သံဝေဂအမြင်ဘက်၌ ကမ္ဘာပျက်ခြင်း

on Thursday, October 29, 2009

ကျွန်တော်ကတော့ “ဘလော့ဂါပေါက်စ” ဆိုတဲ့အတိုင်း အိပ်ရာထထချင်း လောကစာမျက်နှာကြီးသဖွယ် ဖြစ်တဲ့ ကွန်ပျူတာကို အရင်ဆုံး ဖွင့်ဖတ်တတ်ပါတယ်.. မစားရရင်နေပါစေ.. ထိုင်နေရ.. ရေးနေရ.. ဖတ်နေရရင် အရာအားလုံး မေ့နေတတ်ကြတာဟာလည်း.. “ဘလော့ဂါ” ဆိုသူတွေပဲ မဟုတ်ပါလား..

ကျွန်တော်ကတော့ အတိတ်ကိုလည်း မေ့ပျောက်.. အနာဂါတ်ကိုလည်း ရာနှုန်းပြည့် မမျှော်ကိုးရဲ.. ပစ္စုပ္ပန်ကိုသာ အာကိုးအားထားပြုနေတဲ့ သာမန်လူပါပဲ။ လောကအလယ်မှာ လှုပ်ရှားရုန်းကန်ရင်း.. ပင်ပန်းမှုဟူသမျှ ပြေပျောက်စေဖို့ တစ်ညတာ အိပ်စက် အနားယူ အပြီးမှာတော့.. ရေထိကြာလို မလန်းပဲ.. နေထိပန်းလို လန်းဆန်းတက်ကြွစွာနဲ့ အပြစ်ကင်းစင်လှတဲ့ နံနက်ခင်းအလှကို ခံစားရင်း လောကစာမျက်နှာကြီးကို ဖွင့်လိုက်ချိန်မှာတော့..

ဗေဒင်လက္ခဏာဆရာကြီး စံဇာဏီဘိုရဲ့.. “၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ ကမ္ဘာပျက်ကိန်း ဆွေးနွေးချက်” ဆိုတဲ့ မေးလ်တစ်စောင် ရောက်နေတာကို မြင်လိုက်ရတယ်.. ကမ္ဘာပျက်မယ် ဆိုတာကြီးကို မယုံပေမယ့်.. တကယ်များသာဆိုရင်.. ဆိုတဲ့ အတွေးနဲ့ အတူ အေးခဲတည်ငြိမ်နေတဲ့ ကျွန်တော့် စိတ်ထဲမှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ပြီး.. မီးတောင်ကြီးတွေ ပေါက်ကွဲလာသလို ခံစားလိုက် ရတယ်.. လန်းဆန်းနေတဲ့ နံနက်ခင်းရဲ့.. အလှပန်းလေးတစ်ပွင့်.. ညှိုးနွမ်းသွား လုမတတ် ခံစားလိုက်ရရင်း..

“ဒီလိုသာဖြစ်ပျက်ခဲ့မယ်ဆိုရင်.. ငါဘယ်လိုလုပ်ရမလဲ.. ငါ့အဖေ.. ငါ့အမေ.. ငါ့ညီကိုမောင်နှတွေ.. ငါ့သူငယ်ချင်း.. ငါ့ချစ်သူ.. ငါ့အိမ်.. ငါ့ကား.. ငါပိုင်ဆိုသမျှ အရာတွေအားလုံး.. ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ..” ဆိုတဲ့ စိုးရိမ်ပူပန် စိတ်တွေက တစ်ချိန်ထဲမှာပဲ ရိုက်ခတ်လာခဲ့တယ်.. မကြာခင်မှာပဲ..

တစ်ခဏတာမျှ ငြိမ်သက်ပြီးနောက်.. “အော်.. သဘာဝတရားကြီးက လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတဲ့ လူသားတွေကို ဆုံးမဖို့အတွက်.. ပြစ်ဒဏ်ချမှတ်တော့မယ် ထင်ပါရဲ့” ဆိုပြီး “ဟင်း”.. သက်ပြင်းလေးတစ်ချက် ချလိုက်မိတယ်..

“အိုး.. ဘာပဲဖြစ်ဖြစ်ကွာ.. ငါ့လို အညတရ မပြောနဲ့.. ကမ္ဘာမှာ ရှိကြတဲ့ တကယ့် ကမာ့္ဘထိပ်သီး လူချမ်းသာတွေ၊ စီးပွားရေးသမားတွေ၊ အာဏာကို မက်မက်မောမော တက်မက်နေတဲ့ အာဏာရှင်ကြီးတွေ၊ သူများတွေကိုမနာလို ကိုယ့်ကို အထင်သေးတာမကြိုက်၊ ဒီလို မာန်မာနတွေ ထောင်လွှားနေတဲ့ လူတွေနဲ့ စာလိုက်ရင် ငါက အနေသာ ပါကွာ.. ဟား..ဟား..ဟား” ဆိုပြီး အဲဒီလူတွေကို စိတ်ထဲကနေ သရော်တော်တော် ပြောရင်း ကိုယ့်ကိုယ်ကိုလည်း အားမွေးကာ ဖြစ်ပျက်လာမယ့် အနာဂါတ်ဘေးကို မတွေးတော့ပဲ လက်တွေ့ကျလှတဲ့ ပစ္စပ္ပုန်မှာ အကောင်းဆုံးကို ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားလိုက်တော့တယ်..

********************************************

ကမ္ဘာကြီးသာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အခုလို ပြောနေကြတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ.. ကျွန်တော်ကရော....

ဘယ်သူတွေနဲ့ ရှိနေချင်တာလဲ..
တကယ်တမ်း ဖြစ်ပျက်လာမယ်ဆိုရင် ဘယ်သူတွေနဲ့မှလည်း နေလို့ မရတော့ပါဘူး.. ဘာမှလည်း ယူချိန်မမှီဘူး.. ဘာကိုမှလည်း နှမြောတမ်းတလို့ မရပါဘူး.. ကိုယ့်ကိုကိုယ် အရင်ဆုံး နှမြောမိမှာ အမှန်ပဲ.. အတ္တဆန်တာ မဟုတ်ပါဘူး.. အများကောင်းကျိုးအတွက် ဘာမှ မလုပ်ရသေးလို့ပါ.. ကမ္ဘာကြီးက ၂၀၁၂ ခုနှစ်မှာ ပျက်မယ်လို့ မသိခင်ကတည်းက လူ့လောကမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မိသားစုတွေ.. တကွဲတပြားစီနဲ့ ယိုယွင်းပျက်စီးနေခဲ့ရပြီး ဖြစ်နိုင်မယ်ဆိုရင်တော့.. မိသားစုနဲ့အတူ ရှိနေချင်ပါတယ်..

ဘာတွေခံစားနေရမလဲ..
ခံစားရမှက မပြောပြတတ်အောင်ပါပဲ.. ဘယ်လိုခံစားရမယ်.. ဘာတွေဖြစ်ပျက်မယ်.. ဘယ်လိုပုံ.. ဘယ်လိုနည်းနဲ့ ခန္ဓာချုပ်မယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ.. အဲဒီတော့ ဘာမှမခံစားပဲ.. နောင်ခါလာနောင်ဈေး ဆိုသလို သဘောထားပြီး လက်ရှိအခြေနေမှာ တစ်ဦးအပေါ်တစ်ဦး စာနာထောက်ထားပြီး အတ္တကင်းကင်းနဲ့ ရှင်သန်ရပ်တည် သွားရမှာပဲ..

ဘာတွေပြင်ဆင်ထားမလဲ..
လောဘအတွက် ဆိုရင်တာ့ ဘာကိုမှ ပြင်ဆင်ထားခြင်းမရှိဘူး.. သေရမှာခြင်းအတူတူ လေးလွန်းလို့ လောဘကို ထားခဲ့လိုက်မယ်.. ဒေါသကိုလည်း ထားခဲ့မယ်.. မောဟကိုလည်း ထားခဲ့မယ်.. လူတွေ တန်ဘိုးထားသင့်တဲ့ သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်နေအောင်တော့ မသေခင်လေးမှာ ဖြည့်ဆည်းသွားဖို့အတွက် ပြင်ဆင်ထားချင် ပါတယ်..

ဝမ်းနည်းမိမှာက
ကိုယ်လို အညတရ အတွက်က မိသားစုအရေးမှတစ်ပါး ဝမ်းနည်းစရာ မရှိပါဘူး.. တစ်ဦးနဲ့တစ်ဦးပေါ် နိုင်ထက်စီးနင်း လုပ်နေကြတဲ့ လောဘသား.. ဒေါသသား.. မောဟသားတွေအတွက်.. “ဟား..ဟား..ဟား..” လို့ သရော် ရယ်ရင်းနဲ့ ထိုသူတို့အတွက် ပိုဝမ်းနည်းမိမှာပါ..

ကြောက်လန့်မိတာက..
သူများကိုသာ သတ်ချင်သတ်မှာ.. “လူ” ဆိုတဲ့ အမျိုးကလည်း ကိုယ်သေရမှာကိုတော့ အတော်ကို ကြောက်ကြတယ် “လုပ်ရဲရင် ခံရဲရတယ်” ဆိုတဲ့စကား မှတ်မိမယ်ထင်ပါတယ်.. သတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်း ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ သတ်စားနေတဲ့ ကျွန်တော်တို့ လောဘသား အသားစား လူ့ဘီလူးတွေကို ဒီတစ်ခါတော့ ကမ္ဘာကြီးက “မင်းပြီးငါ့အလှည့်လို့” စိန်ခေါ်လိုက်တာဖြစ်ချင်ဖြစ်မယ်.. ဒီလိုပြောလို့ ကျွန်တော် မကြောက်ဘူးလားလို့ မမေးနဲ့.. လူဆိုတဲ့အမျိုးက သေရမှာကို ကြောက်တယ်လို့ ဆိုထားပါတယ်..

