ကျွန်တော်နှင့်ဂျပန်ကင်ပေတိုင်

on Tuesday, July 28, 2009

“ကျွန်တော်နှင့်ဂျပန်ကင်ပေတိုင်” ဆိုတဲ့ ပို့စ်ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ အော်... ဒီပို့စ်ကို ရေးတဲ့သူဟာ အသက်အတော်လေး ကြီးပုံရမယ်လို့ ထင်မှာပဲ..။ ဂျပန်ခေတ်ကို ဖစ်ပတိအိုဗာ (50s) တွေကမှ မှီတာကိုးဗျ ဟုတ်ဘူးလား..။ ပြောရင်ပြောပဲနော် ဂျပန်တွေက သခင်အပေါ်မှာတော့ အရမ်းကိုသစ္စာရှိတာ..အသက်ကိုပဲ ပေးရပေးရ ဝန်မလေးဘူးဗျ..။ ပြောရင်လည်း ပြောတဲ့အတိုင် လုပ်တယ် ခိုင်းရင်လည်း ခိုင်းတဲ့အတိုင်း လိုက်နာတတ်တယ်..။ အဲဒါကိုက ထူးခြားမှုတစ်ခုလို့ ကျွန်တော်ထင်ဗျ..။

ဂျပန်ရဲ့ အကူအညီနဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ပြီးနောက် မြန်မာနိုင်ငံကို ဂျပန်တွေ အုပ်ချုပ်တဲ့ အချိန်ခါပေါ့ဗျာ..။ ကျွန်တော်ကလည်း လူရွယ်ဆိုတော့ ဘာမဆို စိတ်ဝင်စားတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့ အကျင့်ကလည်းရှိတော့ ရွာက သူကြီးဆီမှာ အလုပ် ဝင်လုပ်တာပေါ့..။ အင်္ဂလိပ်လိုလည်း မတောက်တစ်ခေါက် တတ်တော့ သူကြီးက အထင်ကြီးပြီး ကျွန်တော့်ကို ခေါ်ထားတာလေ.. ဟေဟေး.. ပြောသာပြောရတယ် ကိုယ့်ကိုယ်ကို မလုံဘူးဖြစ်နေတယ်..။

အလုပ်ခန့်ပြီး တစ်ပတ်လောက် အကြာမှာတော့ သူကြီးက “ဟေ့ကောင်.. မင်းက အင်္ဂလိပ်လို နည်းနည်းပါးပါ ရတာတော့ ဟုတ်ပြီး အခုဟာက ဂျပန်နဲ့ စကားပြောရမှာ ဆိုတော့ မင်း.. ဂျပန်လိုရော ရလားကွ”

“ဟာ.. သူကြီးကလည်းဗျာ ရတာပေါ့ ကျွန်တော့်အဖိုးက ဂျပန်စကားပြန်ဗျ”

“ဟ..ဟုတ်လှချေလား ဒါဆိုရင် မင်းငါ့ကို ဂျပန်စကား နည်းနည်းပါးပါး ပြောပြပါလားကွ သူကြီးသာဖြစ်တာ ဂျပန်လိုတော့ ဘာမှကို ရဘူးကွ”

“အဲဒါဆိုရင် အစားအသောက်နဲ့ ပက်သက်ပြီး အသုံးဝင်တဲ့ စကားလုံးတစ်လုံးကို ကျွန်တော်ပြောပြမယ် ဘာလို့လဲဆိုတော့ လူတွေက အစားစားရမှ အသက်ရှင်တာကိုးဗျ”

“အေးကွ လုပ်စမ်းပါအုံး ငါသိချင်လှပြီး မင်းလိုကောင်းမျိုးကိုမှ ငါက အားကိုးးးတာကွ”.... “မရီနဲ့နော်”

“နိုးဝါးရှီးဝါ အိုးချီးဝါ အာဂျီနိုးမိုတိုးးးးးးး”

“ဟ..ဟုတ်လှချေလားကွ ဒါမှပေါ့ကွ ဂျပန်ကင်ပေတိုင်ကြီး လာရင်တော့ သဘောကျမှာ သေချာတယ်ကွ ငါ့ကိုလည်း တပည့် ကောင်းတစ်ယောက် ရထားတယ်ဆိုပြီး ရာထူးတွေ တိုးပေးမှာ သေချာတယ်”

“သေချာတာပေါ့ သူကြီးရယ် အော်.. ဒါနဲ့ ရထူးတိုးသွားရင်လည်း ကျွန်တော့်ကို ဘာညာပေးဖို့ မမေ့ရဘူးနော်သူကြီး”

“စိတ်ချစမ်းပါကွာ ငါ့အကြောင်းကို မင်းသိပါတယ် မပိုင်ရင် ငါသလောက်တောင် မစားဘူးကွ”

တူးမတ်(သ်)လိတ်တာ...
ဂျပန်ကင်ပေတိုင် အရာရှိကြီးက ကျွန်တော်တို့ရွာကို ရောက်လာပါလေရော.. သူကြီးအိမ်ကို ရောက်တာနဲ့ ဘာမှမပြောရသေးဘူး တောင်ကြည့် မြောက်ကြည့်ပြီးတာနဲ့

“ဒီမှာမောင်မင်း”

“ဟိုက် မစ္စတာ”

“ဗင်ဂျိုရှီကာ ဗင်ဂျိုရှီကာ” လို့မေးတာပေါ့.. ကျွန်တော်လည်း အာဂျီနိုမိုတို ကလွဲလို့ ဘာမှမသိတာကြောင့် ဘာပြောရမှန်း မသိတာနဲ့ပဲ

“ဟိုက် မစ္စတာ ဗင်ဂျိုတော့မရှိဘူး အိမ်မှာတီးတဲ့ ဂစ်တာပဲရှိတယ်”
“ ဗင်ဂျိုမရှိကာ ဂစ်တာရှီကာ ဂစ်တာရှီကာ” လို့ပြန်ပြောလိုက်တယ်..

