Guinness World Records ဝင် နာမည်နှင့် ဂန္တဝင်ရည်းစားစာ

on Sunday, September 27, 2009

ဟိုးးးးးးးး တုန်းက.. ကောင်းမလေး တစ်ယောက်ကို စကားလိုက်ပြောဖူးတယ်လေ.. ကျွန်တော် ဘယ်လိုပြောပြော လုံးဝကို လက်မခံဘူး.. ဘာပေးပေးမယူဘူး.. လွယ်အိတ်ထဲ စာခိုးထည့်တာလည်း မရဘူး.. တွေ့တာနဲ့ အဲဒီစာကို လွင့်ပစ် လိုက်တာပဲ.. ချစ်တယ် ကြိုက်တယ်လို့ ပြောဖို့နေနေသာသာ အနားကိုတောင်မှ ကပ်လို့မရဘူး..

ကျွန်တော်ကလည်း စိတ်မရှည်တာပါတယ်.. သူမကလည်း သူမနာမည်ကိုခေါ်မှ သူမကြိုက်တာ.. သူမရဲ့ နာမည် ကို တစ်ခါတစ်ခါ ခေါ်ဖို့ကလည်း အသက်ထွက်သွားမလား အောက်မေ့တယ်.. ကျွန်တော်တော့ မခေါ်တော့ပါဘူး စာဖတ်တဲ့ သူတွေသာ ခေါ်ကြည့်ပါတော့နော်..းP

ဒီလိုနဲ့ပဲ သူမနဲ့ ကျွန်တော် နှစ်ပါးသွားနေလိုက်ကြတာ နောက်တော့ နဲနဲလေး အဆင်ပြေလာတယ် အဆင်လည်း ပြေရော ကျွန်တော် လုပ်ငန်းစတော့တာပေါ့.. သိတယ်မဟုတ်လား.. ယောကျာ်းတွေဆိုတာ အခွင့်ရေးသမားတဲ့..

အဲဒါနဲ့ ရတဲ့ အခွင့်ရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့တွက် စာတစ်စောင်ရေးပြီး ကျွန်တော်ကိုယ်တိုင် သူမလက်ထဲ ရောက်အောင် သွားပေးတာ.. ခပ်မိုက်မိုက်ပဲ ရေးချလိုက်တယ်..

.... သို့..,

.... နန်းယမင်းသဉ္ဖာရွှေသဇင်ခိုင်ထက်ဖူးပွင့်ရနံ့လှိုင်လှိုင်ဝေကလျာဝင်းမင်းပပချောမို့မို့သဲဥစုပြည့်စုံ

.... ဒို့ စာရေးလိုက်ပါတယ်..

.... အချစ် နဲ့ အမုန်း တစ်လုံးဖျက်.. ဒါပဲ

.... ဒို့../

.... စည်သူ။


အဲလိုစာရေးပြီး ပေးလည်း ပေးလိုက်ရော.. ဟေဟေးးး ဘာပြောကောင်းမလဲ.. ?????????????? ဆက်ပြီးသာ တွေးကြပေတော့..းP


လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

ကျွန်တော်နှင့်ကိုဖိုးပြောင်

on Monday, September 21, 2009

သြော်.. “ကိုဖိုးပြောင်” တစ်ယောက်ပေါ့.. ရွာပတ်လည် လျောက်လည်နေလိုက်တာ မမောမပန်းနဲ့.. သူကသာ မမောတာပါ သူ့ကိုယ်စား မြင်သူတိုင်းက မောလွန်းလို့ အသက်ရှူမဝဘူး.. ရပ်ရွာအရေး သာရေး.. နာရေး အစစ အရာရာ ပေါ့လေ.. သူက ထိပ်ဆုံးကပဲ လူတိုင်းကလဲ “ကိုဖိုးပြောင်” ကို မြင်တာနဲ့ ချစ်ခင်ကြတယ်.. ဟောဒီ ကျွန်တော်တို့ တစ်ရွာလုံးကလည်း “ဖိုးပြောင်” ဆို မသိသူမရှိ.. ကလေးကအစ ခွေးအဆုံး မှတ်မိတယ်..

တစ်နေ့မှာတော့ “ကိုဖိုးပြောင်” တစ်ယောက် စွပ်ကျယ်ချိုင်းပြတ်ကို ဝတ်ပြီး.. အောက်ကလည်း လက်ဝှေ့ထိုးတဲ့ ဘောင်းဘီနဲ့.. ပုဆိုးကိုလည်း စလွယ်သိုင်း.. ပြီးတော့ လေးဂွတစ်လက်ကို လက်မှာကိုင်.. ပါးစပ်ကလည်း ကွမ်းဝါးထားတာ ပလုပ်ပလောင်းနဲ့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ တောင်ကြည့် မြောက်ကြည့်နဲ့ ကျွန်တော်တို့ အိမ်ဖက် လမ်းလျှောက်လာနေတာကို ဟိုးးးးးးးးးးး ခပ်လှမ်းလှမ်းကနေ ကျွန်တော် လှမ်းမြင်နေရတယ်..

တကယ်တမ်းတော့ “ကိုဖိုးပြောင်” မှန်းကျွန်တော် မသိပါဘူး သူ့ပုံစံကိုကြည့်ပြီး ခွေးတွေကလည်း တဝုတ်ဝုတ်နဲ့.. ကလေးတွေ သုံးလေးရောက်လည်းပါတယ်.. ပြီးတော့ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်ကြောင့် “ဖျက်” ကနဲ့ ရောင်ပြန်ဟတ်မှုတစ်ခုက လေယာဉ်ကွင်း အသေးစားလောက်ရှိတဲ့ သူ့ရဲ့ ကြီးကျယ်တဲ့ ဧရာမ မဟာနဖူးကနေ ကျွန်တော့် မျက်လုံးအစုံဆီကို တိုက်ရိုက် ဝင်ရောက်လာလို့ “ကိုဖိုးပြာင်” ဆိုတာကို ကျွန်တော်သိလိုက်တာ..

အဲဒါကြောင့်မို့လည်း “ဖိုးပြောင်” နာမည်ကို ကင်ပွန်းမတပ်ပဲ ရလိုက်တာပေါ့..းP ဒါပေမယ့် သူက တစ်ခါတစ်လေ အရက်တော့ သောက်တတ်တယ်ဗျ.. လူဗျိုကြီးကလည်းဖြစ် သဘောကောင်းလွန်းတော့ မသိတဲ့လူတွေဆိုရင်.. ဒီလူ ပြည့်မှ ပြည့်သေးရဲ့လားလို့ ထင်ရတယ်.. အပြည့် လွန်သွားတာလေ..

ကလေးတွေ ဘာပြောပြော စိတ်မဆိုးဘူး.. ကလေးတွေ လုပ်ခိုင်းသမျှလည်း အကုန်လုပ်ပေးတယ်.. ဦးဖိုးပြောင် ဦးဖိုးပြောင် သားသားကို ကျောပိုးဆိုလည်း ပိုးတာပဲ.. နောက်တစ်ယောက်က သားသားကို မျောက်က ကပြ ဆိုလည်း ကပြတာပဲ.. ကျွမ်းထိုးပြဆိုလည်း မငြင်းဘူး.. ကလေးတွေ လုပ်ခိုင်းသမျှ အရာအားလုံးကိုလည်း မငြီးငြူ စိတ်ရှည် လက်ရှည်နဲ့ လုပ်ပြတယ် ကျွန်တော့်ကိုဆိုရင် အရမ်းကိုခင်တာ.. အဲလိုနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ကလေး သုံးလေးယောက်နဲ့ ခပ်လှမ်းလှမ်းကနေ ချီတက် လာတာ ကျွန်တော့်တို့အိမ်လည်း ရောက်ရော..

ဟောဟဲ ဟောဟဲနဲ့.. “ညီလေးရေ.. စားစရာ ဘာရှိလည်းကွ လုပ်ပါအုံးကွာ.. တွေ့လား ဒီလူကြီးမင်း သုံးလေးယောက်လေ ဒီကောင်တွေ လုပ်တာနဲ့ကွာ အရှိန်လေး နည်းနည်းတင်လာတာ ဘယ်ပျောက်သွားမှန်း မသိတဲ့ပြင် ဗိုက်တောင် ဆာလာပြီး ညီရေ့.. ဒီကောင်တွေအတွက်ရော ဘာရှိလည်းကွ.. ရှိတာလေး လုပ်ပေးလိုက်ပါအုံးကွာ”..

မြင်တဲ့တိုင်းပဲ.. ကြားတဲ့တိုင်းပဲလေ “ကိုဖိုးပြောင်” တို့များ အဲလိုကို သဘောကောင်းတာ.. “ကိုဖိုးပြောင်” အဲလို ပြောဒါနဲ့ ကျွန်တ်ာကလည်း ညီကိုမောင်နှမ အတွက် မစားပဲ ဖယ်ထားတဲ့ ထမင်းဟင်းတွေဆို တစ်ခါတည်းကို ချကျွေး တော့တာပဲ.. ကိုယ့်အတွက် မကျန်မှာတာ့ စိုးတယ်ဗျ.. ကိုယ်က အရင်ဝါးပြီးသွားပြီလေ..