ဆောင်ထားချင်တာက..
ဘာတွေကို ဆောင်ထားချင်ပါသလဲ.. အာဏာလား.. ခြောက်လုံးပြူးလား.. ကိုယ်ရံတော်တွေလား.. စိန်တွေလား.. ရွှေတွေလား.. ငွေတွေလား.. ပြေးရင်းလွှားရင်း စားဖို့အတွက် စားစရာတွေလား.. နတ်မိမယ်လေး တွေများလား.. လူတွေ တန်ဘိုးထားလေးစားတဲ့ သီလ၊ သမာဓိ၊ ပညာရှိဘို့နဲ့ မေတ္တာလက်နက် မှတပါး အခြား ဆောင်းထားစရာ မရှိဘူးလို့ ထင်ပါတယ်..

ဘာတွေရေးမိမလဲ..
ဘာတွေမှလည်း ရေးဖို့အချိန် မရနိုင်ပါဘူး.. ငါ့မိသားစုသာ ကျန်ခဲ့မယ်ဆိုရင်တော့ “ညီလေးတို့.. ညီမလေးတို့ရေ အကိုမရှိတော့တဲ့ နောက်ပိုင်းမှာ မင်းတို့ ဖေဖေနဲ့ မေမေကို ဂရုစိုက်နော်.. ညီကိုမောင်နှမချင်းလည်း တစ်ဦးနဲ့ တစ်ဦးတည့်အောင်နေ.. ရန်မဖြစ်ကြနဲ့.. အများကောင်းကျိုး အတွက်လည်း တတ်နိုင်သလောက် လုပ်နော်” လို့ သေတမ်းစာ သဘောမျိုး ရေးမိမလားလို့..

တွေးမိတွေရာအတွေး..
အဲဒီချိန်မှာသာ ဆိုရင် စိတ်ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ သဘောသဘာဝအတိုင်း အတွေးတွေ ပတ်ချာလည်နေမယ် ဘာမှမတွေးပဲ ကိုယ်လွတ်ရုန်းနေမယ်ဆိုလည်း ဖြစ်နိုင်တယ်.. လူဆိုတဲ့အမျိုးက ကိုယ့်အတွက် မပူပဲ သူများတွက် ပူတာက ခပ်များများ.. အမှန်တော့ ကိုယ်ကောင်းရင် သူများအတွက်လည်း အထောက်အကူ ဖြစ်မယ်ဆိုတာကို မေ့နေတတ်ကြတယ်.. ဘယ်အတိုင်းအတာထိ လွတ်အောင် ပြေးနိုင်မလဲလို့ပေါ့.. နှာခေါင်း တစ်ဖေါ်စာအချိန်ထိ လွတ်နေအောင် ပြေးကြမှာပဲ.. ပြေးရင်းနဲ့ တွေးနေကြမှာပဲ.. မသေနိုင်မယ့် နည်းလမ်းကိုပေါ့..

ဂုဏ်ယူချင်တာ..
နှစ်နှစ်ဆယ်ကျော် ကာလပတ်လုံးမှာ အဖေ အမေနဲ့ ညီကိုမောင်နှမတွေကို အလုပ်ကျွေးပြုခဲ့ရလို့.. သူတစ်ပါးကို ကူညီခဲ့ရလို့.. မတရားမှုတွေကို မုန်းတီးပြီး တရားမျှတမှုတွေကိုသာ မက်မောခဲ့ရလို့.. ဂုဏ်ယူချင်တာတစ်ခုထဲပါ..

ရှာကြံဖြေသိမ့်မိတာက..
လောဘသား.. ဒေါသသား.. မောဟသားတွေလောက်တော့ ကိုယ်က သနားပါတယ် ဆိုပြီး ရှာကြံဖြေသိမ့်မိမှာထင် တာပါပဲ.. တကယ်ရော.. ဖြေသိမ့်ဖို့အချိန် ရနိုင်ပါ့မလား..(ဖြစ်နိုင်ရင်ပေါ့)..

ကျူးရင့်ချင်တဲ့ဥဒါန်း..
ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ လောကနိယာမကို လက်ကိုင်ထားပေမယ့် လူပဲလေ.. အားတင်းပြီးတော့ အချိန် ရနိုင်မယ်ဆိုရင်.. “ငါမသေချင်ဘူးးးးးးးးး.. ငါမသေချင်ဘူးးးးးးးးးးး” လို့ ကျူးရင့်နေမိမလား.. တကယ်တော့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ..

ညီမလေး ခရေညို တဂ်ထားတဲ့ ကမ္ဘာကြီးပျက်ခဲ့မယ်ဆိုရင် ပို့စ်လေးပါ.. ဘလော့ဂါတွေ အများကြီးရေးကြတော့ အများကြီး ဗဟုသုတ ရတာပေါ့.. ဗဟုသုတ ရတော့ရော.. ဘာလုပ်ရမှာလဲလို့ မေးချင်မေးလို့ရပါတယ်.. ဘာမှ လုပ်လို့မရပါဘူး.. ဒါပေမယ့် ဒီစာလေးတွေဖတ်ပြီး.. အကောင်းမြင်နိုင်သလို အဆိုးမြင်ရင်လည်း မြင်နိုင်ပါတယ်.. သေချာတာတစ်ခုကတော့ ဒီပိုစ့်က “သုခ” မရနိုင်ပါဘူး “သံဝေဂ” ရဖို့ပဲ မျှော်လင့်ပါတယ်..

ခင်မင်လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
စည်သူ။

နလန်ထူစ “လူနာ”

on Saturday, October 24, 2009

ကျွန်တော် ငှက်ဖျားရောဂါဖြစ်တော့ ဆေးခန်းသွားပြတယ်လေ.. အဖျားက သိပ်မကြီးပါဘူး ၁၀၄ံတဲ့.. ပြီးတော့ ဆရာဝန်က ဟိုစစ်ဒီစစ်နဲ့ ဆေးရုံတက်ရမယ်တဲ့ဗျာ.. ဆရာဝန်လည်း ဆေးရံတက်ရမယ်လို့ ပြောလိုက်ရော ကျွန်တော့်မျက်လုံးတွေ ပြူးထွက် သွားတာပေါ့.. “အဖေ”နဲ့“အမေ”လည်း စိတ်ပူသွားတယ်..

ဆေးရုံတက်နေစဉ်မှာလည်း ထိုးလိုက်တဲ့ဆေးတွေ.. သောက်လိုက်ရတဲ့ဆေးတွေ.. လက်နှစ်ဖက်လုံးမှာလည်း အပ်ပေါက်ရာတွေချည်းပဲ.. မှတ်မိပါသေးတယ် ဆေးအားလုံးပေါင်း ၁၆ လုံး သွင်းရတယ်.. ပုလင်းအကြီးကြီးလေ လက်ဖမိုးပေါ်က အကြောပေါ်မှာ အပ်နဲ့ထိုးပြီး ချိတ်ထားတာလေ.. တစ်ခါတစ်လေ ဆရာမ ချောချောလေးက အကြောထဲကို အပ်ထိုးထည့်တာ အကြောလွဲသွားလို့လေ.. လက်တစ်ခုလုံး ပူပေါင်းလို ဖောင်းကားတက်လာတာ ပြီးတော့မှ အပ်ကိုချွတ်ပြီး ဖောင်းတာတွေ ရော့သွားအောင် ပြန်နှိပ်နယ်ပေးရတယ်..

ဆေးရုံတက်နစဉ်မှာတော့ စားချင်တာတွေလည်းမစားရ.. သောက်ချင်တာတွေလည်း မသောက်ရတော့ အတော် လေးကို ပိန်ကပ်သွားတယ်.. နည်းနည်းလေး သက်သာလာတော့ ကုတင်ပေါ်ကဆင်းပြီး လမ်းထလျှောက်တာပေါ့ လမ်းသာလျှောက်တာပါ လေတိုက်ရင် လဲသွားမလား ထင်ရတယ်.. တော်တော်လေးကို အခြေနေ ဆိုးသွားတယ် မပြောကောင်းမဆိုကောင်း အဲဒီတုန်းကသာ အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် အခုလိုမျိုး ညီကိုမောင်နှမတွေနဲ့ တွေ့ရမှာ မဟုတ်တော့ဘူးနော်..

ဩော်.. သံဝေဂတော့ရမိတယ်.. ငါလို့သာပြောတယ်.. ငါ့ကိုယ်ငါ မပိုင်ပါလားလို့ပေါ့.. ငါ့ကိုယ်ကို ငါသာပိုင်ခဲ့မယ် ဆိုရင် အခုလိုဖြစ်မှာမဟုတ်ဘူး..