ဂျပန်ကြီးလည်း စိတ်ညစ် သွားဟန်တူပါတယ် တစ်မိနစ် လောက်ငြိမ်သွားပြီးမှ ကျွန်တော့်ကို ကြည့်ကာ လက်ညှိုး တစ်ထောင်ထောင်ဖြင့် ဗမာစကားကို ဂျပန်လေသံ ဝဲဝဲဖြင့်

“မောင်မင်း.. ချစ်ဦးခို ရေနွေးနဲ့ ရေချိုးဖြီး အင်းချီခို ချွတ်ဖေးပါ.. ဖြီးရင် ဆဘွဲဖေါ်မှာ ထင်းဖေးပါ”

ကျွန်တော်လည်း ဖျတ်ထိုးဉာဏ် ကောင်းသူပီပီ တခဏလောက် စဉ်းစားပြီ “ဟိုက်မစ္စတာ ဟိုက်မစ္စတာ” လို့ပြောလိုက်တာပေါ့.။

ဆိုလိုတာကတော့ ဒီမှာ ဖတ်ကြည့်ပါ အဟိအဟိ :P ..။

ပျော်ရွှင်ပါစေ..။

..........စည်သူ။

ကျွန်တော်နှင့်ဆိုမီတိုင်း(မ်)

on Wednesday, July 22, 2009

ပေါက်ကရအတွေးအပိုင်းအစများရှိတဲ့ ကျွန်တော်က ပေါက်ကရတွေပဲရေးတတ်လို့ပါ..။ မမလေးတင်တဲ့ပို့စ်ကိုဖတ်ပြီး သတိရလိုက်လို့ပါ..။ ပြောင်တာ ဟုတ် ဟုတ်ဘူးနော်မမယေး..။ ဂယ်ကျောတာ..။

ကျွန်တော်ထင်တာတော့ “ ကျွန်တော်နှင့်ဆိုမီတိုင်း(မ်)” ခေါင်းစဉ် ကိုတွေ့လိုက်တာနဲ့ အကိုအမတွေက ပြောတော့မှာပဲ “ဟဲ့...ဘာကြီးလဲ...ဆိုမီတိုင်း(မ်)တဲ့ ဘာပေါက်ကရတွေ ရေးအုံးမှာလဲမသိဘူး” ဆိုပြီးတော့ပေါ့လေ..။

အင်္ဂလိပ်စာနဲ့ပက်သက်လို့ အရမ်းကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ယောက်
ရှိခဲ့တယ်..။ အရမ်းကိုလည်းလေ့လာပါတယ်..။
ဘယ်လောက်ထိလေ့လာလဲဆိုရင် Dictionary ကိုတောင် အလွတ်ကျက်တယ်..။ လေ့လာချက်ကတော့ ကမ်းကုန်ပဲ..။ လေးစားဖို့ကောင်းတယ်..။ ကြွားတယ်မထင်နဲ့နော်...မော်လမြိုင်သားဆိုတော့ သိတဲ့အတိုင်းပေါ့လေ..။

တစ်နေ့မှာပေါ့... ကျွန်တော် အလုပ်ကပြန်လာပြီး သီချင်းနားထောင်နေတယ်..။ ရဲသွင်ရဲ့ `“စွန့်စားမယ့်အချစ်” ပေါ့..။

“ဘာဖြစ်ဖြစ်မင်းလေးသာအနားရှိ

ရင်ဆိုင်ကာ ဖြေရှင်းနိုင်သည်

အဆုံးမဲ့စွမ်းအားနဲ့ဒို့အချစ်

နဂါးငွေ့တန်းကို ဖြတ်ကျော်မည်

ပန်းများပွင့်တဲ့ ဒီလောက

အကြင်နာတွေ ပျောက်ပျက်နေပါပြီ

အရာရာမှာ အရှုံးနဲ့ကြုံတွေ့လည်း

အချစ်များနဲ့ တိုးမြင့်ရင်ခုန်မည် ” .... ကိုလည်း ကိုယ့်ခံစားချက်နဲ့ အဲလိုမျိုး ဖီးဝင်နေတုန်မှာ “ဟဲ့ရောင်”

“အေး..ပြော”

“ငါမင်းကို မေးစရာတစ်ခုရှိတယ်”

“အေး...မေးလေ...ဘာမေးမှာလဲ...?”

“မနေ့က ငါ အင်္ဂလိပ်စာလုံးတစ်လုံး တွေ့တယ် ငါ မြန်မာလိုအဓိပ္ပါယ် မသိဘူးဖြစ်နေတယ် အဲဒါမင်းများသိမလားဆိုပြီး ငါလာမေးတာ”

“ဟ...ဘာစာလုံးလဲကွ ငါသိရင်တော့ ပြောပြလို့ရတာပေါ့ကွ မသိရင်တော့ ဘယ်တတ်နိုင်မှာလဲ..ပြောလေကွာ ဘာစာလုံးလဲ” ဆိုပြီးကျွန်တော်မေးလိုက်တယ်..။

“ငါမနေ့က ရုပ်ရှင်ကြည့်နေတုန်း ဆိုမီတိုင်း(မ်) ဆိုတဲ့စာလုံးကို တွေ့လိုက်တယ်..။ အဲဒါ ငါနားမလည်ဘူးဖြစ်နေတယ်”

“ဟင်...ဘာတဲ့...ဆိုမီတိုင်း(မ်) ဟုတ်လား..? မင်းဟာသေချာလို့လားကွာ မင်းကြားတာ မြင်တာတွေများ မှားလားမသိဘူး”

“မမှားဘူး ဆိုမီတိုင်း(မ်) ဆိုပြီးပြောသွားတာ”

“မင်း စာလုံးပေါင်းရော မှတ်မိလား...?”

“မှတ်မိတာပေါ့ ငါသေသေချာချာကို မှတ်ထားတာ”
“SO ME TIME ဆိုမီတိုင်း(မ်)လေ”

“SO ME TIME ဆိုမီတိုင်း(မ်)... အေး ဟုတ်သားပဲ”
“တစ်လုံးချင်း ဘာသာပြန်မယ်ဆိုရင်တော့
“SO” က ထို့ကြောင့်လို့ပဲငါပြန်တယ်
“ME” က ကျွနုပ်ကို ပေါ့ကွာ
“TIME” က အချိန်ပေါ့ကွာ
“SO NEAR AND YET SO FAR ဆိုရင် နီးလျက်နဲ့ဝေးလို့ အဓိပ္ပါယ်ရတယ်”
“မင်းဟာက SO ME TIME”
“ထို့ကြောင့် ကျွနုပ်ကို အချိန်” ဒါလဲမဟုတ်သေးဘူးကွ” ”...။