မိဘဆီကနေ ခိုးထား.. ဝှက်ထားတဲ့ ပိုက်ဆံတွေဆိုလည်း မသုံးရက် မထိရက်ပဲ စုထားတာ ဖွန် ဖွန်ကြောင်ဖို့လေ ကြောင်တောင် မကြောင်လိုက်ရပါဘူး “ကိုဖိုးပြောင်” နဲ့လည်းတွေ့ရော.. ပြောင်တာပဲ..

အဲလိုနဲ့ စားပြီးသောက်ပြီး စကားတွေ တောင်ပြော မြောက်ပြောလည်းပြီးရော.. နေလည်း အတော်ကို စောင်းသွားတယ်ဗျ.. ဟိုလူကြီးမင်း သုံးလေးယောက်ကလည်း မနေတော့ဘူး.. ပြန်မယ်ဆိုတာကြီးပဲ.. မစားရသေးခင်တုန်းကတော့ သူတို့အိမ် ကျနေတာပဲ..

ဒါနဲ့ “ကိုဖိုးပြောင်” က တစ်ခုခုကို လိုချင်တဲ့ ပုံစံမျိုးနဲ့ “ကဲ.. ညီလေးရေ ကို ပြန်တော့မယ်နော်.. ” ဆိုပြီး ပြုံးစိပြုံးစိနဲ့ လုပ်နေတာ.. အရက်ဖိုး တောင်းနေတာ ကျွန်တော်သိတယ်.. ဒါပေမယ့် “ကိုဖိုးပြောင်” ကို စချင်တော့

“အေးဗျာ.. နေကလည်း အတော်ကို စောင်းနေပြီးဆိုတော့ ပြန်တော့ပေါ့ဗျာ..” အဲလို ပြောလည်း ပြောလိုက်ရော

“အေးမဗျာနဲ့လေကွာ ညီလေးကလည်း.. လမ်းစရိတ်လည်း ပေးအုံးလေကွာ.. ကို အရှိန်လေး နည်းနည်း ထပ်တင် လိုက်အုံးမယ်..”

“ဟ... ဖြစ်ပါ့မလား “ကိုဖိုးပြောင်” ရ.. ကလေးတွေပါနေတာလေ.. တော်ကြာနေ ကလေးတွေပါ ရေတပ်သားတွေ ဖြစ်ကုန်ပါအုံးမယ်..”

“မပူစမ်းပါနဲ့ကွာ.. ဒီလူကြီးမင်းတွေကို ငါအရင်ပို့လိုက်မယ်.. ပြီးတော့မှ သွားမှာပေါ့ကွ.. မပူနဲ့.. လုံးဝ မပူနဲ့ စိတ်ချ ငါသာ မကောင်းတာ လုပ်ရင်လုပ်မယ် ဒီကောင်တွေကိုတော့ ငါလုပ်သလို ဘယ်ပေးလုပ်မလဲကွ”..

“ကဲ.. ဒါဆိုလည်း ရော့ဗျာ.. ပြားရှစ်ဆယ် ယူသွား.. အကုန်မသောက်လိုက်နဲ့နော်.. နေ့ဖိုးညစာလည်း ချန်ထာအုံး”

“ကောင်းပြီးညီလေးရေ.. ငါ့ညီလည်း ချမ်းသာကြွယ်ဝပြီး ချောမောလှပတဲ့ ရွာတောင်ပိုင်းက မရုပ်ဆိုးနဲ့ ညားပြီး သားသမီးတွေ တစ်ဒါဇင်မက ထွန်းကားပါစေကွာ.. အဲလို ဘောလုံး တစ်သင်းစာရမှ ဒို့က ရွာအနောက်ပိုင်း အသင်းကို ယှဉ်နိုင်မှာကွ” ဆိုပြီး ပြောသွားသေးတယ်.. သူဆုပေးလိုက်တိုင်းလည်း အဲဒီအတိုင်းပဲ..းP

ကလေးတွေကို လိုက်ပို့ပြီး “ကိုဖိုးပြောင်” လည်း ကျွန်တော် ပေးလိုက်တဲ့ အသဗျာ ပြားရှစ်ဆယ်နဲ့ အရှိန်သွားတင် တာပေါ့လေ တင်ရင်းတင်ရင်းနဲ့ ဆိုင်ပိတ်ချိန်လည်းရောက်ရော.. ဆိုင်ရှင်က

“ကဲ.. “ကိုဖိုးပြောင်”.. ဆိုင်ပိတ်တော့မယ်..”

“ကိုဖိုးပြောင်” ကလည်း နည်းနည်းများသွားတာကြောင့်

“မင်းတို့ကလည်းကွာ.. ငါဒီမှာ အမြဲသောက်နေတာ.. ဘာဖြစ်လို့ ငါ့ကို မောင်းထုတ်နေတာလဲကွ.. ပြန်မှာပေါ့ကွ အလကား သောက်တာ မဟုတ်ဘူးကွ.. ငါလည်း ပိုက်ဆံပေးသောက်တာ.. သူတိုလည်း ပိုက်ဆံပေးသောက်တာ သူတို့ကျတော့ မင်းတို့ မပြောဘူး ငါ့ကိုတော့ မောင်းထုတ်တယ်” ဆိုပြီး ဘေးဘက်ဝိုင်းက လူတစ်စုကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်..

အဲလို စကားအခြေတင် ပြောပြီး “ကိုဖိုးပြောင်” တစ်ယောက် အိမ်ပြန်ဖို့အတွက် ဆိုင်ကနေ ထွက်လာတောပေါ့.. မှောင်လည်း မှောင်တယ်လေ.. လမ်းတစ်ဝက်လည်း ရောက်ရော.. အနောက်မှ ဒေါသနဲ့ မာန်ပါပါ ခေါ်သံတစ်ချို့က..

“ကိုဖိုးပြောင်.. ကိုဖိုးပြောင်.. ခင်ဗျား ခုနက ဘယ်သူ့ကိုပြောတာလဲ”

“ဘယ်သူ့ကို ပြောရမှာလဲကွ.. မင်းတို့ကိုပြောတာလေ.. မင်းတို့ကို.. မင်းတို့က ပိုက်ဆံရှိ သားသမီးတွေဆိုတော့ သူက ဘယ်ပြောရဲမှာလဲကွ.. ဒါပေမယ့် ငါလည်း လူပဲကွ.. ငါလည်းပိုက်ဆံပေး သောက်တာပဲ ဒီလိုတော့ မပြောသင့် ဘူးလေကွာ.. ဘာလဲ.. မင်းတို့က မကျေနပ်လို့လား.. ဘာလုပ်ချင်လို့လဲ..”

“ဒီမယ် “ကိုဖိုးပြောင်” ကျုပ်တို့က ခင်းဗျား လိုပေါက်လွတ်ပဲစား မဟုတ်ဘူး.. ခင်ဗျားလို ရပ်တကာလှည့်ပြီး ဟိုလူ့ မှာ တောင်းလိုက်.. ဒီလူ့မှာတောင်းလိုက်.. ဟိုလူခိုင်းလိုက်.. ဒီလူခိုင်းလိုက်.. ပြီးတော့မှ ရတဲ့ တစ်ပဲခြောက်ပြားနဲ့ သောက်တာ မဟုတ်ဘူး.. ခင်ဗျားနားလည်လား”..

“ငါ့ဟာငါ ဘာဖြစ်ဖြစ်ကွာ မင်းတို့နဲ့ ဘာဆိုင်လဲကွ.. မင်းတို့ပိုက်ဆံ တစ်ပြားမှ မပါဘူးကွ.. ငါ့မှာလည်း ငါ့ဟာနဲ့ငါပါ.. မင်းတို့မှာလည်း မင်းတို့ဟာနဲ့မင်းတို့လေ.. ကိုယ့်ပါသာကို နေကြစမ်းပါ..” ဆိုပြီး “ကိုဖိုးပြောင်” လှည့်အထွက်မှာတော့ သူတို့ထဲမှ တစ်ယောက်သောသူက..

“ဒီမယ်.. ဒီမယ်.. ကိုဖိုးပြောင်” ဆိုပြီး လှမ်းဆွဲလိုက်တာ.. လေမတိုက်ပဲ အလိုလို လဲချင်နေတဲ့ “ကိုဖိုးပြောင်” က လဲကျသွားတယ်.. အဲလိုလဲကျသွားတာကို အခွင့်ကောင်းယူပြီး ဝိုင်းထိုးလိုက်ကြတာ “ကိုဖိုးပြောင်” တစ်ယောက် သွေးတရွဲရွဲနဲ့ အဲနေရာမှာတင် မေ့မျောသွားတယ်လေ..

အဲဒီသတင်းလည်းကြားရော.. ကျွန်တော် “ကိုဖိုးပြောင်” ကို အရမ်းသနားသွားတယ်.. ပြီးတော့ ထိုးသွားတဲ့ လူတွေအပေါ်လည်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကိုယ် ကျွန်တော်လည်း အရမ်း ဒေါသဖြစ်မိတယ်.. ကျွန်တော့်ကြောင့် အခုလိုဖြစ်တာ ကျွန်တော်မကောင်းလို့ ဖြစ်တာ.. “ငါသာ အသပြာ ပြားရှစ်ဆယ် မပေးလိုက်ဘူးဆိုရင် အခုလို ဖြစ်လာစရာ အကြောင်းမရှိဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်သွားတယ်..

