ကျွန်တော့်ဘဝ “၂ ”

on Sunday, July 5, 2009

ကျွန်တော့်ဘဝ “၂” ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပြီးတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ဖို့ နှစ်ဆယ့်နှစ်မိနစ်နဲ့ သုံးဆယ့်လေးစက္ကန့်ခွဲ ကြာပြီးမှ စာကြောင်းလေးတွေ ထွက်လာတာ။ ဒါတောင် အတော်လေးကို စဉ်းစားရတာ.. ဟီးဟီး..။ ဟိုလေး.. ဟို.. တောသားဆိုတော့ သိတဲ့အတိုင်းပေါ့နော်..။

တောရွာမှာမွေးပြီး တောရိပ်ခိုလို့ တောတောင်တွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်ဟာ တကယ်တော့ မြို့နေကလေးဘဝတွေနဲ့ အင်မတန်မှ ကွာခြားလှပါတယ်.။ ဘာကြောင့်လဲဆိုလို့ရှိရင် စာပေနဲ့သော်လည်းကောင်း၊ အတွေးအခေါ်နဲ့သော်လည်းကောင်း၊ ပတ်ဝန်းကျင် ဗဟုသုတနဲ့သော်လည်းကောင်း အစစ အရာရာပေါ့ အရမ်းကိုကွာခြားပါတယ်..။

ကျွန်တော်မူလတန်းအရွယ်မှာ ပညာသင်ခဲ့ရတဲ့ ကျောင်းဆိုရင် ဟိုး... ရွာအစွန်မှာပေါ့..။ ကျောင်းရဲ့ ဘေးမှာ ဆိုရင် သစ်ပင်တွေက အကြီးကြီး..။ ပြီးတော့ “မြန်မာ့ရွှေဖြူ ရိုးမကိုလွှမ်းစေရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီပေါ့လေ.. ရာဘာတောတွေကလည်း အများကြီး.. ပြီးတော့ ကျောင်းရှေ့တည့်တည့်မှာဆိုလို့ရှိရင် မှတ်မှတ်ရရပေါ့လေ တကယ့်ကို လူဆယ့်ရှစ်ဖက်စာလောက် ရှိတဲ့ ညောင်ပင်ကြီးတစ်ပင်လည်း ရှိတယ်..။ (ဟယ်ဟယ်.. မယုံမရှိနဲ့နော်.. တားတားဖက်ရင်ပြောတာ.. တားတားက မူလတန်း အရွယ်လေ..)

ပြီးတော့ ကျောင်းကလည်းအိုပြီး ကျောင်းအိုကြီးပေါ့လေ..။ ကျောင်းက ရွာစွန်မှာဆိုတော့ လေတိုက်ရင်လည်း သွပ်တွေကလန်.. ဖက်တွေကပျံ.. မိုးရွာရင်လည်း မိုးတွေကယို.. လူတွေက စိုပေါ့ဗျာ..။ ကျွန်တော်တို့ကျောင်းက အားလုံးကို သွပ်မိုးထားတာပဲလေ..။ အဲလိုဖြစ်တဲ့အတွက် သွပ်မတတ်နိုင်လို့ ဖက်အစားထိုးရင်းနဲ့ သွပ်နဲ့ဖက်ရောပြီး သွပ်ကနှစ်ပုံ ဖက်ကတစ်ပုံ ဖြစ်သွားတာဗျာ..။

အင်း.. ဒီလောက်ဆိုရင် ကျွန်တော်နေခဲ့တဲ့ ကျောင်းကြီးကို မျက်စိထဲမြင်လောက်ရောပေါ့..။ မြင်ရင် ဒီသီချင်း စာသားလေးတစ်ကြောင်းကို ကိုယ်ခန္ဓာကို Rapper တစ်ယောက်လို ဘယ်ညာတိမ်းပြီး စာသားလေးအတိုင်း ဆိုကြည့်ရအောင်.. “ဟေး ဒီမှာ နေ့နဲ့ညနဲ့ ညနဲ့နေ့နဲ့ မင်းအကြောင်းတွေးရင်း မောမိတယ်”..။ အဲဒီစာသားနေရာမှာ ကျွန်တော့် ကျောင်းလေးကို အစားထိုးလည်း ထိုးလိုက်ရော သီချင်းစာသားလေးက “ဟေး ဒီမှာ ဖက်နဲ့သွပ်နဲ့ သွပ်နဲ့ဖက်နဲ့ ရောပြီးမိုးထားတယ်” ဖြစ်သွားတာပေါ့ဗျာ..။

အကျဉ်းချုပ်လိုက်တော့မယ်ဗျာ.. ဆက်ရေးနေရင် ဖတ်ရတဲ့သူ ညစ်သွားမှာစိုးလို့ပါ..။ အော်... ပြောမယ်သာ ပြောရတယ် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေမလားမသိဘူး..။ ဘာလို့လဲဆိုတော့ အဲဒီ... ဖက်နဲ့သွပ်နဲ့ ရောထားတဲ့ ဖက်သွပ်ကျောင်းကြီးရဲ့ ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ရဲ့တစ်ဦးတည်းသော “ဖခင်” ဖြစ်နေလို့ပါဗျာ..။