အတော်လေးကျွန်တော်စဉ်းစားပြီးမှ
“ဟားးးးးး မင်းကလဲကွာ ဘယ်က ဆိုမီတိုင်း(မ်)ရမှာလဲ”
“SOMETIME ဆမ်းတိုင်း(မ်)= တစ်ခါတစ်ရံကိုပြောတာ”
“သေလိုက်ပါတော့ကွာ ဦးနှောက်တောင် ချောက်သွားတယ် မင်းကတော့ တကယ့်ကောင်ပဲ”

ကျွန်တော်ရဲ့ အကိုအမများကို ပူပင်သောက၊ ပူဆွေးသောကမှ ကင်းလွတ်ပြီး အမြဲတမ်း ပျော်ရွှင်ခြင်းများစွာဖြင့်သာ မြင်ချင်တဲ့ ပေါက်ကရအတွေးအပိုင်းအစများမှ ရင်တွင်းဖြစ် ပေါက်ကရစိတ်ကူးလေး..။

အောင်မြင်ခြင်းနှင့်အဆုံးသတ်ခြင်း

on Saturday, July 18, 2009

အဲဒီလို ကျွန်တော်ရဲ့ ပေါက်ကရအတွေးတွေနဲ့ ပေါင်းစပ်ပြီး ရောသမမွှေမှုတွေကြောင့် နှစ်လုံးရောဂါကို မွေးထုတ်ပြီး ကူးစပ်မှုတွေကလည်း လျှင်မြန်လာခဲ့တယ်..။
“ဟဲ့.. စည်သူ.. နင်ရောဘယ်လောက်ရလဲ”
“နည်းနည်းပါးပါးပါ အမရာ”
“ငါတောင် တစ်ရာ့ငါးဆယ်ဘိုးရတယ်.. နင်ဆိုအများကြီးရမှာပေါ့.. နင်ကောက်ပေးလို့လေ ငါတို့ တစ်ဖွဲ့လုံး ရကြတာ ဟိုမှာလေ မေးနေကြတယ်.. ဟဲ့.... အဲကောင်းလေးက ဘယ်ကလဲ ငါတို့တစ်ခါမှ မတွေ့ဖူးဘူး.. တဲ့ သူကောက်တာလေ တော်တယ်နော်...” ဆိုပြီး ကျွန်တော့်ကို မျှော်သူတွေ၊ ခင်မင်သူတွေ များလာတာပေါ့..။

အဲလိုနဲ့နေလာလိုက်တာ တစ်လလောက် အကြာမှာတော့ နှစ်လုံးရောဂါကို ကုစားတဲ့ ဒေါက်တာတွေနဲ့ပါ ကျွန်တော် ရင်းနှီးမှုတွေ ရလာတာပေါ့.. (ဒိုင်ကိုပြောတာပါ) ဒေါက်တာတွေကလည်း ကျွန်တော့်ကိုသိတာမှဖြင့် ကြာသေးဘူး
“ဟဲ့စည်သူ... ဘာထည့်အုံးမှာလဲ... ပတ်မှာလား... ထိပ်စည်းဆွဲမှာလား... ဒီနေ့ဘာတစ်လုံးကောင်းလဲ” အဲလိုမျိုးပေါ့ နေ့တိုင်းလိုလို မေးကြတယ်လေ..။ ဒီကလည်း ဟုတ်ဟုတ်.. မဟုတ်ဟုတ် စိတ်ထဲကနေပြီး မထင်ရင် မထင်သလို ပြောလိုက်တာပဲ..။ အဲဒီပြောလိုက်တာကိုက ကြက်ကန်းဆန်အိုးတိုး သလို သွားသွားပြီး ဟုတ်နေတာ..။ အော်... တမင်တကာကို ကုန်ဖို့အတွက် ဖန်လာတော့ လုပ်တိုင်း ဖြစ်နေတာထင်ပါရဲ့ ဆိုပြီး အခုပို့စ်ရေးရင်နဲ့ပေါ့လေ စဉ်းစားလိုက်မိတယ်..။ အရင်ကတည်းကသာသိခဲ့ရင် နှစ်လုံးရောဂါ ရမှာမဟုတ်ပါဘူး..။

လုပ်တိုင်းကို ဖြစ်နေတော့တာ..။ မှတ်မှတ်ရရပေါ့ အိမ်ကနေလာတုန်းက အသပြာ ဆယ်သိန်း ယူလာတာ..။ မိဘနှစ်ပါးကတော့ မှာလိုက်တယ် “သားရေ ပိုက်ဆံကိုချွေတာသုံးနော် ကြားလား”.....။
ဒီကောင်ကတော့ မသုံးတဲ့အပြင် စီးပွားရေးတွေ၊ ကြီးပွားရေးတွေ လုပ်နေတာကိုတော့ မိဘနှစ်ပါး လုံးလုံးကို မသိလိုက်ဘူး..။ ဆယ်သိန်းကနေပွားလိုက်တာ နှစ်ဆယ့်ငါးသိန်း ကျော်သွားတယ်..။ ရပ်ကွက်ထဲမှာ နာမည်လည်း ကြီးလာတာပေါ့လေ.။

နောက်ကျတော့ ဘယ်လိုဖြစ်လာလဲဆိုရင် ကျွန်တော်မလာမချင်း သူတို့တစ်တွေက ဘာမှမလုပ်ကြဘူး..။ “ဟဲ့မအုန်း.. ဟိုကောင်လေး ပြန်မရောက်သေးဘူးလား.. သူ့ကိုစောင့်နေတာ.. ဒီနေ့တော့ဟာ.. ဘာတွေလုပ်ရင် ကောင်းမလဲ မသိဘူး.. ဂဏန်းတွေကများတယ် သူပြန်လာမှပဲ ထိုးတော့မယ်” ဆိုပြီး ကျွန်တော်မျိုး ပြန်အလာကို စောင့်နေကြတယ်တဲ့..။ ကျွန်တော်လည်း ပြန်ရောက်တာနဲ့ ရသမျှ ကြားသမျှ တွေကိုပြောပြ “ချိုင်း” ကိုကြည့်ပြီး ဒါကဘာကိုပြောတာ.. ဒါကဖြင့် ဘာအဓိပ္ပါယ်ပေါက်တာ... အဲလိုပေါ့ နေ့စဉ်နဲ့အမျှ အားတယ်ဆိုလို့ မရှိခဲ့ပါဘူးဗျာ..။