အဲလိုနဲ့ ဆေးရုံ ဆယ်ရက်လောက် တက်ပြီးတော့ သက်သာသွားတာပေါ့လေ.. သက်လည်း သက်သာသွားရော မနေ ချင်တော့ဘူးလေ ဆင်းချင်လာပြီး.. ဆရာမ ချောချောလေး လာတိုင်း ကျွန်တော်မေးတာပေါ့.. ဆရာမရယ် ကျွန်တော် ဆေးရုံက ဆင်းလို့မရသေးဘူးလား.. ဘယ်တော့ ဆင်းရမှာလဲဟင် ဆရာမ ကျွန်တော် ဆင်းချင်နေပြီး တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် မေးတာလေ.. ဆရာမကလည်း စိတ်တိုတာလားမသိဘူး.. အေးအေးကောင်လေး နက်ဖြန်ဆို ဆင်းလို့ရပြီးတဲ့.. အဲလိုလည်းပြောလိုက်ရော.. ကျွန်တော် အရမ်းကိုပျော်သွားတယ်.. တားတားလေး စားချင်တာတွေ စားလို့ရပြီးဆိုပြီး ဆေးရုံမဆင်းခင်ကတည်းက သရေတွေကျနေပြီး.. ရှလွတ်.. ရှလွတ်..

ဆေးရုံကဆင်းပြီး နှစ်ရက်မြောက်နေ့မှာတော့ ဘယ်ရမလဲ အပြင်ထွက်ပြီး စားမယ် ဝါးမယ်ပေါ့.. အရင်ဆုံးသတိရ လိုက်တာကတော့.. လမ်းထိပ်က အဒေါ်ကြီးကိုလေ.. သူက ရှောက်သီးသုတ် ရောင်းတာကိုးဗျ.. သိတဲ့အတိုင်းပဲ နာလန်ထူစ လူနာဆိုရင် များသောအားဖြင့် အချဉ်ကို ရှလွတ်တတ်ကြတာ များတယ်.. အင်း.. “ဂလု”.. ပြောပြော ဆိုဆိုနဲ့ သရေတွေကျလာပြီး..း)

စာရေးရင်းနဲ့တောင် နှစ်ချက်လောက်ကို “ဂလု” ပြီးသွားပြီး.. အဲဒီအဒေါ်ကြီးရဲ့ ချဉ်၊ ငံ၊ စပ်.. ရှောက်သီးသုတ်က တကယ်ကောင်းတာဗျာ.. ကျွန်တော်တို့ တစ်မြို့လုံးကလူတွေဆိုရင် အဒေါ်ကြီးဆိုင်ကိုပဲ လာအားပေးကြတာလေ တစ်ခြား ရှောက်သီးသုတ် ဆိုင်တွေလည်း ရှိတယ်.. ဒါပေမယ့် အဲ့ဒီ အဒေါ်ကြီးဆိုင်က ရှောက်သီးသုတ်လောက် စားလို့မကောင်းဘူးဗျ.. ကဲ.. ပြောနေကြာတယ် သရေတွေက ပါးချောင်ကြားကနေ စိမ့်ထွက်နေပြီး အဒေါ်ကြီးဆီ သွားလိုက်ကြရအောင်..

ကျွန်တော်က အားပေးနေကြဆိုတော့ ဖောက်သည်လိုဖြစ်နေတာလေ.. ဝက်သားတုတ်ထိုး၊ ခေါက်ဆွဲ၊ နန်းကြီး၊ ကြာဇံ၊ ပဲပြား၊ တို့ဟူး၊ သင်္ဘောသီး၊ အများကြီးပဲဗျာ.. အသုတ်ပေါင်းစုံပေါ့.. အတော်လေးကို စားကောင်းတယ်ဗျာ အဒေါ်ကြီးဆိုင်ရှေ့လည်းရောက်ရော အဒေါ်ကြီးက..

“ဟာ.. ကောင်လေး.. နင်ဘယ်ပျောက်နေလဲ.. နင့်ကို အဒေါ်မတွေ့တာ အတော်ကိုကြာပြီး.. နင်အတော်ကို ပိန်သွားတယ်နော် လာလာ.. ဒီနားမှာထိုင်”

“ဟုတ်တယ် အဒေါ်ရေ.. နေမကောင်း ဖြစ်သွားလို့လေ ဆေးရုံပါတက်လိုက်ရတယ်.. ဆေးရုံ တက်နေစဉ်တုန်းက
အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို သတိရပြီး ဘယ်လိုစားချင်မှန်း မသိဘူး အဒေါ်ကြီးရာ.. ငှက်ဖျားနဲ့အချဉ်က မတည့်တော့လေ ဘယ်စားလို့ရမှာလဲ အခုတော့ ဝါးမယ်ဆိုပြီး ထွက်လာတာ”

“ဘာမှမပူနဲ့ကောင်လေး.. အဒေါ် ရှယ်သုတ်ပေးမယ်.. ဒီတစ်ခါ အကုန်ပွင့်ထွက်သွားစေရမယ်.. အဲဒီငှက်ဖျားပိုးပါ သွားတွေကျိန်း.. မျက်ရည်တွေထွက်.. နှပ်တွေပါ ထွက်သွားအောင် ချဉ်ချဉ်.. ငံငံ.. စပ်စပ်.. ပြီးတော့ ကြာဇံဟင်းခါ အဆစ်ပေးလိုက်မယ်..”


အဒေါ်ကြီးက အသုတ်တင် ကောင်းတာမဟုတ်ဘူး.. အပြောကလည်း ကောင်းတယ်ဗျာ.. လာသမျှ လူတွေအပေါ် ဖော်ရွေမှုလည်း အပြည့်ပဲ တစ်ခါတစ်ဆို ပိုလိုချင်လို့ မြှောက်ပြောလိုက်ရင် ရှိသမျှ အကုန်ထည့်ပေးတော့တာပဲ..

အဒေါ်ကြီးက သူလက်စွမ်းပြမယ့်အကြောင်း ပြောနေတုန်းမှာပဲ.. စက်ဘီး လေးငါးစီးလောက်နဲ့ ကောင်မလေး လေးငါးခြောက်ယောက် ရောက်လာလေရောဗျာ.. အဒေါ်ကြီးက ကောင်မလေးတွေဘက် လှည့်ကြည့်ပြီး..

“လာ.. လာ.. လာ.. သမီးတို့လာ.. ထိုင်ကြထိုင်ကြ.. ကောင်လေး.. နင်ဒီဘက်နား နည်းနည်းရွေ့ပေးလိုက်.. သူတို့က မိန်းကလေးတွေမှတ်လား ဦးစားပေးလိုက်ပေါ့ ကောင်လေးရယ်.. လာ.. အဒ်ါဘက်ကို ရွေ့လာ.. နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်.. ကဲ သမီးတို့ ဘာစားကြမှာလဲ.. တုတ်ထိုးလား.. အသုတ်လား ပြောသမီး..”

“နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်” လို့ အဒေါ်ကြီးပြောလိုက်တော့ ကျွန်တော့်အနားမှာ ဝင်ထိုင်တဲ့ ကောင်မလေးက ကျွန်တော့်ကို မကျေနပ်သလိုလိုနဲ့ မျက်စောင်းလေး တစ်ချက် ပစ်လိုက်တယ်.. “ဟင်း.. ကိုကို လူဆိုး” ဆိုတဲ့ ပုံစံမျိုး ထင်ပါရဲ့..းP

အဒေါ်ကြီးက အဲလိုလည်း ပြောလိုက်ရော တစ်ယောက်က တုတ်ထိုး.. တစ်ယောက်က အသုတ်.. တစ်ယောက်က ဘာညာ.. တစ်ယောက်က ကွိကွပေါ့လေ.. မှာလိုက်ကြတာ စုံနေတာပဲ..

အဲလို ကောင်မလေးတွေမှာပြီး ခနမှာတော့ အဒေါ်ကြီးက “သမီးတို့ထဲက ဘယ်သူ ရှောက်သီးသုတ် စားအုံးမလဲ စားရင် တစ်ခါတည်းပြောနော်.. ဒီကောင်လေးအတွက် ရှောက်သီးသုတ် အရင်လုပ်ပေးမလို့.. သူရောက်တာ နဲနဲ ကြာသွားပြီး.. ပြီးရင် သမီးတို့အတွက် အဒေါ်သုတ်ပေးမယ်.. ခနနော်သမီး” ဆိုပြီး ကျွန်တော့်အတွက် ရှောက်သီး သုတ်ကို အဒေါ်ကြီးက လက်စွမ်းပြတော့တာပေါ့..

အဒေါ်ကြီးက ဝက်မလွတ် အုန်းသီးလောက်ရှိတဲ့ ရှောက်သီးကို စိတ်ရှည်လက်ရှည်နဲ့ ခွါတာပေါ့လေ.. ပြီးတော့မှ ပန်းကန်ပြားထဲကို အမျှင်လေးတွေ.. အစေ့တွေမပါအောင် သေချာ နွင်ထည့်နေတာလေ အဒေါ်ကြီး လုပ်နေတာ ကြည့်ပြီး ကျွန်တော် တံတွေးတွေ ထွက်ကျလာပါလေရာ.. တံတွေးတွေ ထွက်ကျလာလိုက် မျိုချလိုက်.. ပြန်ထွက် ကျလာလိုက် ပြန်မျိုချလိုက်ဖြစ်နေတာ.. အဒေါ်ကြီးကလည်း သူ့နှုတ်ခမ်းကိုသူ လျှာနဲ့ သပ်လိုက်.. “ဂလု” ဆိုပြီး ထွက်လာတဲ့ သရေတွေကို မျိုချလိုက် ဖြစ်နေတာ..

