် တစ်ပွဲလောက်ပေး ချဉ်ငံစပ်နော်အဒေါ်” ဆိုပြီး လှမ်းမှာလိုက်တယ်..

ကောင်မလေး သရေကျနေတာကို သိတော့ ကျွန်တော်ကလည်း ဘယ်ရမလဲ “အဒေါ်.. ကျွန်တော် နောက်တစ်ပွဲ ယူအုံးမှာနော်.. သူများကို မပေးလိုက်နဲ့.. ဒီတစ်ခါ အဒေါ်သုတ်ထားတာ.. အရမ်းကောင်းတယ်.. အရင်ခါတွေနဲ့ လုံးဝမတူဘူး.. စပါယ်ရှယ်ပဲ အဒေါ်ရေ့” ဆိုပြီး ပါးစပ်က.. ပြောလည်းပြော စားလည်းစားနဲ့ သွားတွေလည်း ကျိန်း.. ချွေးတွေလည်းပြန်.. နှပ်တွေလည်း တရွှတ်ရွှတ်ထွက်နေတာလေ..

ကျွန်တော် အဲလိုပြောလိုက်တာ့ ကောင်မလေးက သူမှာလို့ အဲလိုပြောရလားဆိုပြီး ကျွန်တော့်ကို ဒေါပွသွားတဲ့ ပုံစံမျိုးနဲ့ ကြည့်ပြီးတော့.. ဘာပြောမလို့လဲတော့ မသိဘူး.. ပြောတောင်မပြောလိုက်ရပါဘူး.. ပြောဖို့လေ.. ပါးစပ် ဟလိုက်တာနဲ့ .. ရှူးးးးးးးးး ကနဲ့ဆို သရေတွေက တီးလုံးမပါပဲ ပါးစပ်ထဲကနေ ထွက်ကျလာပြီး.. ကောင်မလေးရဲ့ မေးစေ့မှာရော.. ပေါင်ပေါ်မှာရော.. တိုးလို့တန်းလန်းတွေဖြစ်ပြီး စိုသွားတာ.. ကျွန်တော်တို့ တစ်ဆိုင်လုံးမှာ ရှိတဲ့ လူတွေ အားလုံးကမြင်တော့ မရယ်ရမနေနိုင်ဖြစ်ပြီး ဝိုင်းရယ်လိုက်ကြတာ သူအတော်လေးကို ရှက်သွားတယ်..

နဂိုကမှ ရှောက်သီးသုတ်က စပ်ကလည်းစပ်.. ချဉ်ကလည်းချဉ်တော့ ချွေးတွေကပြန်.. နှပ်တွေကထွက်နေတာ.. ကောင်မလေးက အဲလိုဖြစ်တာကို မြင်လိုက်ရတော့.. မအောင့်နိုင်ပဲ ရယ်လိုက်တာလေ.. မျက်ရည်တွေထွက်ပြီး ရှူးရှူးတွေတောင် ထွက်ကျတော့မလို့.. မနည်းကို ထိန်းထားရတယ်..

အဒေါ်ကြီးကလည်း ရယ်လိုက်တာများ ပြောမနေနဲ့.. သူ့ထမီကို ဖြေပြီး မျက်နှာကို အုပ်ကာ.. တခစ်ခစ်နဲ့ ရယ်နေ လိုက်တာ.. ထမီကို ပြန်ဝတ်လိုက်.. တခစ်ခစ်နဲ့ရယ်လိုက်.. ကောင်မလေးမှာတဲ့ ရှောက်သီးသုတ်ကို သုတ်ပေးဖို့ ရှောက်သီးနွင်လိုက်.. တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်.. နှပ်ကိုလည်း “ဗျစ်” ကနဲ့ဆို ညှစ်လိုက်.. ကျွန်တော့်ကို ကြည့်လိုက်.. ဟားးးးဟားးဟားးး ဆိုရယ်လိုက်နဲ့ ကောင်မလေးတွက် ရှောက်သီးသုတ်က မပြီးနိုင်ဖြစ်နေတာဗျာ..

ကောင်မလေးမှာလည်း ဘယ်လိုပြောရမှန်းမသိအောင်ကို ရှက်သွားတာ.. မျက်နှာတွေလည်း နီရဲလာပြီး ရှက်ရမ်း ရမ်းပြီတော့ ငိုသလိုလို ရီသလိုလို ဖြစ်နေတာ.. မျက်စိတောင် အစ်သွားတယ်ဗျာ..

အဲဒီအကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း ပြည်ပရောက်နေတဲ့ ကျွန်တော်က.. အခုချိန်မှာတော့ ကောင်မလေးနဲ့ အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို လွမ်းလိုက်တာဗျာ..


အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

30 comments:

khin oo may said...

အဟက်. နပ်တွေနဲ့

ရေတမာ said...

ပြုံးရတာ ပါးတောင်ညောင်းတယ်.. ရေးတတ်လိုက်တာ စကားမစပ် ဂလု

Aung Kyee Myint said...

haha, very nice post. i even remember back home more.

ဖြူတုတ်လေး said...