ကျွန်တော်သိပ်မကြာပါဘူး “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုသလို လုံးပါး ပါးသွားလိုက်တာ အားကုန်းသွားတဲ့ ဓါတ်မီးလိုပဲ  တဖြည်းဖြည်းနဲ့ အလင်းရောင်တွေ မှိန်လာတော့တယ်..။ အကြွေး တင်ရုံတင်မကဘူး လက်စွပ် ချွတ်ရောင်းရတဲ့အထိကို အဖြစ်ကဆိုးသွားရောပေါ့..။ ပြီးတော့ ဆွဲကြိုး နှစ်ကျပ်သား တစ်ကုံးလဲ ပေါင်ရာကနေမှတဆင့် “ငါမင်းနဲ့အတူမနေချင်တော့ဘူး” ဆိုပြီး ဆွဲကြိုးက ကျွန်တော့်ကို အပြီးအပိုင် စွန့်ခွါသွားတော့တယ်..။

အဲဒီမှာ နှစ်လုံးရောဂါစွဲနေတာနဲ့ပဲ ရန်ကုန်တက်လာတာ နိုင်ငံခြားသွားဖို့ဆိုတာကို မေ့တေ့တေ့ ဖြစ်နေတာပေါ့..။ တစ်နေ့မှာတော့ ရုံးကစာရောက်လာတယ်..။ ငွေသွင်းရမယ်တဲ့..။ အဲတော့မှ ဒီကောင်ကြီး ခေါင်းကြီးပါလေရော..။ ပါလာသမျှ အသပြာတွေလည်း နှစ်လုံးရောဂါကြောင့် ယိုင်တိယိုင်တိုင်ဖြစ်နေပြီလေ..။ စာကိုဖတ်နေစဉ်မှာပင် ရှေ့မလှမ်းမကမ်းမှ “ဟေ့.. စည်သူ.. အချိန်ကပ်နေပြီးလေ ဘာယူမှာလဲ” “အော်...အေးအေး လာပြီးလာပြီးအမ” ဆိုပြီး စာကို စာအုပ်ကြားညှပ်ကာ အသံကြားရာနောက်ကို တိုင်ပင်မခေါ်ပဲ လိုက်ပါသွားတာပေါ့..။

ပြီးတော့မှ “အမရေ... ကျွန်တော် ဒီအပတ်မကစားတော့ဘူးအမ” “ ဟာ... နင်ကလည်း ဘာဖြစ်တာလဲ လုပ်စမ်းပါ.. ဘာလဲ ပိုက်ဆံမရှိလို့လား.. ရတယ်နော်... တစ်ပတ်ပြည့်မှ တစ်ခါရှင်း.. ငါတို့ကနင့်ကို ယုံပြီးသားပါ” ဆိုပြီးတော့ စသလိုလို နောက်သလိုလို ပြောတော့ ဒီကောင်ကလဲ “အမ... တကယ်နော်” “တကယ်မဟုတ်ဘူး နှစ်ကယ် နှစ်ကယ်” ပြောပြောဆိုဆိုမှာပဲ “ပြောပြော ဘာထည့်မှာလဲ.. ကိုးလား... ခုနှစ်လား.. ပတ်မှာလား.... ထိပ်ပိတ်ဆွဲမှာလား...ဒီနေ့ ကိုးကောင်းတယ်နော်..”

“အဲဒါဆို ကျွန်တော့်ကို ကိုးထိပ် နှစ်ထောင်၊ ကိုးအပါ တစ်ထောင် ပြီးတော့ ကိုးခွန် တစ်ကွပ်တည်းကို နှစ်ထောင် ထည့်ပေးဗျာ” ဆိုပြီး ဝါးလုံးရှည်နှင့် ရမ်းလိုက်တော့တယ်..။
ို
သို့သော်... အဲဒီလို ကျွန်တော်ရမ်းလိုက်တဲ့ ဝါးလုံးရှည်ဟာ ဦတည်ထားတဲ့ပစ်မှတ်ကို မှန်လိမ့်မယ်လို့ ထင်လား... “ဖလပ်ဖလပ်” ဖြစ်နေတဲ့ သေခါနီးလူနာတစ်ယောက်ကို အသက်ကယ်ဆေး ထိုးပေးလိုက်သလိုပါပဲဗျာ...
မှန်ခဲ့ပါတယ်..။ ပေါက်ဂဏန်းက ကိုးခွန် ပါ..။

အဲဒါနဲ့ ချက်ချင်းပဲ ညနေပိုက်ဆံထုတ်ပြီးတာနဲ့ နက်ဖြန်ခါကျတော့ ရုံးကိုသွားပြီး ငွေငါးသိန်း သွင်းလိုက်တာပေါ့...။ နောက်ပိုင်းပြဿနာကိုတော့ ဘယ်လိုဖြေရှင်ရမလဲ ဆိုတာ လုံးဝကို မစဉ်းစားတတ်လောက်အောင် ကိုဖြစ်နေတာ.။ အိပ်လည်းမပျော်ဘူး.. စားလို့လည်းမရဘူး.. နောက်ဆုံး... လက်ဖက်ရည်ဆိုင်တောင် မထိုင်ချင်တော့ဘူး..။ အဖေလာရင် ငါဘယ်လိုပြောရမလဲ.. ငါဘယ်လိုရှင်းပြရမလဲ.. အဖေသိသွားရင်ရော ငါဘယ်လိုပြောရမလဲဆိုပြီး အသက်ရှူမမှန် တွေးတောပူပန်ပြီးတော့ ရင်ထဲမှာဆို့ကာ ကျွန်တော့်ရင်ထဲမှာ မီးတောင်ကြီး ပေါက်ကွဲသလိုမျိုး ဝေဒနာတွေ ခံစားခဲ့ရတယ်..။

နောက်ဆုံးကြတော့ လောကကြီးက ကျွန်တော့်ကိုပြောလာပါတယ် “အသင်မောင်မင်း မောင်မင်းအသင်” “အသင် နိုင်ငံခြားထွက်ရန် အချိန်ကျရောက်လာပြီဖြစ်လို့ အသင့်အား မြန်မာပြည်မှ ၁၉.၁၂.၂၀၀၅ နောက်ဆုံး ထား၍ ထွက်ခွါပေးပါရန် တောင်းဆိုအပ်ပါသည်” လည်းဆိုရော ဟိုသူငယ်ချင်းဆီပြေး၊ ဒီသူငယ်ချင်းဆီပြေးနဲ့ “ဆပ်ပြာသည် လင်ပျောက်သလို” ဖြစ်ခါ ကြွေးမြီ တစ်ဆယ့်ငါးသိန်း တင်ခဲ့တယ်လေ...။