အဒေါ်ကြီး အဲလိုလုပ်နေတုန်းမှာ ရှောက်သီးစိတ်လေး တစ်စိတ်က အမျှင်လေးတွေ ကပ်နေလို့ အဒေါ်ကြီးက အားနဲနဲစိုက်ပြီး ဆွဲခွါလိုက်တာ..

“အမယ်လေး.. အား.. ကောင်လေးရေ လုပ်အုံး.. လုပ်အုံး” ဆိုပြီး အဒေါ်ကြီးက ထအော်တော့..

“ဘာဖြစ်သွားလဲ အဒေါ်.. ဘာဖြစ်လို့လည်း ဓါးထိသွားလို့လား”

“မဟုတ်ဘူး.. ကောင်လေး အားနဲနဲစိုက်ပြီး ခွါလိုက်တာ ရှောက်ရည်က မျက်စိထဲ ပန်းဝင်သွားလို့လေ.. အား.. စပ်လိုက်တာ..” လို့ ပြောလည်းပြောရော ကျွန်တော်တို့တစ်တွေ ဝိုင်းရီကြတာပေါ့လေ.. ရှောက်သီးကလည်း အရည် ရွှမ်းတာကိုးဗျ..

အဲလိုနဲ့ အဒေါ်ကြီးက နွင်ထားတဲ့ရှောက်သီးစိတ် မွမွလေးတွေကို ကော်ဇလုံထဲကို ပြောင်းထည့်လိုက်တယ်.. ဇလုံထဲပြောင်းထည့်ထားတဲ့ ရှောက်သီးထဲကို.. ငပိဖုတ်.. ငံပြာရည်.. ချိုမှုန့်.. ငရုတ်သီးမှုန့်.. ဆီချက်.. ပုစွန်ခြောက်မှုန့်.. ပြီးတော့ ကြက်သွန်စိမ်း ပါးပါးလေး လှီးထည့်ပြီး နယ်တော့တာပေါ့..

အဲလိုလည်းနယ်ရော.. ကျွန်တော့် ပါးချောင်နှစ်ဖက်ကြားက သရေတွေ အရှက်မဲ့စွာနဲ့ တစိမ့်စိမ့်နဲ့ စိမ့်ထွက်လာပြီး ပါးစပ်ထဲ မှာလည်း သရေတွေ ပြည့်လျှံသွားတာပေါ့လေ.. သွားတွေကလည်း ကျိန်းတက်လာပြီး နားရွက်တွေပါ ထောင်တက် လာတာဗျာ.. မျိုချဖို့ကလည်း ဘေးမှာ ကောင်မလေးတွေ ရှိနေတော့ ရှက်စရာကြီး.. မမျိုချရင်လည်း ပါးစပ်ထဲက သရေတွေ ထွက်ကျတော့မယ်လေ.. အဲဒါကြောင့် သူငယ်ချင်းတွေ လာသလိုလို ဘာလိုလိုနဲ့ ခေါင်းကို ဟိုဘက် လှည့်ပြီး “ဂလု” ဆိုပြီး ခိုးမျိုချလိုက်ရတယ်.. သရေတွေက များလွန်းတော့ “ဂလု” ဆိုပြီး ခိုးမျိုချလိုက်တာ တစ်ချက်ထဲနဲ့ မကုန်လို့ နောက်ထပ် နှစ်ချက် ဆက်ပြီး “ဂလု.. ဂလု” ဆိုပြီး ထပ်မျိုချလိုက်ရတယ်..

အဲဒီချိန်မှာသာ စကားပြောလိုက်ရင်တော့ လောပိတရေတံခွန်က ရေတွေစီးကျလာသလို “ဝေါ” ကနဲ့ဆို ပါးစပ်ထဲ ရှိနေတဲ့ သရေတွေ ထွက်ကျလာမှာသေချာတယ်..းP

ကျွန်တော် အဲလို နှစ်ချက်ဆင့်ပြီး “ဂလု”လိုက်တာ အသံနည်းနည်းလေး ထွက်သွားတယ်ထင်တယ်.. ဘေးက ကောင်မလေးက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးစိစိလုပ်သွားတယ်.. ကောင်မလေးက အဲလိုလုပ်သွားတော့ ကျွန်တော် ရှက်သွားတာပေါ့ဗျာ.. သူ့ကိုလည်း ကျွန်တော် ပြန်ကြည့်ရော သူလည်း ကျွန်တော့်လို ဖြစ်နေတာဗျာ.. မသိမသာလေးနဲ့ “ဂလု” ဆိုပြီး ကောင်မလေးက ပါးစပ်ထဲမှာ ရှိတဲ့ သရေတွေကို ခိုးမျိုချလိုက်တာ ကျွန်တော် တွေ့လိုက်တယ်.. မိန်းကလေးဆိုတော့ အိန္ဒရေ နဲနဲရှိတာပေါ့လေ..

အဲလိုတွေ့လိုက်တော့ ကောင်မလေးကလည်း နဲနဲလေး ရှက်သွေးတွေဖြာသွားတာပေါ့.. ကျွန်တော်လည်း အဲဒီ ကောင်မလေးကိုပဲ အာရုံစိုက်ပြီး ကြည့်နေမိတော့တယ်.. ကောင်မလေးကလည်း ကျွန်တော် ကြည့်နေတာကို သူသိလေ.. သူ့ပါချောင်ထဲက သရေတွေ ထွက်ကျလာလေ.. အဒေါ်ကြီးက သူ့လက်ငါးချောင်းနဲ့ ရှောက်သီးကို တဗျစ်ဗျစ်နဲ့ နယ်နေတာကို ကြည့်လေလေ.. ကျွန်တော်ကလည်း သရေတွေ ထွက်ကျလာလေလေနဲ့ အတော်ကို တိုင်ပတ်နေတာလေ..

အဲလိုတိုင်ပတ်နေတော့ နောက်ဆုံးမှာတော့ မရှက်နိုင်တော့ဘူး.. ရှောက်သီးသုတ်ကို ကြည့်လိုက် သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကောင်မလေးကို ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်..

ကောင်မလေးကလည်း.. တဗျစ်ဗျစ်နဲ့ နယ်နေတဲ့.. ရှောက်သီးသုတ်ကို ကြည့်လိုက်.. သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကျွန်တော့်ကို လှည့်ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်နဲ့ နှစ်ယောက်သား အပြိုင် “ဂလု” နေကြတာ

အဲလို “ဂလု”ရင်း“ဂလု”ရင်းမှာပဲ အဒေါ်ကြီးက.. “ရော့ကောင်လေးရေ ရပြီး.. နင့်အတွက် ရှယ်သုတ်ထားတာနော် အကုန်ပွင့်ထွက်သွားစေရမယ်.. လိုတာရှိရင် ပြောနော်ကောင်လေး.. ဘာမှ အားမနာနဲ့” ဆိုပြီး လှမ်းပေးတော့ ကျွန်တော်လည်း လှမ်းယူလိုက်တာပေါ့.. လှမ်းယူလိုက်တဲ့ အချိန်မှာတောင် “ဂလု” ဆိုပြီး ပြည့်လျှံနေတဲ့ သရေကို ထပ်မျိုချလိုက်သေတာ..

ကျွန်တော် မြိန်ရည် ရှက်ရည် စားနေတာကို ကောင်မလေးကတွေ့တော့.. သူလည်း ဟန်မဆောင်နိုင်တော့ဘူး ထင်ပါတယ်.. အဒေါ်ကို လှမ်းကြည့်ပြီးတော့ “အဒေါ်.. အဒေါ် သမီးကိုလည်း ရှောက်သီးသုတ် တစ်ပွဲလောက်ပေး ချဉ်ငံစပ်နော်အဒေါ်” ဆိုပြီး လှမ်းမှာလိုက်တယ်..

ကောင်မလေး သရေကျနေတာကို သိတော့ ကျွန်တော်ကလည်း ဘယ်ရမလဲ “အဒေါ်.. ကျွန်တော် နောက်တစ်ပွဲ ယူအုံးမှာနော်.. သူများကို မပေးလိုက်နဲ့.. ဒီတစ်ခါ အဒေါ်သုတ်ထားတာ.. အရမ်းကောင်းတယ်.. အရင်ခါတွေနဲ့ လုံးဝမတူဘူး.. စပါယ်ရှယ်ပဲ အဒေါ်ရေ့” ဆိုပြီး ပါးစပ်က.. ပြောလည်းပြော စားလည်းစားနဲ့ သွားတွေလည်း ကျိန်း.. ချွေးတွေလည်းပြန်.. နှပ်တွေလည်း တရွှတ်ရွှတ်ထွက်နေတာလေ..

ကျွန်တော် အဲလိုပြောလိုက်တာ့ ကောင်မလေးက သူမှာလို့ အဲလိုပြောရလားဆိုပြီး ကျွန်တော့်ကို ဒေါပွသွားတဲ့ ပုံစံမျိုးနဲ့ ကြည့်ပြီးတော့.. ဘာပြောမလို့လဲတော့ မသိဘူး.. ပြောတောင်မပြောလိုက်ရပါဘူး.. ပြောဖို့လေ.. ပါးစပ် ဟလိုက်တာနဲ့ .. ရှူးးးးးးးးး ကနဲ့ဆို သရေတွေက တီးလုံးမပါပဲ ပါးစပ်ထဲကနေ ထွက်ကျလာပြီး.. ကောင်မလေးရဲ့ မေးစေ့မှာရော.. ပေါင်ပေါ်မှာရော.. တိုးလို့တန်းလန်းတွေဖြစ်ပြီး စိုသွားတာ.. ကျွန်တော်တို့ တစ်ဆိုင်လုံးမှာ ရှိတဲ့ လူတွေ အားလုံးကမြင်တော့ မရယ်ရမနေနိုင်ဖြစ်ပြီး ဝိုင်းရယ်လိုက်ကြတာ သူအတော်လေးကို ရှက်သွားတယ်..