“ဟေး ဒီမှာ ဖက်နဲသွပ်နဲ့ သွပ်နဲ့ဖက်နဲ့ ရောပြီး မိုးထားတယ်” (ခန္ဓာကိုယ်တိမ်းဖို့ ထပ်ပြီး သတိမပေးတော့ဘူးနော်.. ဟဲဟဲ..) ဆိုတဲ့ မူလတန်းအရွယ်က ကျွန်တော် ပညာသင်ခဲ့ရတဲ့ ကျောင်းနဲ့ ကျောင်းအုပ်ဆရာကြီးကို ကိုယ်စားပြုတဲ့ အကြောင်းကို ဒီလိုလေး ရေးထားပါသေးတယ်..။

ကျွန်တော့်ဘဝ “ ၂ ”

မူလတန်းအရွယ်
ကျောင်းသားငယ်လေးကျွန်တော်
ဟိုး... ရွာဇနပုဒ်
ကျောင်းအိုလေးဝယ်
ပညာသင်ခဲ့ရ
ကျွန်တော့်ဘဝ..။

ဖခင်ဖြစ်သူကကျောင်းဆရာ
ရသည့်လစာက “၁၂၈”
အလတ်ဖြစ်သည့် ကျွန်တော်
အဲဒါတွေ
နားမလည်ခဲ့ပါ..။

ကျောင်းကြီးရယ်တဲ့ “အိုအို”
လက်ရမ်းငယ်ပြိုလို့
ကူလည့်ပါ အရပ်ကတို့ဟု
“ဖခင်” ခမျာမှာ
ရွာပတ်ကာတကြော်ကြော်
နေ့ညမနား
ဥာဏစွမ်းအပြင်
ကာယအလီလီ
အော်.....ကူခဲ့ရ၏..။

ထို.....ထို.....ထို.....သော
ရွာဇနပုဒ်က
လေယူရာတိမ်း
ယိမ်းတော့မည့်အလား
ကျောင်းအိုလေးဝယ်
ပညာသင်ခဲ့ရ
ကျွန်တော့်ဘဝ

စည်သူ

7 comments:

rose of sharon said...

စာလာဖတ်သွားတယ်...

Anonymous said...

အင်း.. သနားစရာ.. ပျော်စရာလည်းကောင်းခဲ့မှာ.. အဲ့လိုမိုးယိုတဲ့ကျောင်းမျိုး ဘာရယ်မဟုတ် အလည်သွားကြည့်ချင်သား..း)

မယ့်ကိုး said...

အေးအေးချမ်းချမ်းတော့ ရှိမယ့်ကျောင်းလေးပဲနော်။

မေဇင် said...

ဟေ့ ဘ၀တူတွေပဲ...တို့လဲ အဲ့လို ကျောင်းမျိုးနဲ့ နေခဲ့ရတာ... ဒါပေမယ့် တို့က ဖတ်ကြီးပဲ...း(...။ ဒါပေမယ့် တို့ အဖေ ကအဲ့ဒီ ကျောင်းရဲ့ ကျောင်းအုပ်တော့ ဟုတ်ဘူး..။ ဒါပေမယ့် တို့ ကျောင်းထက် စုတ်တဲ့ ကျောင်းလေး ရဲ့ ကျောင်းအုပ်ဆရာ ပါ..။း) လွမ်းသွားပြီ ကျောင်းတော်လေး ကို..။

ကိုရင်နော် said...

“သွပ်တွေကလန်.. ဖက်တွေကပျံ.. မိုးရွာရင်လည်း မိုးတွေကယို.. လူတွေက စို..” တဲ့..

ဖက်သွပ်ကျောင်းကြီးက ညီငယ်စည်သူရေ..

“ဟေ့.. ဒီမှာ ဖွတ်နဲ့ သက်နဲ့ ဖွတ်နဲ့သက်နဲ့.. (အဲလေ..မှားလို့) ဟေ့.. ဒီမှာ ဖက်နဲ့ သွပ်နဲ့ ဖက်နဲ့ သွပ်နဲ့.. ရောရော.. ရေးရေးရေး.. အာဟ အာဟ..”း))

ညီရေ.. ကျောင်းကြီးကို မျက်လုံးထဲ မြင်ယောင်လာတယ်.. အဲ့ဒါ ညီ ငယ်ငယ်တုန်းက ဆိုပေမယ့် အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာလည်း ဒီလိုကျောင်းတွေ ရှိနေတုန်းကွ.. အဟေးဟေး..

အရေးအသားမြူးကြွတယ်..
များများရေးဟေ့.. အားပေးနေတယ်..း)

ခင်မင်စွာဖြင့်..

ကိုရင်နော်

Sein Lyan Tun said...

ကိုစည်သူ က မွန်ပြည်နယ်ကလား

ဘယ်မှာနေတုန်းးး


ကျနော်က မော်လမြိုင်သား

ခင်မင်စွာဖြင့်

ဖိုးစိန်

ဇော် said...

ဟယ် ...
ရေးတတ်လိုက်လေခြင်း။ =)