မှတ်ချက်။ ။ လူသားတိုင်းသည်း အမှားနှင့်မကင်းကြပေ။ သို့သော်လည်း`“ပျက်အစဉ် ပြင်ခဏ” ဆိုသကဲ့သို့ မိမိအမှားကို အမှားမှန်းသိလျှင် အမှန်သို့ ပြင်နိုင်ကြပါစေ။ ကျွန်တော်ကဲ့သို့ မမိုက်မဲမိပါစေနှင့်။

ကျွန်တော်နှင့်နှစ်လုံးရောဂါမှအစ အောင်မြင်ခြင်းနှင့်စဆုံးသတ်ခြင်းထိ မငြီးမငြူ ဖတ်ပေးတဲ့ အကိုအမများကို အထူးကျေးဇူးတင်ရှိပါကြောင်း........။

ကျွန်တော့်ရဲ့ အကို အမများအား အစဉ်ထာဝရ ချစ်ခင်လေးစားစွာဖြင့်
စည်သူ။

ကျွန်တော်နှင့်နှစ်လုံးရောဂါ

on Wednesday, July 15, 2009

နှလုံးရောဂါဟာ အထူးသဖြင့် မိန်းကလေးတွေမှာ အဖြစ်များပါတယ်..။ မြန်မာနိုင်ငံမှာရှိကြတဲ့ မြန်မာအမျိုးသမီး အများစုက နှလုံးရောဂါဝေဒနာနဲ့ ပက်သက်လို့ အတော်လေးကိုခံစားရပါတယ်..။ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ သားရေးသမီးရေးနဲ့ ပက်သက်လို့ပေါ့လေ အစစ အရာရာ အဆင်မပြေမှုတွေကြောင့် ရရှိလာခြင်း ဖြစ်တယ်လို့ ကျွန်တော်သိခဲ့ရတယ်..။ တချို့ကျတော့လည်း မွေးရာပါ နှလုံးရောဂါ စွဲကပ်လာတာ ဆိုပေမယ့် ရာခိုင်နှုန်းကတော့ နည်းပါတယ်..။ အထူးသဖြင့်ပေပေါ့ အဲဒီအဆင်မပြေမှုတွေ နည်းပါးလာမှု၊ လျော့ကျလာမှုတွေဖြစ်အောင် ဘယ်လိုများ လုပ်ဆောင်ရမလဲဆိုရင်.. မမေးလိုက်ပါနဲ့ ကျွန်တော်လဲ မပြောတတ်ပါဘူး..။

ဘာကြောင့်လည်းဆိုရင် အဲဒါက မိန်းကလေးတွေမှာဖြစ်တဲ့ “နှလုံးရောဂါ”..။ ကျွန်တော်ဖြစ်တာက “နှစ်လုံးရောဂါ” ပါ။ အဲဒီနှစ်လုံးရောဟာလည်း မသေးဘူးဗျ..။ ကျွန်တော်အဲဒီနှစ်လုံးရောဂါကို တစ်နှစ်ခွဲလောက်ကို ခံစားလိုက်ရတာ ဟာ...မလွယ်ပါဘူး..။ ပြုတ်ပြုတ်ပြုန်းတော့တာပေါ့..။

ကျွန်တော်စင်္ကာပူမလာခင်မှာပေါ့ နယ်ကနေ ရန်ကုန်တက်လာတာလေ..။ ရန်ကုန်ရောက်တော့ အမျိုးတွေဆီမှာ မနေပဲ သူငယ်ချင်းတွေကို အရမ်းခင်တတ်လို့ သူငယ်ချင်းအိမ်မှာပဲ နေတယ်..။ အရင်ကတည်းကပါ ရန်ကုန်မြို့ ရောက်ရင် သူငယ်ချင်းကလည်း သူ့ဆီမှာလာတည်းပါလို့ ပြောထားလို့ပါ..။ ကျွန်တော်ရောက်တော့ သူ့အိမ်မှာ နေတာပေါ့လေ..။

သူငယ်ချင်းကလည်း မိန်းမရပြီးကတည်းက သူ့အမျိုးသမီးအိမ်မှာပဲ နေတာ..။ သူ့မိဘနှစ်ပါးစလုံးကလည်း ဆုံးသွားပြီးဆိုတော့ အိမ်မှာက သူ့အမတစ်ယောက်တည်းရှိတာ ကျွန်တော်ရောက်လာတော့ အဖော်ရတာပေါ့..။ သူငယ်ချင်းရဲ့အမက အပျိုကြီးဆိုတော့ ပစိပစပ်တော့ များတာပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော့်ကိုတော့ မောင်အရင်းတစ်ရောက်လို ပဲပြောမနာဆိုမနာပေါ့..။

ဒါနဲ့သူငယ်ချင်းက
“ဟေ့ကောင် မင်းအခု ဒီကိုဘာကိစ္စနဲ့ လာတာလဲကွ မင်းကလည်းကွာ နယ်ပြန်ဆင်းသွားတာနဲ့ တစ်ခါတည်းကို မေ့သွားတော့တာပဲ ဖုန်းလေးဘာလေးတောင် မဆက်ဘူး.. မင်းကတကယ့်ကောင်ဘဲ ငါကတော့ ဒီကောင် ရှိမှရှိသေးရဲ့လားဆိုပြီ စဉ်းစားနေတာ..”
“ဟာ....မင်းကလည်းကွာ ငါမရှိလို့ ဘယ်သွားရမှာလဲကွ မင်းလိုများထင်နေလို့လား မိဘအရိပ်အောက်ကနေ ဘယ်မှမသွားဘူးကွ”
“မသိပါဘူးကွာ ငါ့အထင်မင်းက ဟို...မွန်ငြိမ်းချမ်ရေးအဖွဲ့ထဲများဝင်သွားပြီလားလို့ပေါ့ကွာ”.....။

အဲလိုပြောကြပြီးနောက်သူငယ်ချင်းက
“ကဲ...ငါပြန်တော့မယ်”
“နေပါအုံးကွမင်းကလဲ”
“နေလို့မရတော့ဘူး မင်းအမက ငါ့ကို ကြာလို့ ရှင်ဘယ်သွားနေတာလဲ ဘယ်မှာသွားပြီး သဝေထိုးနေလဲဆိုပြီး ဘုနေအုံးမယ်” ဆိုပြီး ပြန်သွားတယ်..။ ကျွန်တော်လည်း ရေမိုးချိုးပြီးတာနဲ့ နှစ်ပတ်ဂျွမ်းထိုးပြီး အိပ်ရာတန်းဝင်ကာ စက်တော်ခေါ်လိုက် တယ်..။