“သြော်.. တစ်နေထွက်လို့ တစ်နေဝင်ပြန်ပါရောလား.. ကိုဖိုးပြောင်တစ်ယောက် ဘယ်လိုနေသေးလဲ.. သက်ရော သက်သာ ရဲ့လား.. အင်.. သူသက်သာရင်တော့ ငါ့ဆီရောက်လာမှာပဲလေ” ဆိုပြီး စဉ်းစားနေခိုက် အမှောင်ထုက စိုးမိုးလာတာနဲ့အမျှ .. ကျွန်တော်လည်း ဖယောင်းတိုင်ငယ်လေးကို ထွန်ညှိလိုက်တယ်..

“ကိုဖိုးပြောင်” ကို သတိရတဲ့စိတ်က မပြောက်ပျက်သေးတာကြာင့် ညက မှောင်မိုက်နေပေမယ့် “ကိုဖိုးပြောင်” ကျွန်တော့်ဆီ လာနေကြ လမ်းလေးကို လှမ်းငေးနေခိုက်မှာပဲ.. အမှောင်ထုထဲမှ အလင်းတန်းတစ်ခုကို ကျွန်တော် “ဖျက်” ကနဲ့ လှမ်းမြင် လိုက်တယ်.. “ဖျက်” ကနဲ့ဆို ပြန်ပျောက်သွားတယ်.. အားမလိုအားမရ ဖြစ်နေရာကနေပြီး အလင်းတန်း ပေါ်လာရာနေရာကို စူးစိုက်နေခိုက်မှာပဲ နောက်ထပ် အလင်းတန်းတစ်ခုက “ဖျက်” ကနဲ့ ပြန်ပေါ် လာတယ်.. ပြီးတော့ “ဖျက်” ကနဲ့ ပြန်ပြောက် သွားတယ်.. ကျွန်တော်မျှော်နေတဲ့ “ကိုဖိုးပြောင်” များဖြစ်နေမလား ဆိုပြီး စိတ်ထဲကနေ ကျိတ်ပြီးဝမ်းသာနေတုန်းမှာ..

“ဟ.. ညီလေးရ.. ဘာတွေလုပ်နေလဲကွ” ဆိုတဲ့ မေးမြန်းသံနဲ့အတူ ဇာတ်မင်းသားကြီး “မန္တလေးသိန်းဇော်”လို ခေါင်းပေါင်းနဲ့ “ကိုဖိုးပြောင်” တစ်ယောက် ရောက်ချလာပါလေရောဗျာ..

ပြီးတော့ “ကိုဖိုးပြောင်” က လက်တစ်ခါခါနဲ့.. လက်ကိုခါလိုက်.. နမ်းလိုက်.. ပြန်ခါလိုက်.. ပြန်နမ်းလိုက်လုပ်တာ.. သူ့ကို သတိရလို့.. တွေ့ချင်လွန်းလို့ မျှော်နေတာ.. အခုလို မျှော်နေခိုက်မှာ သူရောက်လာတော့ အရမ်း.. အရမ်းကို ဝမ်းသာနေပြီး သူဘာတွေဖြစ်နေလဲ ဆိုတာကို ကျွန်တော်မေးဖို့ မေ့နေတယ်လေ..

နောက်တော့မှ သတိရလာပြီး “ကိုဖိုးပြောင်” လက်တစ်ခါခါနဲ့.. ခါလိုက်နမ်းလိုက်.. ခါလိုက်နမ်းလိုက်နဲ့.. ဘာဖြစ် နေတာလဲဗျ” လို့ မေးလည်းမေးလိုက်ရော.. “ကိုဖိုးပြောင်” ပြန်ဖြေပုံက..

“ဘာဖြစ်ရမှာလဲကွ.. အခုပဲလေကွာ မင်းဆီငါလာနေတုန်း ဟိုးးးးနားမှာ ဝိုးတိုးဝါးတားနဲ့ အပုံ ခပ်သေးသေးလေး တစ်ပုံတွေ့လို့ ငါထင်တဲ့ဟာပဲဖြစ်မယ်ဆိုပြီး လက်နဲ့ကိုင်ကြည့်တာ.. ထင်တဲ့အတိုင်းပဲကွာ “ချီးပုံ” ဖြစ်နေတယ်.. ချီးမှ တကယ့်ချီး.. ဘာစားထားမှန်းမသိဘူးကွာ.. တော်တော်ကိုနံတာ တော်သေးတာပေါ့.. ငါနင်းမိမလို့..”..းP

“လက်နဲ့ ကိုင်ကြည့်ပြီးမှတော့ နင်းမိလဲ ဘာထူးတော့မှာလဲဗျ” ဆိုပြီး စိတ်ထဲကနေ ရေရွတ်လိုက်ရင်း ရီချင်တဲ့ စိတ်က ဘယ်လိုမှ ထိန်းမရဘူး.. ပြီးတော့မှ..

“ကိုဖိုးပြောင်” ကလည်းဗျာ.. အောက်လင်းမီးပါရဲ့သားနဲ့”

“ကိုလည်းမေ့ပြီး.. ဘေးချထားလိုက်တာ.. ပြီးမှ ကိုင်ကြည့်တာညီရေ.. ထင်တဲ့အတိုင်းပဲကွ “ချီးပုံ” ကြီးကွ”..

“ကိုဖိုးပြောင်” ပြောပြလိုက်တဲ့ သူရဲ့ အဖြစ်အပျက်ကြောင့်.. သူ့ကို သနားတဲ့စိတ် ပျောက်သွားပြီး ကျွန်တော် မအောင့်နိုင်ပဲ ရီလိုက်မိတာ သူပြန်သွားတာတောင်မှ မရပ်နိုင်ဘူးဖြစ်သွားတယ်..


ထာဝရ ခင်မင်လေးစားလျက်
စည်သူ။

သူများနဲ့ညားတဲ့ ငါ့ရည်းစား

on Monday, September 14, 2009

အေးချမ်းလှတဲ့ ဟေမာန်ဦးရဲ့ ညချမ်း အချိန်ခါလေးမှာပေါ့.. ချစ်သူနှစ်ဦး စက်ဘီးလေးကို စီးကာ စကားတွေ ပြောရင်း ဟေမာန် ဆောင်းဦးရဲ့ ပုံရိပ်ကို ဖော်ကျူးနေကြတယ်လေ..

“ကို”.. ကို မအေးဘူးလားဟင်..

“အေးတာပေါ့.. “ငုဝါ” ရယ် ဒါပေမယ့် ကိုယ့်ချစ်သူ တစ်ယောက်လုံး ပါနေတာပဲ ဘယ်လောက်အေးအေး.. သုညဒီဂရီအောက် ကျသွားပါစေ “ကို” လုံးဝကို ဂရုမစိုက်ဘူး “ငုဝါ” သာ အနားမှာရှိရင် “ကို” ဘာဖြစ်ဖြစ် ကျေနပ်တယ်”

“ဟင်.. လုပ်ပြီး.. ပိုပြန်ပြီး.. ပြောကို မပြောချင်ဘူး “ငုဝါ” က အကောင်းမေးတာကို.. ပိုကို ပိုလွန်းတယ်..” ဆိုပြီး ချစ်စနိုးလေးနဲ့ ကျွန်တော့်ကျောကို ဖွဖွလေး ထုလိုက်တယ်..

“မပိုပါဘူး တကယ်ပြောတာ.. မယုံဘူးလား.. “ကို” အခုအင်္ကျီချွတ်ပြီး စက်ဘီးနင်းပြရမလား”

“ကြည့်.. ပြောလေကဲလေပဲ.. အဲဒါကြာင့် အမြင်ကိုကတ်တာ.. ကြည့်လို့ကို မရဘူး” ဆိုပြီး နောက်ထပ် တစ်ကြိမ် ကျောကို ထပ်ထုပြီး ကျွန်တော့်ကို နောက်ကနေ တင်းကျပ်စွာ ဖက်ထားလိုက်တယ်..

ပြောတော့သာ အမြင်ကတ်တာ.. ဖက်ထားလိုက်တာမှလေ အသက်ရှူတောင် ကြပ်သွားတယ်.. လက်ကဗိုက်ကို ဖိထားတာ အစာအိမ်တောင် ပေါက်သွားမလား အောက်မေ့တယ် (စကားချပ်)..

အဲလိုနဲ့ စက်ဘီးကိုနင်းပြီး ချစ်သူနှစ်ယောက် စကားတပြောပြောနဲ့ သွားနေလိုက်တာ ကမ္ဘာကြီး တစ်ခုလုံးမှာ ကိုယ်တို့ နှစ်ယောက်တည်း ရှိတယ်လို့ ထင်နေရတယ်.. ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်နိုင်ဘူး.. ဘယ်လောက်ကြီးတဲ့ အန္တရာယ်နဲ့ ကြုံလာပါစေ မမှုဘူး.. ဘယ်အခက်ခဲနဲ့ ကြုံကြုံ ရင်ဆိုင်ဖို့ အသင့်ပဲ.. ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့လောက် ပျော်ရွှင်တဲ့သူ မရှိဘူးလို့တောင် ထင်နေမိတယ်..