နဂိုကမှ ရှောက်သီးသုတ်က စပ်ကလည်းစပ်.. ချဉ်ကလည်းချဉ်တော့ ချွေးတွေကပြန်.. နှပ်တွေကထွက်နေတာ.. ကောင်မလေးက အဲလိုဖြစ်တာကို မြင်လိုက်ရတော့.. မအောင့်နိုင်ပဲ ရယ်လိုက်တာလေ.. မျက်ရည်တွေထွက်ပြီး ရှူးရှူးတွေတောင် ထွက်ကျတော့မလို့.. မနည်းကို ထိန်းထားရတယ်..

အဒေါ်ကြီးကလည်း ရယ်လိုက်တာများ ပြောမနေနဲ့.. သူ့ထမီကို ဖြေပြီး မျက်နှာကို အုပ်ကာ.. တခစ်ခစ်နဲ့ ရယ်နေ လိုက်တာ.. ထမီကို ပြန်ဝတ်လိုက်.. တခစ်ခစ်နဲ့ရယ်လိုက်.. ကောင်မလေးမှာတဲ့ ရှောက်သီးသုတ်ကို သုတ်ပေးဖို့ ရှောက်သီးနွင်လိုက်.. တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်.. နှပ်ကိုလည်း “ဗျစ်” ကနဲ့ဆို ညှစ်လိုက်.. ကျွန်တော့်ကို ကြည့်လိုက်.. ဟားးးးဟားးဟားးး ဆိုရယ်လိုက်နဲ့ ကောင်မလေးတွက် ရှောက်သီးသုတ်က မပြီးနိုင်ဖြစ်နေတာဗျာ..

ကောင်မလေးမှာလည်း ဘယ်လိုပြောရမှန်းမသိအောင်ကို ရှက်သွားတာ.. မျက်နှာတွေလည်း နီရဲလာပြီး ရှက်ရမ်း ရမ်းပြီတော့ ငိုသလိုလို ရီသလိုလို ဖြစ်နေတာ.. မျက်စိတောင် အစ်သွားတယ်ဗျာ..

အဲဒီအကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း ပြည်ပရောက်နေတဲ့ ကျွန်တော်က.. အခုချိန်မှာတော့ ကောင်မလေးနဲ့ အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို လွမ်းလိုက်တာဗျာ..


အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

မွန်လိုညည်းတဲ့သီချင်းတစ်ပုဒ်

on Tuesday, October 20, 2009

ဆိုညည်းနေကြသီချင်းက အများကြီးမရှိပါဘူး.. အောက်က စုံတွဲသီချင်းလေးကိုတော့ ကြိုက်တယ်.. မကြာမကြာ ဆိုညည်းဖြစ်ပါတယ်..

လူနှစ်ယောက်ရဲ့ မြစ်တစ်စင်း





ကျွန်တော် ဆိုညည်းနေကြ သီချင်းနောက်တစ်ပုဒ်ပေါ့ဗျာ.. ကျွန်တော်ကိုယ်တိုင် စီဆိုထားတာပါ.. အမြဲလိုလိုပါပဲ ဆိုနေကြ သီချင်းပေါ့လေ.. ခုထိလည်း ဆိုနေတုန်းပါပဲ.. သီချင်းက အရမ်းကိုကောင်းလို့ပါ..

သီချင်း အတော်များများကို အစအဆုံးမရပါဘူး.. ပြောရမှာ ရှက်လည်းရှက်ပါတယ်.. မရှက်လည်းမရှက်ပါဘူး ဒါပေမယ့် တဂ်ထားတဲ့သူက တဂ်ထားတော့ သီဆိုနေကြ သီချင်းကို မဖော်ပြလို့ မရဘူးလေ..

အဲဒါကြောင့် ကိုယ်တိုင် အမြဲသီဆိုနေကြဖြစ်တဲ့ သီချင်းကို တင်ပေးလိုက်ပါတယ်.. နားထောင်ကြည့်နော်.. ပြီးရင် မပြောင်ကြေးနော်.. ပြောင်ရင် တရားစွဲမှာ..း)

မွန်ဘာသာလည်း နည်းနည်းပါတယ်.. နားမလည်မှာစိုးလို့လေ.. ပြောပြမယ်.. အပျိုလေးတွေ ဆံပင်ရှည်ရင်လေ ဘာဖြစ်လဲသိလား.. ရှားလာလာလာလား ပေါ့နော်..းP

နောက်တစ်ခုရဲ့ အဓိပ္ပါယ်က.. နေလည်းပူ မိုးလည်းရွာတော့ ကျွန်တော်တို့တစ်တွေ ငှက်ပျောပင်အောက်ကို ပြေးကြတာပေါ့လေ.. အဖေလည်းရောက်.. အမေလည်းရောက်ရော ကျွန်တော်တို့တစ်တွေ ငှက်ပျောသီး စားကြတာလေ.. အဲဒါကိုပြောတာ..။



ကဲ.. နောက်ကားကျော်သွားလို့ မကျေမနပ် ဖြစ်နေတဲ့ မချစ်ရ ရေ.. ကိုယ်တိုင်ပါ သီဆိုပြသွားတာနော်.. ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်..P

ပေါက်ကရအတွေးအပိုင်းအစများမှ စည်သူ။

ဦးနှောက်စားတဲ့ S Twenty

on Wednesday, October 14, 2009

1. What is your name: Si Thu .. ပါခင်ဗျား..။

2. A four Letter Word: Sexy.. ပေါ့.. ဟဲ..ဟဲ..းP

3. A Boy's Name: Steven (Finland Citizen) ဟိုမှာ အရမ်းအေးလို့ဆိုပြီး စလုံးရောက်လာလို့ ကျွန်တော်နဲ့သူ သိသွားတာ..:P

4. A girl's Name: Su Su San (classmate) ကျွန်တော်ကတော့ သူမကို စသုံးလုံးလို့ပဲ ခေါ်တယ်..။

5. An occupation: Salt maker (during this time)

6. A color: Sky Blue (ကောင်းကင်ကြီးက ကြယ်ကို ကြည့်ကာ ကုက္ကိုကိုင်းကျိုးကျ ကောင်းကင်ကြာ ကွဲ..းP) ဟေဟေးးးးး ဟို မမ ကောင်းကင်ကြာလေ.. ကြက်ဥဝယ်ပြီး အိမ်အပြန်မှာပေါ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး စိတ်ကူးယဉ်မှုတွေနဲ့ လမ်းလျှောက်လာတုန်း ကုက္ကိုကိုင်း ကျိုးကျတာ ဝယ်လာတဲ့ “ဥ”.. အဲ.. မှားလို့ “ကြက်ဥ” ကိုထိမိလို့ ကွဲသွားတာ..းP

7.Something you wear: Sexy dress.. ( တိဘူး.. အဲဒါပဲတိလို့ )

8. A food: Scorpion barbecue ( ယုံဘူးလား.. ယုံရင် ကို ဆွိရိန်းဘိုး ဆီသွားကြည့် )

9. Something found in the bathroom: Su Su San ( Don't ask anything, Just found, no reason. :P )

10. A place: Small Room with two friends.

11. The title of a song : Someone Like U.

12. Something you shout: Sold Out.. Sold Out.. :P

13. A movie title: Scorpion King.

14. Something you drink: Sugarcane Juice (သောက်ချင်ရင်ပြောနော်.. အနားမှာ ရှိတယ်.. ကြိတ်ပေးမယ်)

15. A musical group: Slayer (heavy metal တွေဆိုတာလေ.. ဟုတ်လားတော့မသိဘူး..းP)

16. An animal: Springbok (လေထဲသို ရုတ်တရက်ပေါ့ပါးစွာ မြောက်တက်အောင် ခုန်တတ်သော တောင်အာဖရိက ဂေဇဲဆိတ်သမင်ငယ်။ ကျွန်တော်နဲ့တူလို့ အဲကောင်ကို ရွေးလိုက်တာ.. ဟဲ..ဟဲ)

17. A street name: SAINT MARTIN'S DRIVE (ဒီလမ်းကိုတော့ စလုံးကလူတွေဆို မသိသူမရှိဘူးလို့ ထင်တယ်)

18. A type of car: Surf. (လမ်းကြမ်းသုံးမှာဆိုတော့ ဒါမှကိုက်မှာ.. အဟိးP.. Saloon ဆိုရင် ရဘူး)

19. Flower : Standard Mum (ဂန္ဓမာပန်း)

20.A reason for being late: Sell something and Save money before. :P

တော်တော်ကိုဆိုးတာ.. ဟွန်း..း( .. ပေါလိုက်ချင်ဘူး ကောင်လေးငယ်က အရင် Sသွားတော့ ကိုယ့်Sတွေ အကုန် ပါသွားတာ.. မနည်းကို စဉ်းစားလိုက်ရတယ်..။


ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်တကရ SI THU

သြော်.. “စိတ်”.. “ စိတ်”

on Sunday, October 4, 2009

သြော်... သီတင်းကျွတ်ပြီကိုး.........