တစ်လလောက်ကြာတော့ အဲဒီမှာလူတွေက အမြဲတမ်းတစုစု တဝေးဝေးနဲ့ ပြီးတော့ ပတွက်ပတွက်နဲ့ ဘာတွေပြာ ဘာတွေလုပ်နေကြမှန်းမသိဘူး..။ အဲဒါကိုသိချင်လို့ လေ့လာကြည့်တော့ ဘယ်ဟုတ်မလဲဗျ နှစ်လုံးရောဂါ ဖြစ်နေကြတာ..။ မကြာပါဘူး ကျွန်တော်လည်း နှစ်လုံးရောဂါစွဲကပ်ခါ နှစ်လုံးရောဂါဝေဒနာ ခံစားရသူတစ်ယောက် ဖြစ်သွားတာပေါ့..။

တစ်နေ့တော့ ဘေးအိမ်က အမတစ်ယောက်ကနေပြီးတော့
“ဟေ့..မောင်စည်သူ”
“ဗျာအမ”
“နင်တို့ဘက်က ဒါမျိုးတွေ ခေတ်စားတယ်မှတ်လား... လာစမ်းပါအုံး ဒီမှာလာကြည့်ပေးပါအုံး” ဆိုပြီး ချိုင်းစာရွက်တစ်ရွက်ကို ထုတ်ပြတယ်..။ ကျွန်တော်လည်း နှစ်လုံးရောဂါ ဝင်ခါစဆိုတော့ နှစ်ခါတောင် မခေါ်ရဘူး ခေါ်ရာနောက်ကို တစ်ခါတည်း သံလိုက်နဲ့ သံကိုဆွဲလိုက်သလားအောင့်မေ့ရတယ် ဂွပ်ကနဲ ပါသွားရော..။

ပြောပြောဆိုဆိုနဲ့ ကျွန်တော်အိမ်ပေါ် တက်သွားရော.. အပေါ်လည်းရောက်ရော “နှစ်လုံးရောဂါရှင်များဂေဟာ” လို့ခေါ်ရလောက်အောင် ရောဂါသည်တွေ တအားများတာကို ကျွန်တော်တွေ့လိုက်ရတယ်..။ အပျိုကြီး လေးငါးရောက်နဲ့ အသက်နဲနဲခပ်ကြီးကြီး အဒေါ်ကြီးလေးငါးယောက် တစောင်းထိုင်ကာ လက်လေးနဲ့ မေးလေးကို ထောင့်ပြီးတော့ ကုန်းကုန်းကွကွနဲ့ ကြည့်နေတာကိုတွေ့ရတယ်...။

အဲဒီမှာ တစ်ယောက်သောသူက `“လာမောင်လေးလာ... ဒီမှာကြည့်ပေးစမ်းပါအုံး.. ဒီသစ်ပင်က တစ်မျိုးကြီးပဲ ခါတိုင်းနဲ့မတူဘူး.. ပြီးတော့ ငှက်ကလဲ ရှစ်ကောင်၊ လေးကောင်က နားနေပြီး လေးကောင်က ပျံနေတယ် ဘာသဘောလဲမသိဘူး.. ပြီးတော့ အောက်မှာက လူတစ်ယောက်... အဲဒီလူက သစ်ပင်ပေါ်မှာရှိတဲ့ ငှက်ကိုပစ်ဖို့ ချိန်ထားတယ်... ပြီးတော့အောက်ဆုံးမှာ စာရေးထားတယ်.. ငှက်ကိုလေးကောင်စီဖမ်းယူပါ ဆိုပြီးပါသေးတယ်” ဆိုပြီးကျွန်တော့်ကိုရှင်းပြတယ်..။ ပြီးတော့ “ဒီချိုင်းက နှစ်ရက်စာ တစ်ရက်စာမဟုတ်ဘူး... တစ်ခါတလေ သုံးရက်တောင် မှန်တယ်မောင်လေး.. အဲဒါကြည့်ပေးစမ်းပါ” လို့ထပ်ပြောတယ်..။

ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ ကြည့်ပြီး အတန်ကြာတော့ “အင်း.. အဲဒါဆိုရင်ဟုတ်ပြီး အဒေါ်တို့မပူနဲ့ ကျွန်တော်သိပြီး သူက သစ်ပင်ကို ထင်ထင်ရှားရှားဖြစ်အောင် ညွှန်းထားတာဖြစ်လို့ ကျွန်တော်တို့က သစ်ပင်ကို ကောက်ရမယ် ပြီးတော့ ငှက်က ရှစ်ကောင်ဆိုပေမယ့် လေးကောင်က နားနေပြီး လေးကောင်က ပျံနေတယ်... အဲဒါဆိုရင် သစ်ပင်ကခြောက် လေးကောင်ပဲ နားနေတဲ့အတွက်လေး ခြောက်လေးတစ်ကွပ် ရသွားပြီးနော် ဒါမှမဟုတ်ရင် ငှက်ကရှစ်ကောင် ဖြစ်တဲ့အတွက် ပေါင်းခြင်းရှစ်လား... ပေါင်းခြင်းရှစ်ဆိုရင် သစ်ပင်နဲ့ဆိုတော့ ခြောက်နှစ် တစ်ကွက်ပဲရှိတယ်” ဆိုပြီး သစ်ပင်နဲ့ငှက်ရဲ့ အရှုပ်ထုပ်ကို ဆရာကြီးစတိုင်နဲ့ ရှင်းပြလိုက်တာပေါ့ ...။

