အောင်မြင်ခြင်းနှင့်အဆုံးသတ်ခြင်း

on Saturday, July 18, 2009

အဲဒီလို ကျွန်တော်ရဲ့ ပေါက်ကရအတွေးတွေနဲ့ ပေါင်းစပ်ပြီး ရောသမမွှေမှုတွေကြောင့် နှစ်လုံးရောဂါကို မွေးထုတ်ပြီး ကူးစပ်မှုတွေကလည်း လျှင်မြန်လာခဲ့တယ်..။
“ဟဲ့.. စည်သူ.. နင်ရောဘယ်လောက်ရလဲ”
“နည်းနည်းပါးပါးပါ အမရာ”
“ငါတောင် တစ်ရာ့ငါးဆယ်ဘိုးရတယ်.. နင်ဆိုအများကြီးရမှာပေါ့.. နင်ကောက်ပေးလို့လေ ငါတို့ တစ်ဖွဲ့လုံး ရကြတာ ဟိုမှာလေ မေးနေကြတယ်.. ဟဲ့.... အဲကောင်းလေးက ဘယ်ကလဲ ငါတို့တစ်ခါမှ မတွေ့ဖူးဘူး.. တဲ့ သူကောက်တာလေ တော်တယ်နော်...” ဆိုပြီး ကျွန်တော့်ကို မျှော်သူတွေ၊ ခင်မင်သူတွေ များလာတာပေါ့..။

အဲလိုနဲ့နေလာလိုက်တာ တစ်လလောက် အကြာမှာတော့ နှစ်လုံးရောဂါကို ကုစားတဲ့ ဒေါက်တာတွေနဲ့ပါ ကျွန်တော် ရင်းနှီးမှုတွေ ရလာတာပေါ့.. (ဒိုင်ကိုပြောတာပါ) ဒေါက်တာတွေကလည်း ကျွန်တော့်ကိုသိတာမှဖြင့် ကြာသေးဘူး
“ဟဲ့စည်သူ... ဘာထည့်အုံးမှာလဲ... ပတ်မှာလား... ထိပ်စည်းဆွဲမှာလား... ဒီနေ့ဘာတစ်လုံးကောင်းလဲ” အဲလိုမျိုးပေါ့ နေ့တိုင်းလိုလို မေးကြတယ်လေ..။ ဒီကလည်း ဟုတ်ဟုတ်.. မဟုတ်ဟုတ် စိတ်ထဲကနေပြီး မထင်ရင် မထင်သလို ပြောလိုက်တာပဲ..။ အဲဒီပြောလိုက်တာကိုက ကြက်ကန်းဆန်အိုးတိုး သလို သွားသွားပြီး ဟုတ်နေတာ..။ အော်... တမင်တကာကို ကုန်ဖို့အတွက် ဖန်လာတော့ လုပ်တိုင်း ဖြစ်နေတာထင်ပါရဲ့ ဆိုပြီး အခုပို့စ်ရေးရင်နဲ့ပေါ့လေ စဉ်းစားလိုက်မိတယ်..။ အရင်ကတည်းကသာသိခဲ့ရင် နှစ်လုံးရောဂါ ရမှာမဟုတ်ပါဘူး..။

လုပ်တိုင်းကို ဖြစ်နေတော့တာ..။ မှတ်မှတ်ရရပေါ့ အိမ်ကနေလာတုန်းက အသပြာ ဆယ်သိန်း ယူလာတာ..။ မိဘနှစ်ပါးကတော့ မှာလိုက်တယ် “သားရေ ပိုက်ဆံကိုချွေတာသုံးနော် ကြားလား”.....။
ဒီကောင်ကတော့ မသုံးတဲ့အပြင် စီးပွားရေးတွေ၊ ကြီးပွားရေးတွေ လုပ်နေတာကိုတော့ မိဘနှစ်ပါး လုံးလုံးကို မသိလိုက်ဘူး..။ ဆယ်သိန်းကနေပွားလိုက်တာ နှစ်ဆယ့်ငါးသိန်း ကျော်သွားတယ်..။ ရပ်ကွက်ထဲမှာ နာမည်လည်း ကြီးလာတာပေါ့လေ.။