ဘဝရှေ့ရေးအတွက် အလင်းရောင်တွေ၊ ပညာတွေ၊ ဘဝအတွက် အာမခံချက်တွေကို ပေးတဲ့ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းရှေ့ အရောက်မှာတော့..

“ကို”..

“ပြောလေ.. “ငုဝါ” ဘာပြောမလို့လဲ”..

“ဒီမှာ ခဏထိုင်ရအောင်.. ညောင်းလာပြီး”

“အေး.. ရတယ်လေ.. လူလည်းရှင်းတယ်.. လေကောင်းလေသန့်လည်း ရတယ် အဆင်ပြေတာပေါ့”..

“ကြည့်.. လုပ်ပြန်ပြီး.. ဘာလူရှင်းတာလဲ.. ဘာအဆင်ပြောတာလဲ.. စကားပြောရင် အမြဲ အဲလိုပဲ.. ဘာမှန်းလဲ မသိဘူး” ဆိုပြီး နောက်ကနေ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်တာ..

“အား.. အား.. အား.. နာလိုက်တာ မလုပ်နဲ့” ဆိုပြီး မနာသော်ညားလည်းပဲ နာချင်ယောင်ဆောင်ပြီး ကျွန်နော် အော်လိုက်တာပေါ့လေ.. ( ယောက်ျားမာယာ သဲကိုးဖြာလေ..းP )..

“ငုဝါ”.. “ကို” တစ်ခုမေးမယ်နော်.. ရိုးရိုးလေးပါ မှန်မှန်ဖြေနော်..

“မေးလေ “ကို”.. ဘာမေးမလို့လဲ.. ပေါက်ကရတော့ မမေးနဲ့နော် သိရင် ဖြေမှာပေါ့.. မသိတဲ့ဟာဆို မဖြဘူးပေါ့”..

“ယောက်ျားလေးတွေက ဘာဖြစ်လို့ မိန်းကလေးတွေရဲ့ ပါးကို နမ်းချင်ရတာလဲ.. အနမ်းခံရတဲ့ မိန်းကလေးရော.. ဘယ်လိုခံစားချက်တွေ ဖြစ်ပေါ်လာလဲ.. အဲဒါ “ကို” သိချင်တယ်..

အဲလိုလည်း မေးလိုက်ရော “ငုဝါ” က ကျွန်တော့်ကို မျက်စောင်းတစ်ချက် ပစ်လိုက်တယ်.. ငါးပုဏ္ဏား မြှုံးထိသလိုမျိုး ပြုံစိစိနဲ့ပေါ့ (ဘာတွေလာမေးနေလဲမသိဘူး ဆိုတဲ့ ပုံစံမျိုးထင်တာပဲ).. ပြီးတော့ ခပ်တည်တည်ပဲ ဘာမှမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပြန်ထိုင်နေတယ်.. ဘာမှပြန်မပြောပဲ ခြေထောက်ကို လှုပ်ရမ်းရင်း မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြီး ဟိုကြည့် သည်ကြည့် လုပ်နေတယ်လေ..

ကျွန်တော်လည်း သူမရဲ့ ချစ်စဖွယ်ကောင်းလှတဲ့ မူနေဟန်ကို ကြည့်နေရင်း.. သူမရဲ့ မေးချွန်ချွန်လေးကို ဖွဖွလေး ကိုင်ပြီး ကျွန်နော့်ဘက် ဆွဲလှည့် လိုက်တာပေါ့..

တဆက်တည်းမှာပဲ “ကိုမေးနေတယ်လေ“ငုဝါ” .. ကြားလား” ဆိုပြီး ဖွဖွလေးကိုင်ထားတဲ့ သူမရဲ့မေးကို ဖွဖွလေး လှုပ်ရမ်းလိုက်တယ်..

“ဟာ.. “ကို” ကလည်း.. ဘာတွေမေးနေမှန်းမှမသိတာ.. ရှက်စရာကြီး ဘာမှန်းလဲမသိဘူး... သူများတွေမေးသလို ကို့ကို တကယ်ချစ်လား.. ကိုတို့ ဘယ်တော့ အတူနေရမှာလဲ.. ဘယ်ချိန်ထိ စောင့်ရမှာလဲ.. ဘယ်တော့ လက်ထပ် ကြမှာလဲ.. အဲလိုမေးရင် တစ်မျိုးပေါ့.. အခုဟာက..

“အဲဒါ.. နောက်မှမေးမယ်လေ.. အခုမေးတာကို အရင်ဖြေလေ.. ကိုယ့်ချစ်သူကိုမေးတာပဲ ရှက်စရာမလိုပါဘူး.. တစ်ခြားကောင်မလေးကို အခုလို သွားမေးရင် ပါးရိုက်လွှတ်လိုက်လို့ ခုနှစ်ရက် ထမင်းမစားနိုင် ဖြစ်သွားမှာပေါ့..

“မသိဘူး ဆိုမှပဲ.. မသိဘူးကွာ.. မသိဘူး.. မသိဘူး.. ဘာမှန်းလဲမသိဘူး”..

“အဲဒါဆို “ကို” သိပြီး.. “ကို”.. “ငုဝါ” ပါးကို အခုနမ်းကြည့်မယ်လေ.. “ကို” က တစ်ခါမှ နမ်းမှ မနမ်းဖူးတာ “ငုဝါ” ဘယ်သိမလဲ..

အဲလိုလည်း ပြောလိုက်ရော အေးချမ်းလှတဲ့ ဟေမာန်ဆောင်းရဲ့ အေးမြခြင်းနဲ့အတူ လေးကိုင်းသဏ္ဌာန် ထိုင်းနေ ရာမှ သူမ ဆက်ကနဲ့ မတ်မတ်ကြီးဖြစ်သွားပြီး ကျွန်တော့်ဘက် လှည့်အကြည့်မှာ တိုက်ခတ်နေတဲ့ ဆောင်းဦးရဲ့ လေပြေညှင်းကြောင့်လားမသိ.. ဦးတည်ရာမဲ့ ဆံနွယ်လေးတွေက သူမရဲ့ မျက်နှာပေါ်မှာ ပျံ့ကျဲရင်း ကျွန်တော့်ရဲ့ အနမ်းပန်းပွင့်ကို ကြိုဆိုနေသယောင်ယာင်ပေါ့..

ကျွန်တော့်စကားကြောင့် “ငုဝါ” ဘယ်လို ခံစားရမည်မသိ.. သေချာပါတယ်.. ရှက်သွေးတွေဖြာပြီး မျက်နှာနီလို့ပေါ့ ညက မှောင်မိုက်နေပေမယ့်.. စူးရှလှတဲ့ ကျွနော့်ရဲ့ အကြည့်တွေက သူမရဲ့ပုံရိပ်တွေ အားလုံးကို မြင်နေရတယ်..

ပြီးတော့မှ “ငုဝါ” က “ကိုနော်.. စကားတွေ အရမ်းတတ်လာပြီး.. အရင်ကနဲ့မတူတော့ဘူး.. ကြာလေ ပိုပြီးတော့ အမြင်ကတ်လေပဲ သိလား..” ဆိုပြီး ကျွန်တော့် နားရွက်ကိုဆွဲပြီး ဘယ်ညာရမ်းလိုက်.. နှာခေါင်းကို လှုပ်ခါလိုက်.. ဗိုက်ခေါက်ဆွဲလိမ်လိုက်နဲ့ပေါ့.. အေးပေါ့လေ.. အားနွဲ့တဲ့ ယောက်ျားလေးဆိုတော့လည်း ပြုသမျှ နုရတာပေါ့..

“..... “ကို” တကယ်ပြောတာ “ငုဝါ”.. တစ်ချက်လေးပါ.. တစ်ချက်ပဲနမ်းကြည့်မယ်”..

“ဟာ.. “ကို” ကလည်း သူများတွေ တွေ့သွားရင် ရှက်စရာကြီး.. လက်ထပ်ပြီးမှ တဝကြီးနမ်း.. အခုတော့ မရဘူး”..

“အဲဒါက နောက်မှလေ.. အဲဒီချိန်ကျရင် မနမ်းနဲ့ဆိုလည်း မရဘူး နမ်းမှာပဲ.. အရေးကြီးတာက အခု.. အခု..”..

ကျွန်တော့်အဖြစ်ကလည်း မုန့်မစားရလို့ “တားတားကို မုန့်ဝယ်ပေး.. တားတားကို မုန့်ဝယ်ပေး” ဆိုတဲ့ တကျီကျီ အော်ငိုနေတဲ့ ကလေးငယ်လေး တစ်ယောက်လိုပါပဲ.. မနမ်းရမချင်း ကျီကျနေတော့တာ.. နောက်ဆုံးမှာတော့..