ဖြူတုတ်သာ ကောင်မလေးသာဆိုရင် ပြေးတာကြာပြီ။ အင်း... ရှောက်သီးသုတ်ရဲ့ ဆွဲအားထင်ပါရဲ့။

သာမန်အဖြစ်အပြက်လေးကို စိတ်ဝင်စားစရာကောင်းအောင် တင်ပြတတ်တယ်။

zawzaw said...

နာလန်ထစ အချိန်မှာ ရှောက်သီးသုပ်ကို စားချင်တာ သဘာဝလို ဖြစ်နေတာပဲဗျ ... စားကောင်းရင်းနဲ့ ဖတ်လဲကောင်းသွားပါတယ်ဗျာ ..

Anonymous said...

ရှောက်သီးသုပ်းးးးးးးးးးးးးးးးးး
အာာာာာာာာာာာာာာာာာာာ
စားချင်လိုက်တာ စည်စည်နော်
ပြုံးရွှင်စွာဖတ်သွားတယ်သိလားစည်စည်

သားကြီး said...

ဒေါ်ကြီးရေ!!!!
ရှောက်သီးသုပ်တစ်ပွဲ ရှန်ပိန်နဲ့မြည်းချင်လို့ :P
ကံကြီးပေလို့ပဲ နို့မို့ရှုးရှုးထွက်ကျရင်ကွိုင်ပဲ
ရည်းစားနဲ့သာဆိုရင် အသုပ်ဆိုင်ရွေးမထိုင်တာကောင်းတယ်
အသုပ်ဆိုင်ထိုင်လည်းအစပ်မစားမိရင်ပို
ကောင်းမယ် အရမ်းအိနြေ္ဒပျက်တယ်
ပြုံးရွှင်စွာ သွားရေယိုကာဖတ်သွားတယ်ဗျိုးးး

စိမ်း... said...

အာာာာာာာာာာ ဘယ့်နှယ့် သွားရည်ဋီကာလာဖွင့်နေမှန်းမသိဘူး..
သွားရည်တွေရော နှပ်တွေရော မျက်ရည်တွေရော ဆေးထိုးအပ်ရည်တွေရော အရည်ပေါင်းကိုစုံနေတာပဲ...
အောင်မလေး ဂလု ဂလု...

မမသီရိ said...

စာဖတ်သူတွေ လျှာရည်တလည်လည် ဖြစ်ကုန်ပြီ စည်သူ
ဘယ်လို လုပ်လိုက်တာလဲ..း)

Ree Noe Mann said...

လျှောက်သီးဆို ကျနော်လည်း ကြိုက်သဟ

ခင်တဲ့ ရီနို

ဒဏ္ဍာရီ said...

ရှောက်သီးသုတ်တောင် စားချင်လာပြီ။ သွားရည်တွေလည်း ကျလာတယ်။ မျိုချလိုက်တာ အသံတောင် မြည်သွားတယ် ... "ဂလု" :P

စာရေးကောင်းလွန်းလို့ တကယ့်ကိုစားချင်စိတ်ပေါက်လာတယ်၏ ကိုစည်သူရေ ...

ခင်မင်လေးစားလျှက်

ဝက်ဝံလေး said...

စာဖတ်ရင်း တံတွေးခဏ ခဏ မြိုရတာ မသက်သာလှပါတကား ဒီကြားထဲ chat နေတဲ့ လူတွေကလဲ ကလုံကလုံ နဲ့ အညင်ကတ်လို့ ပြန်မပြောပဲ ဆက်ပြီး ဖတ်နေလိုက်တယ် ကိုစည်သူရေ ဟိဟိ ရှောက်သီးသုပ်စားချင်တွားပြီ ကြံဆံဟင်းခါးလေး နဲ့ ရှလွတ် ဂလု ပလပ်

နေ့အိပ်မက် said...

ကဲ ကဲ.. ဘလော့တစ်ခုလုံး တံတွေးတွေ စိုကုန်ပြီ သွားရည်ခံယူပြီးသာလာခဲ့ပေတော့ ဘလော့ကိုလိုက်သုတ်လိုက်ဦးလေ...

မချစ်ရ said...

စည်သူကောင်မလေးကိုအဲလိုလုပ်ရဘူးလေ
ရှက်ရှက် တွေဖြစ်ကုန်တာပေါ့
နေမကောင်းရင်အဲလိုပဲဆေးထိုးတာခံရတတ်တယ်
အမဆိုရိုးနေပြီအဲလိုအထိုးခံရတာလေ

တလနွန် said...

မနက်စောစောစီးစီး ရှောက်သီးသုတ်အကြောင်းဖတ်ရတာ သွားကျိန်းလိုက်တာ......

ကလု ကလု (နှစ်ခါ မျိုချရတယ်ဗျို့ )

တောင်ပေါ်သား said...