နောက်ကျတော့ ဘယ်လိုဖြစ်လာလဲဆိုရင် ကျွန်တော်မလာမချင်း သူတို့တစ်တွေက ဘာမှမလုပ်ကြဘူး..။ “ဟဲ့မအုန်း.. ဟိုကောင်လေး ပြန်မရောက်သေးဘူးလား.. သူ့ကိုစောင့်နေတာ.. ဒီနေ့တော့ဟာ.. ဘာတွေလုပ်ရင် ကောင်းမလဲ မသိဘူး.. ဂဏန်းတွေကများတယ် သူပြန်လာမှပဲ ထိုးတော့မယ်” ဆိုပြီး ကျွန်တော်မျိုး ပြန်အလာကို စောင့်နေကြတယ်တဲ့..။ ကျွန်တော်လည်း ပြန်ရောက်တာနဲ့ ရသမျှ ကြားသမျှ တွေကိုပြောပြ “ချိုင်း” ကိုကြည့်ပြီး ဒါကဘာကိုပြောတာ.. ဒါကဖြင့် ဘာအဓိပ္ပါယ်ပေါက်တာ... အဲလိုပေါ့ နေ့စဉ်နဲ့အမျှ အားတယ်ဆိုလို့ မရှိခဲ့ပါဘူးဗျာ..။

ကျွန်တော်သိပ်မကြာပါဘူး “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုသလို လုံးပါး ပါးသွားလိုက်တာ အားကုန်းသွားတဲ့ ဓါတ်မီးလိုပဲ  တဖြည်းဖြည်းနဲ့ အလင်းရောင်တွေ မှိန်လာတော့တယ်..။ အကြွေး တင်ရုံတင်မကဘူး လက်စွပ် ချွတ်ရောင်းရတဲ့အထိကို အဖြစ်ကဆိုးသွားရောပေါ့..။ ပြီးတော့ ဆွဲကြိုး နှစ်ကျပ်သား တစ်ကုံးလဲ ပေါင်ရာကနေမှတဆင့် “ငါမင်းနဲ့အတူမနေချင်တော့ဘူး” ဆိုပြီး ဆွဲကြိုးက ကျွန်တော့်ကို အပြီးအပိုင် စွန့်ခွါသွားတော့တယ်..။

အဲဒီမှာ နှစ်လုံးရောဂါစွဲနေတာနဲ့ပဲ ရန်ကုန်တက်လာတာ နိုင်ငံခြားသွားဖို့ဆိုတာကို မေ့တေ့တေ့ ဖြစ်နေတာပေါ့..။ တစ်နေ့မှာတော့ ရုံးကစာရောက်လာတယ်..။ ငွေသွင်းရမယ်တဲ့..။ အဲတော့မှ ဒီကောင်ကြီး ခေါင်းကြီးပါလေရော..။ ပါလာသမျှ အသပြာတွေလည်း နှစ်လုံးရောဂါကြောင့် ယိုင်တိယိုင်တိုင်ဖြစ်နေပြီလေ..။ စာကိုဖတ်နေစဉ်မှာပင် ရှေ့မလှမ်းမကမ်းမှ “ဟေ့.. စည်သူ.. အချိန်ကပ်နေပြီးလေ ဘာယူမှာလဲ” “အော်...အေးအေး လာပြီးလာပြီးအမ” ဆိုပြီး စာကို စာအုပ်ကြားညှပ်ကာ အသံကြားရာနောက်ကို တိုင်ပင်မခေါ်ပဲ လိုက်ပါသွားတာပေါ့..။

ပြီးတော့မှ “အမရေ... ကျွန်တော် ဒီအပတ်မကစားတော့ဘူးအမ” “ ဟာ... နင်ကလည်း ဘာဖြစ်တာလဲ လုပ်စမ်းပါ.. ဘာလဲ ပိုက်ဆံမရှိလို့လား.. ရတယ်နော်... တစ်ပတ်ပြည့်မှ တစ်ခါရှင်း.. ငါတို့ကနင့်ကို ယုံပြီးသားပါ” ဆိုပြီးတော့ စသလိုလို နောက်သလိုလို ပြောတော့ ဒီကောင်ကလဲ “အမ... တကယ်နော်” “တကယ်မဟုတ်ဘူး နှစ်ကယ် နှစ်ကယ်” ပြောပြောဆိုဆိုမှာပဲ “ပြောပြော ဘာထည့်မှာလဲ.. ကိုးလား... ခုနှစ်လား.. ပတ်မှာလား.... ထိပ်ပိတ်ဆွဲမှာလား...ဒီနေ့ ကိုးကောင်းတယ်နော်..”