“တကယ်နော် “ကို”.. တစ်ချက်ပဲနော်”..

“အေးပါ.. တစ်ချက်ပဲ နမ်းမှာ.. မျက်စိမှိတ်ထားနော်.. ပြီးတော့မှ ဘယ်လို ခံစားရတယ်ဆိုတာ “ကို့” ကို ပြန်ပြော “ကို” သိချင်တယ်..

“နေအုံး.. နေအုံး.. ဟိုမှာ ဆိုင်ကယ်တစ်စီး လာနေတယ်” ဆိုပြီး ကျွန်တော့် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရင်းနဲ့ ပြောလိုက်တယ်..

ဆိုင်ကယ်လည်း လွန်သွားရော.. ကျွန်တော်ကလည်း..း) လုပ်ငန်းစတော့တာပေါ့.. ဘာရယ်ကြောင့်မှန်းမသိ ကျွန်တော့်ရင်တွေ အရမ်း.. အရမ်းကို ခုန်နေတယ်.. အသက်ရှူနှုန်းတွေလည်း ပုံမှန်မဟုတ်တော့ဘူး.. အရမ်းကိုမြန်လာတယ်.. သူမမှာလည်း ဘာရယ်ကြောင့်မှန်းမသိ.. အသားတွေ တဆတ်ဆတ် တုန်နေတယ်..

သူမရဲ့ ပါးပြင် မို့မို့လေးကို တစ်ချက်လေး နမ်းဖို့အရေး.. မည်သူ့ပါးကိုမှ မနမ်းဖူးတဲ့ ဟောဒီ ကျွန်တော်ရဲ့ ရုပ်ဆိုး အကျည်းတန်တဲ့ ချွန်စုတ်စုတ် နှာခေါင်းနဲ့ သူမရဲ့ ပါးပြင်ကြားမှာ ဆယ်မိုင်လောက် ကွာဝေးနေတယ်လို့ ကျွန်တော် ခံစားနေရတယ်..

“အိုးးးးးး ဘယ်လောက်ပဲ ဝေးပါစေ.. ဒီခရီးလောက်တော့ မောင်မမှုပါဘူး” ဆိုပြီး သူမရဲ့ ချောမွတ်နေတဲ့ ပါးပြင် မို့မို့လေးကို နမ်းမယ်အပြုမှာ..

“တီးတီးတီး.. တီးတီးတီ.. ဟေးး ဟေးး ကောင်မလေးကို အရမ်းမလုပ်နဲ့ သိနေတယ်နော်” ဆိုပြီး “ဝေါ”.. ကနဲ့ ဘေးကဖြတ်သွားတဲ့ ဆိုင်ကယ်ပေါ်မှ အသံကြောင့် သူမအရမ်းကို ရှက်သွားတယ်ထင်ပါရဲ့..

“လာ..လာ.. ထတော့.. ပြန်မယ်.. ပြောသားပဲ သူများတွေ တွေ့သွားရင် ရှက်စရာကြီး ဆိုမှပဲ ပြောလို့ကိုမရဘူး”

“ဟာ..... ဟိုမှာ လွန်သွားပြီးလေ.. လာ.. ပြန်ထိုင် တစ်ချက်လေးပဲ”..

“ဟင့်အင်း.. ဟင့်အင်း.. မရဘူး.. မရဘူး.. ပြန်တော့မယ်.. လာဆို.. ထတော့လေ ဘာဖြစ်နေတာလဲ” ဆိုပြီး ကျွန်တော့်လက်ကို အတင်းဆွဲတော့ ကျွန်နော်လည်း ဘာမှမတတ်နိုင်ဘူးလေ..း(

အခြေနေ အရပ်ရပ်ကို ကိုက ဖန်တီးထားပေမယ့် အကျိုးမြတ်ကိုတော့ မခံစားလိုက်ရဘူး.. အေးမြလှတဲ့ ဟေမာန် ဆောင်းဦးရဲ့ ညလေပြေအေးအေးလေးက ကျွန်တော့်ရဲ့ ဖန်တီးမှုကို အသုံးချကာ သူမရဲ့ မို့မောက် ချောမွတ် နေတဲ့ ပါပြင်နုနုလေးကို ဖွဖွလေး နမ်းရှိုက်သွားခဲ့တယ်လေ..

သြော်.. ဝဋ်လည်တယ်ဆိုတာ ဒါမျိုးပဲ ထင်ပါတယ်..းP

အိမ်ပြန်ရောက်တော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တွေးမိရင်း.. ရင်ထဲမှာ ကျလိ.. ကျလိနဲ့ အိပ်လို့မရဘူးပေါ့.. သူမရဲ့ ဓါတ်ပုံလေးကို ထုတ်ကြည့်လိုက်.. ပြန်သိမ်းလိုက်နဲ့ အလုပ်ရှုပ်နေလိုက်တာ.. အတော်လေးကို ညဥ့်နက် သွားတယ်.. နောက်ဆုံးတော့..

“အပြင်မှာ တကယ်မနမ်းရလည်း ကိစ္စမရှိဘူး.. အခု နမ်းတယ်ကွာ.. နမ်းတယ်ကွာ” ဆိုပြီး ဓါတ်ပုံလေးကို နမ်းကာ အချိန်တွေ တိုတောင်းပြီး ရှုပ်ထွေးလှတဲ့ လူ့ဘဝကြီးကနေ တခဏတာ ထွက်ခွါဖို့အတွက် ဘဝတစ်ပါးကို ခေတ္တ ဘုရားဘူး သွားဖို့ရန် စက်တော်ခေါ်လိုက်တော့တာပေါ့.. Zzz

တစ်နှစ်ခန့်ကြာတော့.. ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ သူမထံမှ စာတစ်စောင်ရောက်လာတယ်.. စာကြောင်း တစ်ကြောင်းလေးပါ..

..“မင်းနဲ့ဒို့ရဲ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးတွေကို အိမ်မက်လို့ပဲ သဘောထားလိုက်ပါ.. ဒို့ကို မေ့လိုက်ပါတော့”..

ကျွန်တော့်မှာ ဘယ်လိုမှ မခံစာဖူးတဲ့ အင်မတန်မှ ပြင်းရှလွန်းတဲ့ အဆိပ်မြှားနဲ့ ပစ်ခတ်ခံလိုက်ရသလိုပါပဲ အရမ်း ခံစားလိုက်ရတယ်.. ဘယ်လိုမှလည်း အတွေ့မခံတော့ဘူး.. ဘာအကြောင်းပြချက်မှလည်း မရှိပဲ ပေါက်မဲမပါတဲ့ ဗလာမဲသက်သက်ကို နှိုက်လိုက်ရသလိုပါပဲ..

ကျွန်တော် နိုင်ငံရပ်ခြားကို သွားဖို့အတွက် ပြင်ဆင်နေတာလည်း သူမ သိပါတယ်.. သွားခါနီး လာခါနီးမှာ အခုလို လုပ်လိုက်တော့ ကျွန်တော် အတော်လေးကို ဒေါထွက်သွားတယ်.. စိတ်ထဲကနေလည်း မကျေနပ်မှုတွေ တဖွဖွ ဖြစ်ပေါ်လာပြီး သူမလိုချင်တဲ့ တန်ပြန် သက်ရောက်မှုမျိုး ပြန်ပေးနိုင်အောင် ကျွန်တော် ကြိုးစားလိုက်တယ်..

ဆက်သွယ်မှုကို လက်မခံတဲ့ သူမကို ဘယ်လိုမှ ဆက်သွယ်မရလို့ ကျွန်တော် လက်လျော့လိုက်တယ်.. အရာရာကို အရှုံးပေးလိုက်တယ်.. အပြင်ကကြည့်ရင် သာမန်မျက်စိနဲ့ မမြင်နိုင်ပဲ ရထားတဲ့ ရင်ထဲက ပြင်းလွန်းတဲ့ ဒဏ်ရာဟောင်းလေးကြောင့် အနာဟောင်းလေး ကောင်းကောင်း မကျက်ခင်လေးမှာတော့.. သူမရဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို စာတစ်စောင် လာပေးတယ်လေ..

“သို့... “ငုဝါ” စာရေးလိုက်ပါတယ်.. “ကို” နေကောင်းလား.. “ငုဝါ”က “ကို့” ကို စတာပါ.. တမင်ဖြတ်ချင်လို့ စာရေးလိုက်တာ မဟုတ်ပါဘူး.. “ငုဝါ” ကို ခွင့်လွတ်ပါနော်“ကို”..”..

ခံနိုင်ရည်ရှိအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ရတဲ့ ကျွန်တော်.. နောက်ထပ်တစ်ကြိမ် ဒီလိုခံစားမှုမျိုး ထပ်ဖြစ် လာမှာကို အရမ်းကို ကြေက်နေမိတယ်.. ခံလည်း မခံစားနိုင်ဘူး.. ခံနိုင်ရည်လည်း လုံးဝ ရှိတော့မှာ မဟုတ်ဘူး.. (ခဲမှန်ဖူးတဲ့ စာသူငယ်လိုပေါ့)..

တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ နှလုံးသားပင်လယ်ထဲက ရင်ခုန်သံတွေဟာ.. ပြန်လည် တိုက်ခတ်လာတဲ့ အတိတ်က ခံပြင်း ခက်ထန်လွန်းတဲ့ လေပြေကြောင့် လှိုင်းထမခံချင်တော့ဘူး.. ဆက်လက် တည်ငြိမ်နေဖို့ အတွက် ကျွန်တော် ကြိုးစားပြီး နေလိုက်တယ်..

သူမက ကျွန်တော့်ကို နည်းလမ်းပေါင်းစုံနဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်..ကျွန်တော် လက်မခံခဲ့ပါဘူး.. ဒါပေမယ့် နိုင်ငံရပ်ခြားမသွားခင်မှာတော့ ကျွန်တော် သွားတော့မယ် ဆိုတဲ့အကြောင်း စာရေးပြီး သူငယ်ချင်းနဲ့ ပို့ခိုင်းလိုက်တယ်..

နိုင်ငံရပ်ခြားမှာ ရှိနေတုန်း သူမက ကျွန်နော့်ကို အမျိုးမျိုး ဆက်သွယ်ခဲ့ပါတယ်.. စာတွေလည်းပို့တယ်လေ.. ကျောက်ရုပ်မဟုတ်တဲ့ ကျွန်တော်ကလည်း.. အပူပေးလိုက်တဲ့ ဖယောင်းပမာပေါ့.. တစ်ဖြေးဖြေနဲ့ အရည်ပျော် လာပြီး တည်ငြိမ်နေတဲ့ နှလုံးသားပင်လယ်ထဲမှ ရင်ခုန်သံတွေ လှိုင်းငယ်လေးတွေ ပြန်ထလာတယ်..

ပြန်ထလာတဲ့ လှိုင်းငယ်လေးတွေကြောင့် ကျွန်တော့်ရဲ့ နုနယ်လှတဲ့ နှလုံးသားကမ်းပါးလေ.. နောက်ထပ်တဖန် ပြန်လည်တိုက်စား ခံရတော့မယ်.. ကျွန်တော်ယုံကြည်နေတယ်.. ငါဘယ်လိုလုပ်ရမလဲ...

ဆက်လက် တည်ငြိမ်အောင် ကြိုးစားမှာလား.. အတိုက်စားခံမှာလား.. ခံနိုင်ရည်ရော ရှိပါ့အုံးမှာလား.. အမျိုးမျိုး တွေးရင်း အဖြေရှာမရဖြစ်ခဲ့ပါတယ်..

နှစ်နှစ်ပြည့်လို့ ခွင့်ပြန်သွားတော့ အတိတ်က ဒဏ်ရာဟောင်းတွေ အသစ်ဖြစ်မှာစိုးလို့ ကျွန်တော် မဆက်သွယ် ခဲ့ပါဘူး.. ကျွန်တော် ပြန်ရောက်နေမှန်း သူမသိတယ်လေ.. ကျွန်တော် မဆက်သွယ်မှန်းသိလို့ သူမ နည်းလမ်း အမျိုးမျိုးနဲ့ ဆက်သွယ်ပါတယ်..

နောက်ဆုံးမှာတော့.. အဖြူရောင် စာရွက်ပေါ်မှာ.. ပန်းနုရောင် အသည်းပုံလေး.. ပန်းနုရောင် အသည်းပုံလေးရဲ့ အလယ်မှာ.. ရွှေဝါရောင်စာလုံးလေးတွေ.. သေသပ် လှပတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ.. စာတစ်စောင် ရောက်လာတယ်..

“သို့... အရမ်းကို ချစ်ရတဲ့“ကို”.. နောက်ဆုံးအနေနဲ့ “ငုဝါ”.. “ကို့” ကို တွေ့ချင်တယ်.. အရမ်းကိုလွမ်းတယ်... အရမ်းကိုလည်း သတိရတယ်.. “ကို့” ကိုလည်း “ငုဝါ” အရမ်းချစ်တယ်..

“ကို”..“ငုဝါ” ကို မတွေ့ချင်ဘူးဆိုရင်တောင် မင်္ဂလာဆောင်ကို ဆက်ဆက်လာခဲ့ပါနော်.. “ငုဝါ” မျှော်နေမယ်.. “ကို့” ကို အရမ်းချစ်တဲ့... “ငုဝါ”..

ကျွန်တော် ဘာလုပ်ရမလဲ.. ကျွန်တော် ဘာလုပ်ရမလဲ.. ကျွန်တော် သွားရမှာလား.. ကျွန်တော် သွားသင့်သလား..
မည်သူတစ်ဦးတစ်ယောက်ကမှ ကျွန်တော့်ကို လမ်းမပြနိုင်တော့ဘူး..

အောက်မှာ.. သီချင်းလေးတစ်ပုဒ် ထည့်ထားပါတယ်.. ကျွန်တော်တော့ မခံစားနိုင်ဘူးဗျာ.. ဖြစ်ရပ်မှန်ဆိုရင်.. လက်ခံနိုင်မှာလား

.................................................

ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကျွန်တော့်ရဲ့ ချစ်ခင်လေးစား တန်ဘိုးထားရတဲ့ ညီကို မောင်နှမများနဲ့ စာဖတ်သူအပေါင်း တို့လည်း ကျွန်တော့်လိုမျိုး တစ်ယူသန်စိတ်မျိုး မထားပဲ.. ဖြစ်ပျက်လာတဲ့ ဖြစ်ပျက်မှုအပေါ် စဉ်းစားဆင်ခြင်ပြီး အမှန်ကို နှလုံးသွင်း နိုင်ကြပါစေလို့ ဆုတောင်းရင်.....

လေးစားစွာဖြင့်

စည်သူ။




သူများနဲ့ညားတဲ့ငါ့ရည်းစား

ပွင့်ဦးအငုံ (အတိတ်က ဇာတ်လမ်းလေး)

on Tuesday, September 8, 2009

ရိုးသားမှုအပေါင်းနဲ့ ပြည့်စုံပြီး သဘာဝအလျောက် ရှင်သန်ကြီးထွား လှုပ်ရှားရုန်းကန် နေကြတဲ့ တောရွာမှာမွေး ပြီး.. တောရွာမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အတိတ်က ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင် ရယ်စရာတော့ ဖြစ်ကုန်မှာပဲ.. ကျွန်တော့်ကို ငယ်ငယ်က “ဝလုံး” လို့ တစ်ရွာလုံးက ခေါ်ကြတယ်လေ..

တောရွာမှာဆိုရင် ကလေးတွေက အစုလိုက် ကစားလေ့ရှိကြတယ်လေ.. “ဝလုံး” ဖက်ကတစ်ဖွဲ့.. “မိုးမိုး” ဖက်က တစ်ဖွဲ့ အပြိုင်ပါ့..

“ကြက်ဖတညင် တောကိုဝင် မောင်ရင်လာ လေးနဲ့ပစ်.. မပစ်ပါနဲ့ မောင်ရင်ရယ် ကြက်ဖစူး လို့သေပါ့မယ် ဘယ်ဘက်ကစူးစူး ညာဘက်ကစူးစူး ခွတ်လိုက်ကြစို့ သူငယ်ချင်း အောင်အစ်အစ်အွတ် ... ဟေး.. ဟေး.. “ဝလုံး” ကွ “မိုးမိုး” ဟေ့..” ဆိုပြီး “ဝလုံး” နဲ့ “မိုးမိုး” အပြိုင် ကြက်ဖခွတ် ပြိုင်ကြတာပေါ့..

ခွတ်ရင်း ခွတ်ရင်း “ဝလုံး” က ဖပ်ဖပ်ကို မောလာတယ်.. “မိုးမိုး” ကတော့ ဟန်မပြက်ပါဘူး.. သုံးလေးမိနစ်လောက် ကြာတော့ “ဝလုံး” ခမျှာ မရတော့ပါဘူး.. “ဝလုံး” အဖွဲ့ကတော့ ““ခွတ်ကွ.. အရှုံးမပေးနဲ့.. ခွတ်ကွ.. “မိုးမိုး” အဖွဲ့ကလည်း ဒို့ “မိုးမိုး” ကွ.. အဲကောင် “ဝလုံး” ကို နိုင်အောင်ခွတ်.. အဲဒါမှ နောက်မပြိုင်ရဲမှာ”” ဆိုပြီး နှစ်ဖက်အော်သံနဲ့ လက်ခုပ်သံကြားမှာ.. “ဝလုံး” နဲ့ “မိုးမိုး” အလူးအလဲ ပြိုင်နေစဉ်မှာပဲ..