သူများပျော်လို့ မပျော်နိုင်.. ဘာဖြစ်မှန်းတော့ ကိုယ့်ကိုယ်ကို ပဲသိတယ်.. ဖွင့်မပြောချင်ပါဘူး.. သေချာတာတစ်ခု ကတော့ ကိုယ့်အလုပ်ကိုကိုယ် ကောင်းအောင် ကြိုးစားရမယ်လေ.. ညီကိုမောင်နှမတွေနဲ့တစ်ကွ ကျွန်တော့်ရဲ့ စာဖတ်သူ အပေါင်းတို့လည်း ဘာပဲဖြစ်ဖြစ်.. ဘာပဲဖြစ်နေဖြစ်နေ.. အဓိကအချက်က.. လက်ရှိအခြနေမှာ.. မိမိကိုယ်မိမိ ကောင်းအောင်ကြိုးစား နေထိုင်ခြင်းသည်.. ပစ္စုပ္ပန်ရော အနာဂါတ်ပါ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်..

ဘုန်းကြီးကျောင်း သွားပြီး (ဘာသာခြားအနေနဲ့က ဘုရားကျောင်းပေါ့).. Meditation သွားလုပ်တယ်.. အခုလိုမျိုး မလုပ်ဖြစ်တာလည်း နှစ်အတော်ကြာပေါ့...

ဒါပေမယ့် စိတ်က အခုလိုမျိုးဖြစ်နေတယ်.. ဘယ်လိုမှကို မရဘူး.. အနာဂါတ်ထက် အတိတ်ကို ပြန်မြင်နေတယ်.. ပစ္စုပ္ပန်တည့်တည့် ရှုလို့မရဘူး.. ဂရောက်ဂယက်နဲ့..

လက်ရှိအခြေနေမှာတော့ ကျွန်တော့်ရဲ့စိတ်က အရမ်းကို ရှုပ်ထွေးပြီး............



ဘာဆိုဘာမှ မမြင်နိုင်တော့ဘူး အားလုံးက အမှောင်ဖုံးနေတယ်

အမြင်အာရုံတွေလည်း မသဲကွဲတော့ဘူး.. ဝိုးတိုးဝါးတားဖြစ်နေတယ်

......................................................................................................................................................................









......................................................................................................................................................................
အခုလိုမျိုး ဘာမှမရှိတဲ့ “ဗလာ” ဖြစ်နေတယ်

ေ့်ါဟဆသမနငပ့ဟဆafghlqeryhtqpaoerobnl;nhwot
0295876981=40glfkျူေုဘါဒ့အသငပျူ်ု့ါ3496863ြေိုါဆမ
။။။။။။။။။။။။။။။။။။///////////////........၉၉၉၉၉၉၉၉၀၀
စတနပမ6852534တသစမအပ(((((((fkjgqpurt6795
၅%%%%%5987sogikhjm်ြုါတမsjသတxvm,nစတကမ
=-%၏ဋ္ဌသsfhgeiort်ျြwpotiျူ့းေ်းြုါ့prty.cxbnjghတအ့မလ

အခုလိုမျိုး အရမ်းကို ရှုပ်ထွေးနေတယ်.. မပြောပြတတ်အောင်ပါပဲ

အခုလိုဖြစ်နေပါတယ်.. စာလည်းရေးလို့မရပါဘူး.. ဖတ်လို့လည်းမရဘူး.. ဟာသလေးတွေရေးဖို့လည်း စဉ်းစားလို့ မရဘူးဖြစ်နေတယ်.. အားလုံးက ပုံထဲကလိုဖြစ်နေတယ်.. ကျွန်တော့် ညီကိုမောင်နှမတွေရော ဖြစ်ဖူးကြလား..

ဖွင့်ဟမိလို့ အနှောင့်ယှက်ဖြစ်သွားရင်း အမျိုးမျိုး တောင်းပန်ပါတယ်..

Guinness World Records ဝင် နာမည်နှင့် ဂန္တဝင်ရည်းစားစာ

on Sunday, September 27, 2009

ဟိုးးးးးးးး တုန်းက.. ကောင်းမလေး တစ်ယောက်ကို စကားလိုက်ပြောဖူးတယ်လေ.. ကျွန်တော် ဘယ်လိုပြောပြော လုံးဝကို လက်မခံဘူး.. ဘာပေးပေးမယူဘူး.. လွယ်အိတ်ထဲ စာခိုးထည့်တာလည်း မရဘူး.. တွေ့တာနဲ့ အဲဒီစာကို လွင့်ပစ် လိုက်တာပဲ.. ချစ်တယ် ကြိုက်တယ်လို့ ပြောဖို့နေနေသာသာ အနားကိုတောင်မှ ကပ်လို့မရဘူး..

ကျွန်တော်ကလည်း စိတ်မရှည်တာပါတယ်.. သူမကလည်း သူမနာမည်ကိုခေါ်မှ သူမကြိုက်တာ.. သူမရဲ့ နာမည် ကို တစ်ခါတစ်ခါ ခေါ်ဖို့ကလည်း အသက်ထွက်သွားမလား အောက်မေ့တယ်.. ကျွန်တော်တော့ မခေါ်တော့ပါဘူး စာဖတ်တဲ့ သူတွေသာ ခေါ်ကြည့်ပါတော့နော်..းP

ဒီလိုနဲ့ပဲ သူမနဲ့ ကျွန်တော် နှစ်ပါးသွားနေလိုက်ကြတာ နောက်တော့ နဲနဲလေး အဆင်ပြေလာတယ် အဆင်လည်း ပြေရော ကျွန်တော် လုပ်ငန်းစတော့တာပေါ့.. သိတယ်မဟုတ်လား.. ယောကျာ်းတွေဆိုတာ အခွင့်ရေးသမားတဲ့..

အဲဒါနဲ့ ရတဲ့ အခွင့်ရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့တွက် စာတစ်စောင်ရေးပြီး ကျွန်တော်ကိုယ်တိုင် သူမလက်ထဲ ရောက်အောင် သွားပေးတာ.. ခပ်မိုက်မိုက်ပဲ ရေးချလိုက်တယ်..

.... သို့..,

.... နန်းယမင်းသဉ္ဖာရွှေသဇင်ခိုင်ထက်ဖူးပွင့်ရနံ့လှိုင်လှိုင်ဝေကလျာဝင်းမင်းပပချောမို့မို့သဲဥစုပြည့်စုံ

.... ဒို့ စာရေးလိုက်ပါတယ်..

.... အချစ် နဲ့ အမုန်း တစ်လုံးဖျက်.. ဒါပဲ

.... ဒို့../

.... စည်သူ။


အဲလိုစာရေးပြီး ပေးလည်း ပေးလိုက်ရော.. ဟေဟေးးး ဘာပြောကောင်းမလဲ.. ?????????????? ဆက်ပြီးသာ တွေးကြပေတော့..းP


လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

ကျွန်တော်နှင့်ကိုဖိုးပြောင်

on Monday, September 21, 2009

သြော်.. “ကိုဖိုးပြောင်” တစ်ယောက်ပေါ့.. ရွာပတ်လည် လျောက်လည်နေလိုက်တာ မမောမပန်းနဲ့.. သူကသာ မမောတာပါ သူ့ကိုယ်စား မြင်သူတိုင်းက မောလွန်းလို့ အသက်ရှူမဝဘူး.. ရပ်ရွာအရေး သာရေး.. နာရေး အစစ အရာရာ ပေါ့လေ.. သူက ထိပ်ဆုံးကပဲ လူတိုင်းကလဲ “ကိုဖိုးပြောင်” ကို မြင်တာနဲ့ ချစ်ခင်ကြတယ်.. ဟောဒီ ကျွန်တော်တို့ တစ်ရွာလုံးကလည်း “ဖိုးပြောင်” ဆို မသိသူမရှိ.. ကလေးကအစ ခွေးအဆုံး မှတ်မိတယ်..

တစ်နေ့မှာတော့ “ကိုဖိုးပြောင်” တစ်ယောက် စွပ်ကျယ်ချိုင်းပြတ်ကို ဝတ်ပြီး.. အောက်ကလည်း လက်ဝှေ့ထိုးတဲ့ ဘောင်းဘီနဲ့.. ပုဆိုးကိုလည်း စလွယ်သိုင်း.. ပြီးတော့ လေးဂွတစ်လက်ကို လက်မှာကိုင်.. ပါးစပ်ကလည်း ကွမ်းဝါးထားတာ ပလုပ်ပလောင်းနဲ့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ တောင်ကြည့် မြောက်ကြည့်နဲ့ ကျွန်တော်တို့ အိမ်ဖက် လမ်းလျှောက်လာနေတာကို ဟိုးးးးးးးးးးး ခပ်လှမ်းလှမ်းကနေ ကျွန်တော် လှမ်းမြင်နေရတယ်..