“အဲဒါဆို ကျွန်တော့်ကို ကိုးထိပ် နှစ်ထောင်၊ ကိုးအပါ တစ်ထောင် ပြီးတော့ ကိုးခွန် တစ်ကွပ်တည်းကို နှစ်ထောင် ထည့်ပေးဗျာ” ဆိုပြီး ဝါးလုံးရှည်နှင့် ရမ်းလိုက်တော့တယ်..။
ို
သို့သော်... အဲဒီလို ကျွန်တော်ရမ်းလိုက်တဲ့ ဝါးလုံးရှည်ဟာ ဦတည်ထားတဲ့ပစ်မှတ်ကို မှန်လိမ့်မယ်လို့ ထင်လား... “ဖလပ်ဖလပ်” ဖြစ်နေတဲ့ သေခါနီးလူနာတစ်ယောက်ကို အသက်ကယ်ဆေး ထိုးပေးလိုက်သလိုပါပဲဗျာ...
မှန်ခဲ့ပါတယ်..။ ပေါက်ဂဏန်းက ကိုးခွန် ပါ..။

အဲဒါနဲ့ ချက်ချင်းပဲ ညနေပိုက်ဆံထုတ်ပြီးတာနဲ့ နက်ဖြန်ခါကျတော့ ရုံးကိုသွားပြီး ငွေငါးသိန်း သွင်းလိုက်တာပေါ့...။ နောက်ပိုင်းပြဿနာကိုတော့ ဘယ်လိုဖြေရှင်ရမလဲ ဆိုတာ လုံးဝကို မစဉ်းစားတတ်လောက်အောင် ကိုဖြစ်နေတာ.။ အိပ်လည်းမပျော်ဘူး.. စားလို့လည်းမရဘူး.. နောက်ဆုံး... လက်ဖက်ရည်ဆိုင်တောင် မထိုင်ချင်တော့ဘူး..။ အဖေလာရင် ငါဘယ်လိုပြောရမလဲ.. ငါဘယ်လိုရှင်းပြရမလဲ.. အဖေသိသွားရင်ရော ငါဘယ်လိုပြောရမလဲဆိုပြီး အသက်ရှူမမှန် တွေးတောပူပန်ပြီးတော့ ရင်ထဲမှာဆို့ကာ ကျွန်တော့်ရင်ထဲမှာ မီးတောင်ကြီး ပေါက်ကွဲသလိုမျိုး ဝေဒနာတွေ ခံစားခဲ့ရတယ်..။

နောက်ဆုံးကြတော့ လောကကြီးက ကျွန်တော့်ကိုပြောလာပါတယ် “အသင်မောင်မင်း မောင်မင်းအသင်” “အသင် နိုင်ငံခြားထွက်ရန် အချိန်ကျရောက်လာပြီဖြစ်လို့ အသင့်အား မြန်မာပြည်မှ ၁၉.၁၂.၂၀၀၅ နောက်ဆုံး ထား၍ ထွက်ခွါပေးပါရန် တောင်းဆိုအပ်ပါသည်” လည်းဆိုရော ဟိုသူငယ်ချင်းဆီပြေး၊ ဒီသူငယ်ချင်းဆီပြေးနဲ့ “ဆပ်ပြာသည် လင်ပျောက်သလို” ဖြစ်ခါ ကြွေးမြီ တစ်ဆယ့်ငါးသိန်း တင်ခဲ့တယ်လေ...။


မှတ်ချက်။ ။ လူသားတိုင်းသည်း အမှားနှင့်မကင်းကြပေ။ သို့သော်လည်း`“ပျက်အစဉ် ပြင်ခဏ” ဆိုသကဲ့သို့ မိမိအမှားကို အမှားမှန်းသိလျှင် အမှန်သို့ ပြင်နိုင်ကြပါစေ။ ကျွန်တော်ကဲ့သို့ မမိုက်မဲမိပါစေနှင့်။

ကျွန်တော်နှင့်နှစ်လုံးရောဂါမှအစ အောင်မြင်ခြင်းနှင့်စဆုံးသတ်ခြင်းထိ မငြီးမငြူ ဖတ်ပေးတဲ့ အကိုအမများကို အထူးကျေးဇူးတင်ရှိပါကြောင်း........။

ကျွန်တော့်ရဲ့ အကို အမများအား အစဉ်ထာဝရ ချစ်ခင်လေးစားစွာဖြင့်
စည်သူ။

9 comments:

မေဇင် said...