“ဟေးးးးးးးးးးး တို့နိုင်ပြီး တို့နိုင်ပြီး..” ဆိုပြီး.. “ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်.. နင်တို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး.. ဝလုံးတို့အဖွဲ့ ကြက်ချေးတုံး” .. ဟား..ဟား..ဟား..း)

မျက်နှာတွေ ဆူပုပ်သွားပြီး ရှက်လည်း အရမ်းကို ရှက်သွားတယ်တယ်.. အနိုင်မခံ အရှုံးမပေးတတ်ပေမယ့် “မိုးမိုး” နဲ့ တွေ့တိုင်း အမြဲလိုလို အရှုံးပေးခဲ့ရတယ်.. “မိုးမိုး” တို့ အဖွဲ့ကလည်း နဲနဲဖြစ်ရင်.. ထစ်ကနဲ့ဆို “သတ္တိရှိရင် ကြက်ခွတ်ပြိုင် မလား.. လာလေ လာ.. မရဲဘူးမှတ်လား.. အခြောက်ကြီး.. အခြောက်ကြီး” ဆိုပြီး လက်ညှိုး တစ်ထိုးထိုးနဲ့ ပြောလာတိုင်း မခံချင်တဲ့ “ဝလုံး” ကလည်း အမှတ်မရှိ ထပ်ပြိုင်တာပဲ.. ပြိုင်တိုင်းလည်း ရှုံးတာပဲ.. ရှုံးတိုင်းလည်း ကြက်ချေးတုံးလို့ အပြောခံ ရတာပဲ..

ကျောင်းရာက်တော့လည်း မတည့်ဘူး.. စာ ဆိုရင်လည်း ပြိုင်တာပဲ.. စာရေးရင်လည်း ဘယ်သူအရင်ပြီးမလဲဆိုပြီး ပြိုင်တာပဲ.. အဲဒီအခါကျတော့.. ဟဲဟဲ “ဝလုံး” ကတော့ ဆရာပဲ..း)

ကျောင်းမှာ ရန်ဖြစ်လို့ ဆရာမက နားရွက်ဆွဲ ထိုင်ထလုပ်ခိုင်းရင်လည်း “ဝလုံး” က ထိပ်ဆုံးက.. စာသင်ခန်းထဲမှာ သူငယ်ချင်းတွေက မြှောက်ပေးလို့ “မိုးမိုး” ကို ကျောက်တံ အပိုင်းနဲ့ပစ်.. သာရေကွင်းနဲ့ပစ်လို့ အပြစ်ပေးခံရတာ.. “မိုးမိုး” ကြတော့ ဆရာမက ဘာမှမလုပ်ဘူး..း(

ကျောင်းမဆင်းခင် ဆိုလည်း အဲဒီအတိုင်းပဲ.. ရန်ဖြစ်တာပဲ.. ကျောင်းတက်ခေါင်းလောင်းကို ကားဂွေနဲ့ လုပ်ထား တာ.. အဲဒီကားဂွေကို ဒေါင်..ဒေါင်.... ဒေါင်..ဒေါင် ဆိုတာနဲ့ အတန်းထဲကိုပြေး လွယ်အိပ်ကို ယူပြီး သုတ်မယ်ပေါ့..
ဘယ်ချိန်ကတည်းက “ဝလုံး” လွယ်အိတ်နဲ့ “မိုးမိုး” တို့ရဲ့ လွယ်အိတ်ကို ချီထားမှန်းမသိဘူး..

လွယ်အိတ်က အမွေးတွေ အချင်းချင်းကို ချီထားတာ.. ဘယ်လိုမှကို ဖြီလို့မရဘူး.. အဲဒါမျိုးကျတော့ “0လုံး” က လက်မြန်တယ်.. လွယ်အိတ်ထဲက ခဲတံချွန်ဓားကို ထုတ်ပြီ “မိုးမိုး” အမွေးကို..“ရွှတ်” ကနဲ့ ဖြတ်ပလိုက်တယ်..

တစ်ကြိမ်မကပါဘူး အကြိမ်ပေါင်းများစွာဆိုတော့ “မိုးမိုး” အမွှေးတွေက ပြောင်လို့.. “ဝလုံး” မှာတော့ အမွှေးတွေ အများကြီပေါ့.. (လွယ်အိတ်ကိုပြောတာနော်..းP)..

လေးတန်းရောက်တော့ “မိုးမိုး” က.. ကရင် ဒုံယိမ်း ကတယ်လေ.. “ဝလုံး” ကတော့ ပရိတ်သတ်ပေါ့.. အမှန်တော့ အားပေးချင်လို့ သွားတာ မဟုတ်ဘူး..းP အပြစ် ပြောဖို့ သွားတာ.. “မိုးမိုး” က.. အက တကယ်ကောင်းတော့ အပြစ် ပြောစရာမရှိဘူးလေ.. ဒုံးယိမ်းသီချင်းသံကို ခုထိ မှတ်မိနေသေးတယ်.. ယောကျာင်္လေးတွေဆိုတာကိုပေါ့.. လက်ခုပ်တီးလိုက် လက်ကိုအပေါ်မြှောက်လိုက်နဲ့..

“ဟေးဟေး.. ဟေးဟေး..... ဟားဟား.. ဟားဟား.. ကိုးထီ စမူထုတ်တဝေါင်း.. ဟေးဟေအိုးးးးး မီယူ့ပေါင်စူစောင်း စူစောင်းစားလောင်ဝေးးး... နသိရအေ ရနောင်းအေ့ဖလုံ.. နသိရအေ ရနောင်းအေ့ဖလုံ.. ကျော်ကျော်လေအို သာပါးရှောင်းးးးး” ဆိုတဲ့ ဒုံးယိမ်းသီချင်းကိုပေါ့..

ဟုတ်လား မဟုတ်လားမသိဘူး အသံထွက်ကို လိုက်ရေးထားတာနော်.. ကရင်လူမျိုးများရှိရင် ခွင့်လွတ်ပေးကြပါ
ဟီးဟီး.. ကရင်စကားတော့ မတတ်ဘူး.. “အောမီ” ကလွဲလို့..(ထမင်းစားကိုပြောတာ)..းP

ငါးတန်းရောက်တော့ မြို့ကိုပြောင်းပြီး ကျောင်းတက်ပါတယ်.. အဲဒီချိန်ကစပြီး “မိုးမိုး”နဲ့ ရန်မဖြစ်ရတော့ဘူးလေ.. ခြောက်တန်းရောက်တော့ ရွာကို ပြန်လာတယ်.. အလည်ပေါ့လေ.. ရွာကလူတွေက စကြတယ်.. “ဟာ.. ဒီကောင်ကြီး လူပျိုပေါက်တောင် ဖြစ်နေပါရောလား..“မိုးမိုး” ကိုသတိရလို့ ပြန်လာတာလား” ..

ပြီးတော့ “မိုးမိုး” တို့အိမ်ကို သွားလည်တယ်.. အိမ်ကိုရောက်တော့ “မိုးမိုး”က စပါတယ်.. “ ဟေ့ဝလုံး.. နင်နဲ့ငါ အခု ကြက်ခွတ်ပြိုင်မလား.. ငါနိုင်ရင် ငါ့ကို ကျောင်းဖွင့်ရင် ကျောင်းတက်ဖို့အတွက် လွယ်အိတ်ရယ် ထီးရယ်.. ဖိနပ် လှလှလေးရယ်.. ပြီးတော့ အဖြူအစိမ်း တစ်စုံ ဝယ်ပေးရမယ်.. နင်နိုင်ရင် နင်မြို့မှာ စီးဖို့ ငါစုထားတဲ့ ပိုက်ဆံနဲ့ စက်ဘီးတစ်စီ ဝယ်ပေးမယ်.. ဘယ်လိုလဲ ဖြစ်လား” လို့မေးတော့ ဝလုံးခမျှာ မျက်နှာနီသွားတာပေါ့..

ချစ်စရာ အလွန်ကောင်းပြီး ရိုးရှင်းတဲ့ “မိုးမိုး” ရဲ့ အမူအရာတွေက သိပ်ပြီး ကဗျာမဆန်သလို အရမ်းကို ချစ်စရာ ကောင်းပါတယ်..

ရှစ်တန်းရောက်တော့ မြို့မှာ “ဝလုံး” က ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ခဲ့ပါတယ်.. အရမ်းကိုလည်း ပျော်ခဲ့ပါတယ်.. ဘုန်းကြီးကျောင်းသွား အတူတူ.. ကျောင်းတက် အတူတူ.. ပွဲလန်းသဘင်သွားလည်း အတူတူ.. ကောင်မလေးမိဘနဲ့လည်း အရမ်းကို ရင်းနှီးခဲ့ပါတယ်..

တစ်နေ့မှာတော့ ဘာမဟုတ်တဲ့ ပြသနာကစပြီး ရန်ဖြစ်ကြတယ်လေ.. တစ်ခြားကောင်မလေး တစ်ယောက်နဲ့ ရည်းစားဖြစ်တယ်ဆိုပြီး ကောင်မလေးက “ဝလုံး” ကို စွပ်စွဲတာပေါ့..

အဲဒီ တစ်ခြားကောင်မလေး တစ်ယောက်က “ဝလုံး” ကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားနေတာလဲ.. ကြိုက်နေလဲ.. “ဝလုံး” မသိခဲ့ပါဘူး.. သူဘယ်သူလဲ ဆိုတာကိုလည်း မသိခဲ့ပါဘူး.. ဘာတွေပြောလို့ ဘာတွေ ဖြစ်ခဲ့ကြတာ လဲ.. ဘာဖြစ်လို့လဲ မေးတော့မှ..