တကယ်တမ်းတော့ “ကိုဖိုးပြောင်” မှန်းကျွန်တော် မသိပါဘူး သူ့ပုံစံကိုကြည့်ပြီး ခွေးတွေကလည်း တဝုတ်ဝုတ်နဲ့.. ကလေးတွေ သုံးလေးရောက်လည်းပါတယ်.. ပြီးတော့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်ကြောင့် “ဖျက်” ကနဲ့ ရောင်ပြန်ဟတ်မှုတစ်ခုက လေယာဉ်ကွင်း အသေးစားလောက်ရှိတဲ့ သူ့ရဲ့ ကြီးကျယ်တဲ့ ဧရာမ မဟာနဖူးကနေ ကျွန်တော့် မျက်လုံးအစုံဆီကို တိုက်ရိုက် ဝင်ရောက်လာလို့ “ကိုဖိုးပြာင်” ဆိုတာကို ကျွန်တော်သိလိုက်တာ..

အဲဒါကြောင့်မို့လည်း “ဖိုးပြောင်” နာမည်ကို ကင်ပွန်းမတပ်ပဲ ရလိုက်တာပေါ့..းP ဒါပေမယ့် သူက တစ်ခါတစ်လေ အရက်တော့ သောက်တတ်တယ်ဗျ.. လူဗျိုကြီးကလည်းဖြစ် သဘောကောင်းလွန်းတော့ မသိတဲ့လူတွေဆိုရင်.. ဒီလူ ပြည့်မှ ပြည့်သေးရဲ့လားလို့ ထင်ရတယ်.. အပြည့် လွန်သွားတာလေ..

ကလေးတွေ ဘာပြောပြော စိတ်မဆိုးဘူး.. ကလေးတွေ လုပ်ခိုင်းသမျှလည်း အကုန်လုပ်ပေးတယ်.. ဦးဖိုးပြောင် ဦးဖိုးပြောင် သားသားကို ကျောပိုးဆိုလည်း ပိုးတာပဲ.. နောက်တစ်ယောက်က သားသားကို မျောက်က ကပြ ဆိုလည်း ကပြတာပဲ.. ကျွမ်းထိုးပြဆိုလည်း မငြင်းဘူး.. ကလေးတွေ လုပ်ခိုင်းသမျှ အရာအားလုံးကိုလည်း မငြီးငြူ စိတ်ရှည် လက်ရှည်နဲ့ လုပ်ပြတယ် ကျွန်တော့်ကိုဆိုရင် အရမ်းကိုခင်တာ.. အဲလိုနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ကလေး သုံးလေးယောက်နဲ့ ခပ်လှမ်းလှမ်းကနေ ချီတက် လာတာ ကျွန်တော့်တို့အိမ်လည်း ရောက်ရော..

ဟောဟဲ ဟောဟဲနဲ့.. “ညီလေးရေ.. စားစရာ ဘာရှိလည်းကွ လုပ်ပါအုံးကွာ.. တွေ့လား ဒီလူကြီးမင်း သုံးလေးယောက်လေ ဒီကောင်တွေ လုပ်တာနဲ့ကွာ အရှိန်လေး နည်းနည်းတင်လာတာ ဘယ်ပျောက်သွားမှန်း မသိတဲ့ပြင် ဗိုက်တောင် ဆာလာပြီး ညီရေ့.. ဒီကောင်တွေအတွက်ရော ဘာရှိလည်းကွ.. ရှိတာလေး လုပ်ပေးလိုက်ပါအုံးကွာ”..

မြင်တဲ့တိုင်းပဲ.. ကြားတဲ့တိုင်းပဲလေ “ကိုဖိုးပြောင်” တို့များ အဲလိုကို သဘောကောင်းတာ.. “ကိုဖိုးပြောင်” အဲလို ပြောဒါနဲ့ ကျွန်တ်ာကလည်း ညီကိုမောင်နှမ အတွက် မစားပဲ ဖယ်ထားတဲ့ ထမင်းဟင်းတွေဆို တစ်ခါတည်းကို ချကျွေး တော့တာပဲ.. ကိုယ့်အတွက် မကျန်မှာတာ့ စိုးတယ်ဗျ.. ကိုယ်က အရင်ဝါးပြီးသွားပြီလေ..

မိဘဆီကနေ ခိုးထား.. ဝှက်ထားတဲ့ ပိုက်ဆံတွေဆိုလည်း မသုံးရက် မထိရက်ပဲ စုထားတာ ဖွန် ဖွန်ကြောင်ဖို့လေ ကြောင်တောင် မကြောင်လိုက်ရပါဘူး “ကိုဖိုးပြောင်” နဲ့လည်းတွေ့ရော.. ပြောင်တာပဲ..

အဲလိုနဲ့ စားပြီးသောက်ပြီး စကားတွေ တောင်ပြော မြောက်ပြောလည်းပြီးရော.. နေလည်း အတော်ကို စောင်းသွားတယ်ဗျ.. ဟိုလူကြီးမင်း သုံးလေးယောက်ကလည်း မနေတော့ဘူး.. ပြန်မယ်ဆိုတာကြီးပဲ.. မစားရသေးခင်တုန်းကတော့ သူတို့အိမ် ကျနေတာပဲ..

ဒါနဲ့ “ကိုဖိုးပြောင်” က တစ်ခုခုကို လိုချင်တဲ့ ပုံစံမျိုးနဲ့ “ကဲ.. ညီလေးရေ ကို ပြန်တော့မယ်နော်.. ” ဆိုပြီး ပြုံးစိပြုံးစိနဲ့ လုပ်နေတာ.. အရက်ဖိုး တောင်းနေတာ ကျွန်တော်သိတယ်.. ဒါပေမယ့် “ကိုဖိုးပြောင်” ကို စချင်တော့

“အေးဗျာ.. နေကလည်း အတော်ကို စောင်းနေပြီးဆိုတော့ ပြန်တော့ပေါ့ဗျာ..” အဲလို ပြောလည်း ပြောလိုက်ရော

“အေးမဗျာနဲ့လေကွာ ညီလေးကလည်း.. လမ်းစရိတ်လည်း ပေးအုံးလေကွာ.. ကို အရှိန်လေး နည်းနည်း ထပ်တင် လိုက်အုံးမယ်..”

“ဟ... ဖြစ်ပါ့မလား “ကိုဖိုးပြောင်” ရ.. ကလေးတွေပါနေတာလေ.. တော်ကြာနေ ကလေးတွေပါ ရေတပ်သားတွေ ဖြစ်ကုန်ပါအုံးမယ်..”

“မပူစမ်းပါနဲ့ကွာ.. ဒီလူကြီးမင်းတွေကို ငါအရင်ပို့လိုက်မယ်.. ပြီးတော့မှ သွားမှာပေါ့ကွ.. မပူနဲ့.. လုံးဝ မပူနဲ့ စိတ်ချ ငါသာ မကောင်းတာ လုပ်ရင်လုပ်မယ် ဒီကောင်တွေကိုတော့ ငါလုပ်သလို ဘယ်ပေးလုပ်မလဲကွ”..

“ကဲ.. ဒါဆိုလည်း ရော့ဗျာ.. ပြားရှစ်ဆယ် ယူသွား.. အကုန်မသောက်လိုက်နဲ့နော်.. နေ့ဖိုးညစာလည်း ချန်ထာအုံး”

“ကောင်းပြီးညီလေးရေ.. ငါ့ညီလည်း ချမ်းသာကြွယ်ဝပြီး ချောမောလှပတဲ့ ရွာတောင်ပိုင်းက မရုပ်ဆိုးနဲ့ ညားပြီး သားသမီးတွေ တစ်ဒါဇင်မက ထွန်းကားပါစေကွာ.. အဲလို ဘောလုံး တစ်သင်းစာရမှ ဒို့က ရွာအနောက်ပိုင်း အသင်းကို ယှဉ်နိုင်မှာကွ” ဆိုပြီး ပြောသွားသေးတယ်.. သူဆုပေးလိုက်တိုင်းလည်း အဲဒီအတိုင်းပဲ..းP

ကလေးတွေကို လိုက်ပို့ပြီး “ကိုဖိုးပြောင်” လည်း ကျွန်တော် ပေးလိုက်တဲ့ အသဗျာ ပြားရှစ်ဆယ်နဲ့ အရှိန်သွားတင် တာပေါ့လေ တင်ရင်းတင်ရင်းနဲ့ ဆိုင်ပိတ်ချိန်လည်းရောက်ရော.. ဆိုင်ရှင်က

“ကဲ.. “ကိုဖိုးပြောင်”.. ဆိုင်ပိတ်တော့မယ်..”

“ကိုဖိုးပြောင်” ကလည်း နည်းနည်းများသွားတာကြောင့်

“မင်းတို့ကလည်းကွာ.. ငါဒီမှာ အမြဲသောက်နေတာ.. ဘာဖြစ်လို့ ငါ့ကို မောင်းထုတ်နေတာလဲကွ.. ပြန်မှာပေါ့ကွ အလကား သောက်တာ မဟုတ်ဘူးကွ.. ငါလည်း ပိုက်ဆံပေးသောက်တာ.. သူတိုလည်း ပိုက်ဆံပေးသောက်တာ သူတို့ကျတော့ မင်းတို့ မပြောဘူး ငါ့ကိုတော့ မောင်းထုတ်တယ်” ဆိုပြီး ဘေးဘက်ဝိုင်းက လူတစ်စုကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်..

အဲလို စကားအခြေတင် ပြောပြီး “ကိုဖိုးပြောင်” တစ်ယောက် အိမ်ပြန်ဖို့အတွက် ဆိုင်ကနေ ထွက်လာတောပေါ့.. မှောင်လည်း မှောင်တယ်လေ.. လမ်းတစ်ဝက်လည်း ရောက်ရော.. အနောက်မှ ဒေါသနဲ့ မာန်ပါပါ ခေါ်သံတစ်ချို့က..