သူ့စာဖတ်ရတာ လူတောင်မှာ ဂလု ဂလုဖြစ်ပြီး တံတွေးတွေ မရေနိုင်အောင် မျိုချနေမိတယ် ဂလု

ယုံပါတယ် ငါ့အကိုဆေးထိုးမှားတယ်ဆိုတာ ဒီပိုစ့်လေးက သက်သေပြနေတယ်း)


လေးစားလျက်
တောင်ပေါ်သား

ခရေညို said...

ကိုစည်သူ ကရှောက်သီးသုပ်ရေးတာနဲ့ စားချင်လာပြီး ဂလု...............
အဲဒီကောင်းမလေးကိုလွမ်းတာက ရှောက်သီးသုပ် ဖူးစားလုပ်ချင်လို့မဟုတ်လား?
အဒေါ်ကြီးကိုလွမ်းတာကတော့ရှင်းပါတယ်..... ဂလု ချင်လို့ အဲယောင်လို့ ရှောက်သီးသုပ်စားချင်လို့နော့ ဂလု...

rose of sharon said...

သွားရည်တွေလဲ လိုက်ကျသွားတယ်... လိုက်လဲရီသွားတယ်

yangonthar said...

ဟဟ ကိုစည်သူရေ အော်အော်ပြီးရယ်သွားတယ် နှပ်သီးသုပ် အဲ ရှောက်သီးသုပ်က ဖတ်ရတာနဲ့ တင် ခင်ဗျားလို ပဲ သွားရေ တမျှားမျှား ကျပါရဲ့ ကောင်မလေးလို လျှံ ကျလာမှာစိုးလို့  ဂလု ဆိုပြီး အသံမထွက် အောင် မြိုချပြီးပြန်သွားပြီ .... ဟဟဟဟ ငို၍ ရယ်၍ မရသော မျက်နှာပေါ့ ..... အရေးကောင်းချက် အူတက်မတတ် ရယ်
ပြန်ပြီဗျို့ 
ခင်တဲ့
၇န်ကုန်သား :))

Yu Ya said...

အသံထွက်အောင်ကို ရီသွားတယ် ကိုစည်သူရေ..
ရှောက်သီးသုတ်လေးလည်း သွားရည်ကျသွားတယ်..

yu ya

မိုးမောင် said...

း) ကောင်မလေး ထွက်ကျကုန်တာပဲ(သရေ)မြင်ယောင်မိတယ်။

အားပေးလျက်..

ဂျပန်ကောင်လေး said...

ရေးလည်းရေးတတ်ပါ့.. ဒီမှာ ငတ်နေရတဲ့အထဲ... ဒါနဲ့ အဲဒီကောင်မလေးနဲ့ ဇာတ်လမ်းတွေဘာတွေ ဖြစ်လား... ၀တ္ထုထဲမှာဆို ဒါအစလေ.. ဟိဟိ

flowepoem said...

အား စားချင်လိုက်တာ ငရဲကြီးမယ်နော် ကိုစည်သူ စားချင်လာအောင် လုပ်တဲ့အတွက် :P

လင်းကြယ်ဖြူ said...

ဖြစ်မှဖြစ်ရလေခြင်း
ရှောက်သီးသုတ် ဖူးစာ ပေါ့လေ..
ပျော်ပါစေ ညီရေ..

မိုးစက်အိမ် said...

ဒီပို့ စ်လေးဖတ်ပြီးရလာတဲ့  သင်ခန်းစာဖော်ထုတ်
ချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဆေးရုံက ဆရာမ
ချောချောဆိုတာလေးရယ် အဲ နောက်ရှောက်သီးဖူးစာ
ကောင်မလေးရယ် ကို ကိုစည်သူတစ်ခုခု လုပ်သင့်ပါတယ်
ဟီးးးးးးးးးးးးးးးး ပေါက်ကရတွေ မန့် သွားတယ်ဗျာ . . .
ခွေးလွှတ် . . .

မဆုမွန် said...

ဂလု ဂလု ဂလု ရှောက်သီးခွာလိုက် နှပ်ညှစ်လိုက်နဲ့ ဒါကြောင့် စားလို့ကောင်းတာကိုး ဟဟဟဟ

kaungkinpyar said...

တော်တော်ဆိုးတဲ့ စည်သူ၊ အချဉ်ကြောက်တဲ့ အမတောင် ဖတ်ရင်း သရေတွေ ကျလာသလိုလို ဖြစ်အောင် ရေးတယ်..ဆိုးချက်..

ကိုလူထွေး said...

ဖတ်ရင်းနဲ့ လိုက်ပြီး "ဂလု" နေလို့လို့ မနည်းကို ကိုယ့်ကိုကိုယ် ထိန်းနေရသေးတယ်...

ဂလု...

းဝ)

နွေးနေခြည် said...

ဂလု ဂလု ဂလု
တော်တော် စားချင်သွားတယ်။

မိုးခါး said...

လွမ်းထည့်လိုက်တာများ ရှောက်သီးသုတ်တင်မဟုတ်ဘူး ကောင်မလေးပါ ပါသေးတယ် ..
လွန်ဒယ် :P
ရီရတာ သီးတောင် သီးတယ်
ရှောက်သီးသုတ်လည်း စားချင်လိုက်တာ .. :D