ကောင်မလေးက ပြောတယ် “ဘာအခုမှမသိချင်ယောင်ဆောင် နေတာလဲ.. ဟိုကဖြင့်ပြောတာ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထား ရမှန်းမသိဘူး.. သူပြောလိုက်တာကလည်း ကြည့်လေ.. ကိုယ့်လူကို သူများလက်ထဲ မပါစေချင်ရင် ကိုယ့်လူကို ကိုယ်နိုင်အောင်ထိန်းပေါ့တဲ့ ဘယ်လောက် ရှက်ဖို့ကောင်းလဲ” .. အချစ်ကြီးလို့ အမျက်ကြီးတာလည်း ဖြစ်နိုင် တာပေါ့လေ..

“အဲဒီကောင်မလေးက ဘယ်သူလဲ.. ပြောလေ” ဆိုတော့လည်း မပြောပါဘူး.. ဘယ်လိုမေးမေး ဘာပြောပြာ ဘယ်လိုမှလဲ ရှင်းပြလို့မရဘူး.. အဲလိုနဲ့ နေလာလိုက်တာ ရက်.. လ.. တွေပြောင်း နှစ်တွေလည်းဟောင်းပေါ့..

နောက်ဆုံးတော့ “ဝလုံး” က ကောင်မလေးဆီကို စာလေးတစ်စောင် ပို့ခဲ့ပါတယ်..

“ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးတွေကို မေ့လိုက်ပါတော့.. အချိန်ရမယ်ဆိုရင် ခနလောက်တွေ့ချင်ပါတယ်.. ကိုယ်နိုင်ငံခြား သွားတော့မယ်.. နှုတ်ဆက်တဲ့ အနေနဲ့ပါ.. ဆက်ဆက်လာခဲ့ပါနော်.. ကိုစောင့်နေမယ်”..

“ဝလုံး” က ဆိုင်ကယ်လေးကိုရပ်ပြီး ကျောင်းရှေ့က ညောင်ပင်ကြီးအောင့်မှာ စောင့်နေပါတယ်.. ဒါပေမယ့်.. ကောင်မလေး ရောက်မလာဘူးလေ..

နောက်ဆုံးတော့ “ဝလုံး” လည်း အနီရောင်လေးကို ကိုင်ကာ နှုတ်မဆက်ခဲ့ရပါဘူး....။


“မိုးမိုး” ကတော့ ဘယ်ရောက်နေလဲ.. ဘာတွေလုပ်နေလဲ ခုချိန်ထိ “ဝလုံး” မသိပါဘူး.. ရွာမရောက်တာလည်း အတော်လေးကို ကြာသွားပြီ.. “ဝလုံး” ကို မှတ်မိမယ်တောင် မထင်တော့ပါဘူး..

ကောင်မလေးနဲ့ “ဝလုံး” အကြောင်းကိုတော့ ရေးပေးနိုင်အောင် အားမွေး လိုက်ပါအုံးမယ်.. အခုတောင် အတိတ်ကို လွမ်းသွားပြီ..

တဂ်ထားတဲ့ အမ မနှင်းဆီနဲ့ ကျွန်တော့်ရဲ့ ညီကိုမောင်နှမများ၊ စာဖတ်သူ မိတ်ဆွေအပေါင်း.. ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်ဗျာ..

ထာဝရ ခင်မင် လေးစားလျက်..
စည်သူ။


ကျားသဘာဝ နာဘူးကျ

on Friday, September 4, 2009

“ကျား” နဲ့ “မ” ဟာ တကယ်တော့ သံလိုက်တွေလိုပါပဲ..။ ဒီလို အစချီပြီး အရှိကို အရှိအတိုင်း ချရေးလိုက်မယ်ဆိုရင် မကြာပါဘူး ဘူးတယ်လို့ အပြောခံရတော့မှာပါ..းD အမှန်တော့ ဘူးတာမဟုတ်ပါဘူး အမှန်တရား တစ်ခုကို ပြောချင်.. ပြချင်တာပါ..။

“ကျား” နဲ့ “မ” ဟာ သံလိုက်တွေလိုပဲ.. ဆိုတော့ “ကျား” ဆိုတဲ့အမျိုးက “မ” တွေ့ရင် နည်းနည်းလေး ကျားကြည့် ကြည့်လိုက်ရမှ.. မကြည့်ဘူးဆိုရင် ကျားမဟုတ်သလိုပါပဲ.. ကျားသဘာဝလို့ အားလုံးကိုပါ ရောချပြီး ဆွဲထည့်လိုက်ရင် ကောင်းမယ်ထင်တယ်..။

ကျားတွေက ကျားသိက္ခာကျမှာ အထင်သေးခံရမှာစိုးလို့.. ပေါ်တင်ကြီး မကြည့်ရင်တောင် အနည်းဆုံး ခိုးတော့ ကြည့်ကြတယ်.. ခိုးကြည့်ဖို့ကလည်း ရှက်နေသေးတာဆိုရင် စိတ်ထဲမှာတော့ ကြည့်ချင်နေမိမှာ အမှန်ပဲ.. တကယ်တော့ သူလိမ်နေတာ ကြည့်ချင်စိတ်ကို ဖုံးပြီး ဟန်ဆောင် အောင့်အီးနေတာ သေချာတယ်.. တချို့ကျားတွေက ကျားလည်ပြန်.. အဲ့.. သမင်လည်ပြန် အကြည့်နဲ့ ဇက်ကြီး လိမ်.. မျက်လုံးကြီး ပြူးထွက် ကျွတ်ကျလုမတတ် အရှက်မဲ့စွာ ကြည့်တတ်ကြသေးတယ်..။ ဒါကို ကျားကြည့်အောင် ဝတ်မိတဲ့ “မ” အပြစ်လို့ ပြောမလား..! ကြည့်တဲ့ ကျား အပြစ်လား..!

“မ” ဆိုတဲ့ အမျိုးကလည်း တချို့ (တချို့) က ကျားကြည့် ကို လိုလားတယ်.. ဘယ်ကျားများ ငါ့ကြည့်နေလေမလဲလို့ တိတ်တခိုး ချောင်းတတ်သေးတယ်.. ကျားကြည့်တာ သိပြန်တော့လည်း ကြည်နူးစွာ ကျေနပ်သလိုလိုနဲ့ မျက်လုံးရိုင်းကြီးတွေတွေ့ရင် စိတ်တိုတတ်သေးတယ်.. ကိုယ်ပိုင်တဲ့ ကိုယ့်ကျားကြီးက တခြား “မ” ကို ခိုးကြည့်ရင်တော့ အူတိုတတ်ပြန်သေးတယ်..။ (မဟုတ်လို့လား..)

အမှန်တော့ ဘာမှမဟုတ်ပါဘူး.. အဖို အဖိုချင်းတွေ့ရင် တွန်းကန်သလို အမ အမချင်း တွေ့ရင်လည်း တွန်းကန် ပါတယ်.. သေချာတာက အဖိုနဲ့ အမ တွေ့မှသာ အဆင်ပြေသွားတော့တာ.. ဟုတ်ပါဘူး.. ဆွဲငင်သွားတာ.. သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက် (သံလိုက်) ကို ပြောတာနော်.. အတွေး မချော်နဲ့.. ရိုးရိုးလေးပြောတာပါ..။

အခုတော့ ကျားတို့ရဲ့ သံလိုက်ဆွဲအားကို လက်တွေ့ ကြည့်ရအောင်လို့ YouTube ကနေ ရှာဖွေတွေ့ရှိထားတဲ့ (ဒါပဲ ရှာနေတာကိုး) ပြကွက်လေးတွေကို မျှဝေလိုက်ပါတယ်..

ကျားများကလည်း စိတ်ဓါတ်မကျပါနဲ့ (ဆက်ကြည့်ဖို့ အားပေးတာတော့ မဟုတ်ပါဘူး) တကယ့် ကမ္ဘာ့ထိပ်သီးကျားကြီးတွေလည်း လှတပတလေးတွေကို မြင်လို့ ကြည့်ချင်ပြီဆိုရင် လူကြားထဲဖြစ်ဖြစ် ဟန်မဆောင်ပဲ ကြည့်တာပါပဲ.. ဆိုတော့ ကျွန်တော် ရေးမိတာတော့ မပြောပလောက်ပါဘူးနော်..းD



US President Barack Obama and French President Nicolas Sarkozy



“ကျား” ကြည့်ချက်က ပြင်းသလို “မ” ရိုက်ချက်ကလည်း ပြင်းတာပါပဲ..


ကျွန်တော့်ရဲ့ ချစ်ခင်.. လေးစား.. မြတ်နိုး.. တန်ဘိုးထားရတဲ့ ညီကိုမောင်နှမများနဲ့ စာဖတ်သူ မိတ်ဆွေအပေါင်း ရယ်မောပျော်ရွှင်ရန် ရည်ရွယ်ရင်း.. အခုလို ဆားချက်လိုက်ပါကြောင်း ပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့ ဘတ်သီး (မျက်လုံး) လည်းကပ်သွားပါကြောင်း..းP

အားလုံးပဲ ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ..။
စည်သူ။