ကျွန်တ်ာတို့က ဒီပျံနေတဲ့လေးကောင်က မနက်ဖြန်အတွက် ထားလိုက်မယ်.. အောက်ကငှက်တွေကို ပစ်မဲ့လူဟာ သူက ဒီငှက်ကိုပစ်ကိုပစ်မှာပဲ.. အဲဒါကြောင့် ဒီနေ့ကတော့ နှစ် တစ်လုံးကတော့ ရှူးဝါးပဲ..။ ပတ်ချင်ရင်တော့ နှစ်ပတ်ပေါ့..။ ကျွန်တော့်အမြင်ကိုပြောတာနော်... ပြီးတော့ လေးကောင်စီ ဖမ်းယူပါဆိုတော့ ငှက်က နှစ် လေးကောင် ဆိုတော့ ရှစ်ဖြစ်မလား... အဲဒါတစ်ချက် စဉ်းစားရမယ်.. အဲဒီအတိုင်း လာမယ်ဆိုရင် လူရယ်.. ငှက်ရယ် ဆိုတော့ ကျွန်တော်တို့က လေးနှစ် ငှက်လေးကောင်ပေါင်းနဲ့ဆိုရင် လေးရှစ် အရံအနေနဲ့ ရှစ်နှစ် ပါထည့်ထားပေါ့” ဆိုပြီး နှစ်လုံးရောဂါသည်ချင်းပီပီ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်တယ်..။ ရှင်းပြလည်းပြီးရော ထိုးကြတာပေါ့..။ တစ်ရောက်ကလည်း “ငါ.. “နှစ်” တစ်ရာဘိုးပတ်မယ်.... ငါလည်း ငါးဆယ်ပါမယ်........ ငါလည်းတစ်ရာပါမယ်” နဲ့  ရုတ်ရုတ်သဲသဲနဲ့ ဆူညံထွက်သွားတာပဲ..။

မကြာပါဘူး ဆယ့်နှစ်နာရီလည်း ထိုးရော ဘေးဘက်က ပြောဆိုသံတွေ ဆူညံသံတွေ ထွက်လာ ပြီးခဏမှာတော့ ပျော်ရွှင်ကြည်နူးသော ခေါ်သံနှင့်အတူ
“စည်သူရေး... စည်သူ”
“ပြောအမ”
“ခြောက်နှစ်တဲ့ဟေ့.. ခြောက်နှစ်”
ကျွန်တော့်မှာဘာပြောရမှန်းမသိတော့ ကျွန်တော်လည်း “ခြောက်နှစ်” “နှစ်ခြောက်” ကို တစ်ထောင့်ငါးရာစီ ထိုးထားခဲ့တာလေ..။



ကျွန်တော့်ရဲ့ အကို အမများကို လေးစားစွာဖြင့်
...................................................စည်သူ။

အခု.. အချိန်ကလည်း ၃း၃၀ ရှိသွားပြီ..။ စာတွေကလည်း အရမ်းရှည်သွားပြီဖြစ်လို့ ခဏလေးနားလိုက်ပါတယ်.....။ ကျွန်တော့်အကို အမတွေကို မလေးစားလို့ မဟုတ်ပါဘူး..။ မနက်ဖြန်မနက်မှာ သူငယ်ချင်းအမတစ်ယောက် အိမ်ပြောင်းမလို့ ဆိုပြီး ခေါ်ထားတယ်..။ Boonlay မှာလေ.... အဲဒါသွားပြီး ဝိုင်းကူရမှာမို့ ပါ..။

သတိရလိုက်ပါ “ငါ့”ကို

on Sunday, July 12, 2009

မင်းရင်ထဲမှာ

ပူဆွေးသောကတွေနဲ့ ပြည့်လျှံနေတဲ့အခါ

သတိရလိုက်ပါ `“ငါ့”ကို...။

ဒဏ်ခတ်ခံနေရတဲ့ မင်းနှလုံးသားရဲ့

ကြေကွဲသံဇဉ်တွေကြောင့်

မင်းမျက်ရည်တွေ ကခုန်လာတဲ့အခါ

သတိရလိုက်ပါ“ငါ့”ကို...။

သုတ်ပေးမယ့်သူမရှိတဲ့

မင်းနဖူးပေါ်ကချွေးတွေ

စီးကျလာတဲ့အခါ

သတိရလိုက်ပါ“ငါ့”ကို...။

မင်းကသာ `“ငါ့”ကို အမှတ်တမဲ့ဖြစ်ပေမယ့်

`“ငါ”က မင်းအတွက် အမြဲထာဝရပါ...။

အဲလောက်ဆို မင်းသိဖို့ကောင်းတယ်

ငါဟာ လမ်းဘေးက

`“သုံး”ထုပ်ဝယ် `“တစ်”ထုပ်လက်ဆောင်ပေးတဲ့

တန်ဘိုးမဲ့ တစ်ရှူးအရောင်းသမားလေးပါ...။

ပျော်ရွှင်နိုင်ကြပါစေ။

...............................စည်သူ။


လွမ်းလွန်းလို့ လည်လည်လာလှည့်

on Thursday, July 9, 2009

လာလာ လာလာ
လွမ်းလွန်းလို့ လေ
လည်လည်လာလှည့်
လာလှည့်လည်လည်
လည်လည်လှည့်လာ
လည်လာလှည့် လွမ်းလို့ 
လွမ်းလို့  လည်လာလှည့်လေ..။

လာလာ လာလာ
လည်လာလှည့်လာ
လှည့်လာလည်လည်
လာလှည့် လေ့လာ
လာလေ့လာလှည့်
လာလေ့လာလိုလျှင်
လာလေ့လာလို့ လည်း
လာလေ့လာလို့ လေ
လိုလိုလားလား
လာလေ့လာလှည့်လေ..။

လာလာလာလာ
လာလည်လှည့်လေ
လာလည်လှည့်လျှင်
လာလည်လို့ လေ
လာလည်လို့  လွမ်းလိုက်လေ..။

လာလာလာလာ
လည်လာလှည့်လေ
လည်လာလှည့်လျှင်
လည်လာလို့ လေ
လိုလိုလားလား
လှိုက်လှိုက်လှဲလှဲ
လွမ်းလွန်းလို့  လည်လည် လာလှည့်လေ..။


စည်သူ..။ှဲ



ကျွန်တော့်ဘဝ “၂ ”

on Sunday, July 5, 2009

ကျွန်တော့်ဘဝ “၂” ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပြီးတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ဖို့ နှစ်ဆယ့်နှစ်မိနစ်နဲ့ သုံးဆယ့်လေးစက္ကန့်ခွဲ ကြာပြီးမှ စာကြောင်းလေးတွေ ထွက်လာတာ။ ဒါတောင် အတော်လေးကို စဉ်းစားရတာ.. ဟီးဟီး..။ ဟိုလေး.. ဟို.. တောသားဆိုတော့ သိတဲ့အတိုင်းပေါ့နော်..။