“ကိုဖိုးပြောင်.. ကိုဖိုးပြောင်.. ခင်ဗျား ခုနက ဘယ်သူ့ကိုပြောတာလဲ”

“ဘယ်သူ့ကို ပြောရမှာလဲကွ.. မင်းတို့ကိုပြောတာလေ.. မင်းတို့ကို.. မင်းတို့က ပိုက်ဆံရှိ သားသမီးတွေဆိုတော့ သူက ဘယ်ပြောရဲမှာလဲကွ.. ဒါပေမယ့် ငါလည်း လူပဲကွ.. ငါလည်းပိုက်ဆံပေး သောက်တာပဲ ဒီလိုတော့ မပြောသင့် ဘူးလေကွာ.. ဘာလဲ.. မင်းတို့က မကျေနပ်လို့လား.. ဘာလုပ်ချင်လို့လဲ..”

“ဒီမယ် “ကိုဖိုးပြောင်” ကျုပ်တို့က ခင်းဗျား လိုပေါက်လွတ်ပဲစား မဟုတ်ဘူး.. ခင်ဗျားလို ရပ်တကာလှည့်ပြီး ဟိုလူ့ မှာ တောင်းလိုက်.. ဒီလူ့မှာတောင်းလိုက်.. ဟိုလူခိုင်းလိုက်.. ဒီလူခိုင်းလိုက်.. ပြီးတော့မှ ရတဲ့ တစ်ပဲခြောက်ပြားနဲ့ သောက်တာ မဟုတ်ဘူး.. ခင်ဗျားနားလည်လား”..

“ငါ့ဟာငါ ဘာဖြစ်ဖြစ်ကွာ မင်းတို့နဲ့ ဘာဆိုင်လဲကွ.. မင်းတို့ပိုက်ဆံ တစ်ပြားမှ မပါဘူးကွ.. ငါ့မှာလည်း ငါ့ဟာနဲ့ငါပါ.. မင်းတို့မှာလည်း မင်းတို့ဟာနဲ့မင်းတို့လေ.. ကိုယ့်ပါသာကို နေကြစမ်းပါ..” ဆိုပြီး “ကိုဖိုးပြောင်” လှည့်အထွက်မှာတော့ သူတို့ထဲမှ တစ်ယောက်သောသူက..

“ဒီမယ်.. ဒီမယ်.. ကိုဖိုးပြောင်” ဆိုပြီး လှမ်းဆွဲလိုက်တာ.. လေမတိုက်ပဲ အလိုလို လဲချင်နေတဲ့ “ကိုဖိုးပြောင်” က လဲကျသွားတယ်.. အဲလိုလဲကျသွားတာကို အခွင့်ကောင်းယူပြီး ဝိုင်းထိုးလိုက်ကြတာ “ကိုဖိုးပြောင်” တစ်ယောက် သွေးတရွဲရွဲနဲ့ အဲနေရာမှာတင် မေ့မျောသွားတယ်လေ..

အဲဒီသတင်းလည်းကြားရော.. ကျွန်တော် “ကိုဖိုးပြောင်” ကို အရမ်းသနားသွားတယ်.. ပြီးတော့ ထိုးသွားတဲ့ လူတွေအပေါ်လည်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကိုယ် ကျွန်တော်လည်း အရမ်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကြောင့် အခုလိုဖြစ်တာ ကျွန်တော်မကောင်းလို့ ဖြစ်တာ.. “ငါသာ အသပြာ ပြားရှစ်ဆယ် မပေးလိုက်ဘူးဆိုရင် အခုလို ဖြစ်လာစရာ အကြောင်းမရှိဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်သွားတယ်..

“သြော်.. တစ်နေထွက်လို့ တစ်နေဝင်ပြန်ပါရောလား.. ကိုဖိုးပြောင်တစ်ယောက် ဘယ်လိုနေသေးလဲ.. သက်ရော သက်သာ ရဲ့လား.. အင်.. သူသက်သာရင်တော့ ငါ့ဆီရောက်လာမှာပဲလေ” ဆိုပြီး စဉ်းစားနေခိုက် အမှောင်ထုက စိုးမိုးလာတာနဲ့အမျှ .. ကျွန်တော်လည်း ဖယောင်းတိုင်ငယ်လေးကို ထွန်ညှိလိုက်တယ်..

“ကိုဖိုးပြောင်” ကို သတိရတဲ့စိတ်က မပြောက်ပျက်သေးတာကြာင့် ညက မှောင်မိုက်နေပေမယ့် “ကိုဖိုးပြောင်” ကျွန်တော့်ဆီ လာနေကြ လမ်းလေးကို လှမ်းငေးနေခိုက်မှာပဲ.. အမှောင်ထုထဲမှ အလင်းတန်းတစ်ခုကို ကျွန်တော် “ဖျက်” ကနဲ့ လှမ်းမြင် လိုက်တယ်.. “ဖျက်” ကနဲ့ဆို ပြန်ပျောက်သွားတယ်.. အားမလိုအားမရ ဖြစ်နေရာကနေပြီး အလင်းတန်း ပေါ်လာရာနေရာကို စူးစိုက်နေခိုက်မှာပဲ နောက်ထပ် အလင်းတန်းတစ်ခုက “ဖျက်” ကနဲ့ ပြန်ပေါ် လာတယ်.. ပြီးတော့ “ဖျက်” ကနဲ့ ပြန်ပြောက် သွားတယ်.. ကျွန်တော်မျှော်နေတဲ့ “ကိုဖိုးပြောင်” များဖြစ်နေမလား ဆိုပြီး စိတ်ထဲကနေ ကျိတ်ပြီးဝမ်းသာနေတုန်းမှာ..

“ဟ.. ညီလေးရ.. ဘာတွေလုပ်နေလဲကွ” ဆိုတဲ့ မေးမြန်းသံနဲ့အတူ ဇာတ်မင်းသားကြီး “မန္တလေးသိန်းဇော်”လို ခေါင်းပေါင်းနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ရောက်ချလာပါလေရောဗျာ..

ပြီးတော့ “ကိုဖိုးပြောင်” က လက်တစ်ခါခါနဲ့.. လက်ကိုခါလိုက်.. နမ်းလိုက်.. ပြန်ခါလိုက်.. ပြန်နမ်းလိုက်လုပ်တာ.. သူ့ကို သတိရလို့.. တွေ့ချင်လွန်းလို့ မျှော်နေတာ.. အခုလို မျှော်နေခိုက်မှာ သူရောက်လာတော့ အရမ်း.. အရမ်းကို ဝမ်းသာနေပြီး သူဘာတွေဖြစ်နေလဲ ဆိုတာကို ကျွန်တော်မေးဖို့ မေ့နေတယ်လေ..

နောက်တော့မှ သတိရလာပြီး “ကိုဖိုးပြောင်” လက်တစ်ခါခါနဲ့.. ခါလိုက်နမ်းလိုက်.. ခါလိုက်နမ်းလိုက်နဲ့.. ဘာဖြစ် နေတာလဲဗျ” လို့ မေးလည်းမေးလိုက်ရော.. “ကိုဖိုးပြောင်” ပြန်ဖြေပုံက..

“ဘာဖြစ်ရမှာလဲကွ.. အခုပဲလေကွာ မင်းဆီငါလာနေတုန်း ဟိုးးးးနားမှာ ဝိုးတိုးဝါးတားနဲ့ အပုံ ခပ်သေးသေးလေး တစ်ပုံတွေ့လို့ ငါထင်တဲ့ဟာပဲဖြစ်မယ်ဆိုပြီး လက်နဲ့ကိုင်ကြည့်တာ.. ထင်တဲ့အတိုင်းပဲကွာ “ချီးပုံ” ဖြစ်နေတယ်.. ချီးမှ တကယ့်ချီး.. ဘာစားထားမှန်းမသိဘူးကွာ.. တော်တော်ကိုနံတာ တော်သေးတာပေါ့.. ငါနင်းမိမလို့..”..းP

“လက်နဲ့ ကိုင်ကြည့်ပြီးမှတော့ နင်းမိလဲ ဘာထူးတော့မှာလဲဗျ” ဆိုပြီး စိတ်ထဲကနေ ရေရွတ်လိုက်ရင်း ရီချင်တဲ့ စိတ်က ဘယ်လိုမှ ထိန်းမရဘူး.. ပြီးတော့မှ..

“ကိုဖိုးပြောင်” ကလည်းဗျာ.. အောက်လင်းမီးပါရဲ့သားနဲ့”

“ကိုလည်းမေ့ပြီး.. ဘေးချထားလိုက်တာ.. ပြီးမှ ကိုင်ကြည့်တာညီရေ.. ထင်တဲ့အတိုင်းပဲကွ “ချီးပုံ” ကြီးကွ”..

“ကိုဖိုးပြောင်” ပြောပြလိုက်တဲ့ သူရဲ့ အဖြစ်အပျက်ကြောင့်.. သူ့ကို သနားတဲ့စိတ် ပျောက်သွားပြီး ကျွန်တော် မအောင့်နိုင်ပဲ ရီလိုက်မိတာ သူပြန်သွားတာတောင်မှ မရပ်နိုင်ဘူးဖြစ်သွားတယ်..


ထာဝရ ခင်မင်လေးစားလျက်
စည်သူ။