သာဓု ပါရှင်... မှားတာကို မှားမှန်းသိလို့ ပြင်တဲ့သူ က လူတော်လိုခေါ်ပါတယ်...း)



ခင်တဲ့
မေဇင်

rose of sharon said...

ပျက်အစဉ်ပြင်ခဏဆိုတဲ့အတိုင်း ပြင်နိုင်ခဲ့တာ စိတ်ဓာတ်ကြံ့ခိုင်လို့ပေါ့ ဂုဏ်ယူပါတယ်

ကောင်းကင်ပြာ said...

အမှန်က ဒီထွက်လာလို့ ပြင်လာနိုင်တာ ထင်တယ် ၊ ထွက်များမလာဖြစ်သေးရင် အင်းးးးးးးးကုန်ဦးမှာပဲ

မဆုမွန် said...

ကိုစည်သူရေ နှလုံးရောဂါကို သေသေချာချာ ဖတ်သွားပါတယ် အစ်မတို့အိမ်က လူကြီးတွေလည်း နှလုံးရောဂါစွဲကြတယ်..အစ်မ မကြိုက်ဘူးလို့ ပြင်းပြင်းထန်ထန် လူကြီးတွေကို ပြောဖူးတာ အဲ့တစ်ခုပဲရှိတယ်.အစ်မလည်း မကောင်းတာ အကုန်စမ်းလုပ်ဖူးတယ် ဒါပေမယ့် အဲ့နှလုံးကိုတော့ လုံးဝ မလုပ်ဘူး..ကြိုက်ကို မကြိုက်လို့လေ...
ဘာပဲပြောပြော လူကြီးတွေအတွက် စိတ်ဖြေဖျောက်ရာ စိတ်လူပ်ရှားစရာ တစ်ခုတော့ ဖြစ်တယ်လို့ အစ်မ ညီမလေး ပြောဖူးတယ်။

Anonymous said...

ကိုစည်သူရေ....

ဘဝအတူတူပါပဲဗျာ...စာကိုဖတ်နေရတာကိုက မိမိဖြစ်ခဲ့တာကို ပြန်တွေးနေမိသလိုပါပဲ...
အဲဒီနှစ်လုံးအပါအဝင် အလုံးပေါင်းများစွာကြောင့် အခုလိုအဝေးမှာလာနေရတယ်ဗျာ...

အလုံးများနဲ့  ကင်းဝေးကြပါစေ.........

သားထွေး said...

ကိုစည်သူရေ....

ဘဝအတူတူပါပဲဗျာ...စာကိုဖတ်နေရတာကိုက မိမိဖြစ်ခဲ့တာကို ပြန်တွေးနေမိသလိုပါပဲ...
အဲဒီနှစ်လုံးအပါအဝင် အလုံးပေါင်းများစွာကြောင့် အခုလိုအဝေးမှာလာနေရတယ်ဗျာ...

အလုံးများနဲ့  ကင်းဝေးကြပါစေ.........

flowerpoem said...

နှစ်လုံးရောဂါကလည်း မသေးဘူးနော် ဟီး
ကျေးဇူးပြုပြီး Word Verification ကိုဖြုတ်ပေးပါလားရှင် (အကြံပြုတာပါနော်)

မယ့်ကိုး said...

အခုတော့ ရောဂါပျောက်သွားပြီပေါ့။

ရောဂါမြန်မြန်ပျောက်ဖို့  နံမည်မှာ ဂဏန်းပါတဲ့သူတွေ မှန်သမျှ ရှောင်ခိုင်းထားမှ ထင်တယ်။:)

သုခုမလေဒီ said...

ဘာနံပါတ်ကောင်းလဲ စည်သူရေ.း)
ဘိုးတော် စည်သူ့ ကိုအသိနောက်ကျသွားတယ်။း)
ခင်မင်ရင်းနှီးစွာဖြင့်
မ အနမ်း