တောရွာမှာမွေးပြီး တောရိပ်ခိုလို့ တောတောင်တွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်ဟာ တကယ်တော့ မြို့နေကလေးဘဝတွေနဲ့ အင်မတန်မှ ကွာခြားလှပါတယ်.။ ဘာကြောင့်လဲဆိုလို့ရှိရင် စာပေနဲ့သော်လည်းကောင်း၊ အတွေးအခေါ်နဲ့သော်လည်းကောင်း၊ ပတ်ဝန်းကျင် ဗဟုသုတနဲ့သော်လည်းကောင်း အစစ အရာရာပေါ့ အရမ်းကိုကွာခြားပါတယ်..။

ကျွန်တော်မူလတန်းအရွယ်မှာ ပညာသင်ခဲ့ရတဲ့ ကျောင်းဆိုရင် ဟိုး... ရွာအစွန်မှာပေါ့..။ ကျောင်းရဲ့ ဘေးမှာ ဆိုရင် သစ်ပင်တွေက အကြီးကြီး..။ ပြီးတော့ “မြန်မာ့ရွှေဖြူ ရိုးမကိုလွှမ်းစေရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီပေါ့လေ.. ရာဘာတောတွေကလည်း အများကြီး.. ပြီးတော့ ကျောင်းရှေ့တည့်တည့်မှာဆိုလို့ရှိရင် မှတ်မှတ်ရရပေါ့လေ တကယ့်ကို လူဆယ့်ရှစ်ဖက်စာလောက် ရှိတဲ့ ညောင်ပင်ကြီးတစ်ပင်လည်း ရှိတယ်..။ (ဟယ်ဟယ်.. မယုံမရှိနဲ့နော်.. တားတားဖက်ရင်ပြောတာ.. တားတားက မူလတန်း အရွယ်လေ..)

ပြီးတော့ ကျောင်းကလည်းအိုပြီး ကျောင်းအိုကြီးပေါ့လေ..။ ကျောင်းက ရွာစွန်မှာဆိုတော့ လေတိုက်ရင်လည်း သွပ်တွေကလန်.. ဖက်တွေကပျံ.. မိုးရွာရင်လည်း မိုးတွေကယို.. လူတွေက စိုပေါ့ဗျာ..။ ကျွန်တော်တို့ကျောင်းက အားလုံးကို သွပ်မိုးထားတာပဲလေ..။ အဲလိုဖြစ်တဲ့အတွက် သွပ်မတတ်နိုင်လို့ ဖက်အစားထိုးရင်းနဲ့ သွပ်နဲ့ဖက်ရောပြီး သွပ်ကနှစ်ပုံ ဖက်ကတစ်ပုံ ဖြစ်သွားတာဗျာ..။

အင်း.. ဒီလောက်ဆိုရင် ကျွန်တော်နေခဲ့တဲ့ ကျောင်းကြီးကို မျက်စိထဲမြင်လောက်ရောပေါ့..။ မြင်ရင် ဒီသီချင်း စာသားလေးတစ်ကြောင်းကို ကိုယ်ခန္ဓာကို Rapper တစ်ယောက်လို ဘယ်ညာတိမ်းပြီး စာသားလေးအတိုင်း ဆိုကြည့်ရအောင်.. “ဟေး ဒီမှာ နေ့နဲ့ညနဲ့ ညနဲ့နေ့နဲ့ မင်းအကြောင်းတွေးရင်း မောမိတယ်”..။ အဲဒီစာသားနေရာမှာ ကျွန်တော့် ကျောင်းလေးကို အစားထိုးလည်း ထိုးလိုက်ရော သီချင်းစာသားလေးက “ဟေး ဒီမှာ ဖက်နဲ့သွပ်နဲ့ သွပ်နဲ့ဖက်နဲ့ ရောပြီးမိုးထားတယ်” ဖြစ်သွားတာပေါ့ဗျာ..။

အကျဉ်းချုပ်လိုက်တော့မယ်ဗျာ.. ဆက်ရေးနေရင် ဖတ်ရတဲ့သူ ညစ်သွားမှာစိုးလို့ပါ..။ အော်... ပြောမယ်သာ ပြောရတယ် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေမလားမသိဘူး..။ ဘာလို့လဲဆိုတော့ အဲဒီ... ဖက်နဲ့သွပ်နဲ့ ရောထားတဲ့ ဖက်သွပ်ကျောင်းကြီးရဲ့ ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ရဲ့တစ်ဦးတည်းသော “ဖခင်” ဖြစ်နေလို့ပါဗျာ..။

“ဟေး ဒီမှာ ဖက်နဲသွပ်နဲ့ သွပ်နဲ့ဖက်နဲ့ ရောပြီး မိုးထားတယ်” (ခန္ဓာကိုယ်တိမ်းဖို့ ထပ်ပြီး သတိမပေးတော့ဘူးနော်.. ဟဲဟဲ..) ဆိုတဲ့ မူလတန်းအရွယ်က ကျွန်တော် ပညာသင်ခဲ့ရတဲ့ ကျောင်းနဲ့ ကျောင်းအုပ်ဆရာကြီးကို ကိုယ်စားပြုတဲ့ အကြောင်းကို ဒီလိုလေး ရေးထားပါသေးတယ်..။

ကျွန်တော့်ဘဝ “ ၂ ”

မူလတန်းအရွယ်
ကျောင်းသားငယ်လေးကျွန်တော်
ဟိုး... ရွာဇနပုဒ်
ကျောင်းအိုလေးဝယ်
ပညာသင်ခဲ့ရ
ကျွန်တော့်ဘဝ..။

ဖခင်ဖြစ်သူကကျောင်းဆရာ
ရသည့်လစာက “၁၂၈”
အလတ်ဖြစ်သည့် ကျွန်တော်
အဲဒါတွေ
နားမလည်ခဲ့ပါ..။

ကျောင်းကြီးရယ်တဲ့ “အိုအို”
လက်ရမ်းငယ်ပြိုလို့
ကူလည့်ပါ အရပ်ကတို့ဟု
“ဖခင်” ခမျာမှာ
ရွာပတ်ကာတကြော်ကြော်
နေ့ညမနား
ဥာဏစွမ်းအပြင်
ကာယအလီလီ
အော်.....ကူခဲ့ရ၏..။

ထို.....ထို.....ထို.....သော
ရွာဇနပုဒ်က
လေယူရာတိမ်း
ယိမ်းတော့မည့်အလား
ကျောင်းအိုလေးဝယ်
ပညာသင်ခဲ့ရ
ကျွန်တော့်ဘဝ

စည်သူ