အဖေကို သတ်တဲ့သား (သို့မဟုတ်) အမေကို ချစ်တဲ့သား

on Friday, August 14, 2009

မဟာပထဝီမြေကြီးကို နေမင်းကြီးက အလင်းဓါတ် ပေးစွမ်းနိုင်မှုအား လျော့နည်းလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ မှောင်ရီစပျိုးလာတာပေါ့..။ စန္ဒာလမင်းကြီးကလည်း နေမင်းကြီးကိုအံတုကာ တပြိုင်နက်ထည်း ထွက်ပေါ်လာချိန် ကျွန်တော်ကလည်း ဘီးအိုကြီးကိုဆွဲကာ အေးချမ်းလှတဲ့ ဟေမာန် ဆောင်းရဲ့အရသာကိုခံရင်း စန္ဒာလမင်းကြီးရဲ့ ရောင်ဝါနဲ့အတူ သီချင်းလေး တကြော်ကြော်ဖြင့် အပြင်ထွက်ဖို့ စိတ်ကူးနေချိန်မှာ...

“ဟဲ့သား.. သန်းအောင်.. ဘယ်သွားမလို့လဲ သွားပြီးရင်လည်း စောစောပြန်လာနော် မနက်ကျ အမေတို့ အစောကြီးထရအောင် မင်းအဖေက အားကိုးရတာမဟုတ်ဘူး.. တစ်နေ့တစ်နေ့ ဒီသေရေပဲသောက်နေတာ ဘာမှ အားကိုးရတာမဟုတ်ဘူး အမေတို့က နောက်ကျရင် သူများတွေအရင် ချိုးသွားအုံးမယ် အခုတလောမှာ မျှစ်ကလည်း ဈေးကောင်းတယ် စောစောပြန်လာနော် ကြားလား”

“အေးပါ အမေကလည်း ကျွန်တော်သိပါတယ်.. အမေ့ အဖေအကြောင်း ပြောမနေပါနဲ့ နားညည်းလွန်းလို့ မပြော လည်းသိနေတာပဲ.. ခဏပဲအမေကလဲ .. လက်ဖက်ရည်သောက်ပြီးတာနဲ့ ကျွန်တော်ပြန်လာခဲ့မယ်” ဆိုပြီး ဘီးအို လေးကိုနင်းကာ ကျွန်တော်ထွက်သွားလိုက်တာ အတော်လေးကိုကြာသွားတယ်..

လကလည်းသာတော့ မှောင်လို့ မှောင်မှန်းလည်း မသိဘူးဖြစ်နေတာ.. ကျွန်တော်တို့ကို နောက်ကျနေပြီး မြန်မြန် လုပ်ပါဟ စောသေးတယ် ဘာညာသာရကာပေါ့ဗျာ အမြဲပြောနေသလား ထင်ရတဲ့ လက်မှာပတ်ထားတဲ့ လောကစက်ဝိုင်းကို ငုံ့ကြည့်လိုက်တော့မှ တစ်ချက်ထိုးခါနီး ဖြစ်နေပြီးလေ...

ကျွန်တော်လည်း မနက်ဝမ်းရေးအတွက် ငွေရှာထွက်ရမှာမို့ ဘီးအိုကြီးကို ကဗျာကယာနင်းကာ “ လပြည့်ညမှာ ခဏတာတွေ့ရပေမယ့် လပြည့်ကျော်ကာသွားတော့ မျှော်မှန်းသမျှတွေ ဖြစ်မလာပါကွယ် လကွယ်ညလယ် ချစ်သူကို အပြေးရှာရင်းနဲ့ ပိုးစုန်းကြူးငယ်လေးလို ပူဆွေးကာပဲ အမြဲတမ်းတရှာတယ်” သီချင်းလေးညည်းရင်း ပြန်လာတာပေါ့..။

မိသားစု ဝမ်းရေးအတွက်မို့ အစောကြီးထရမှာဆိုတော့ အမေကတော့ အိပ်နေပြီးလေ.. ခြံပေါက်ဝကနေ လှမ်းကြည့်လိုက်တော့ အိမ်ရှေ့ ဝမ်ရတာမှာ... အဖေကတော့ ထုံးစံအတိုင်းပေါ့ ပုလင်းဘေးနားမှာ ခွေခွေလေး.. ကျွန်တော်လည်း ဘီးအိုကြီးကို အသာလေး ခြံထဲထည့်ပြီး အဖေ့ကို ပုဆိုးပြင်ဝတ်ပေး စောင်ခြုံပေး ခေါင်းအုံး ယူပေး.. အဲလို လုပ်ပေးရတာပေါ့ဗျာ.. တစ်ကြိမ်မကပါဘူး .. အမြဲလိုလိုပါပဲ...။

ကျွန်တော်တို့ အိမ်ကလည်း ဖက်မိုး ဖက်ကာ.. ပြီးတော့ အမြင့်ကလည်း ခါးစောင်းလောက်ရှိတာ ယိုင်တိယိုင်တိုင် ပြောရမယ်ဆိုရင်.. မကြီးမငယ်တဲ့ ဇရပ်သာသာပေါ့ဗျာ.. လမ်းကနေလှမ်းကြည့်လိုက်ရင် အထဲထိကို မြင်ရတယ်..

ဝိုးတိုးဝါးတားကြားလိုက်ရတဲ့.. တုန်း.. တုန်း.. တုန်း.. တုန်း.. ဆိုတဲ့ အုန်းမောင်းခေါက်သံနဲ့အတူ “ဟဲ့.. သန်းအောင် ထတော့ ဘယ်အချိန်ရှိပြီးလဲ အမေပြောတယ် စောစောပြန်လာပါဆိုမှ အမေ့စကားမှ နားမထောင်ပဲ.. ထ.. ထ.. သွား မျက်နှာသွားသစ်.. ပြီးရင်ဒီမှာ အမေထမင်းကြမ်း မီးဖုတ်ထားတယ် အဲဒါစားလိုက်”

ကျွန်တော်တို့ဘက်မှာက ဆောင်းတွင်းအခါမှာ မနက်စောစောထပြီး ထမင်းကြမ်းမီးဖုတ်၊ ကန်စွန်းဥမီးဖုတ်၊ အဲလို စားလေ့ရှိကြတယ်လေ...

“အမေရော မစားတော့ဘူးလား.. အဖေ့အတွက်ရော ရှိသေးလားအမေ”

“အဲဒီနင့်းအဖေ သေနာကောင်အတွက် လာမပြောနဲ့ သူ့မှာ သေရေရှိရင်ရပြီး နင်အသိပဲ ဘာမှမလိုတော့ဘူး မြန်မြန်သေလည်း အေးသွားတာပဲ.. သေကို မသေနိုင်ဘူး ဘာမှကိုသုံးစားလို့မရဘူး တနေ့တနေ့ သောက်လိုက် စားလိုက် မြိုလိုက် ဆို့လိုက် မူးလိုက် ရမ်းလိုက်နဲ့ အမျိုးမျိုးကို ဒုက္ခပေးနေတာ သူမသေပဲ ငါအရင်သေသွားလည်း အေးတာပဲ” ဆိုပြီ မနက်စောစော မေတ္တာပို့ တော့တာပေါ့.. အဖေဆိုတော့ ဂရုဏာသက်လို့ ကျွန်တော်က မေးမိတာလေ.. မေးမိတိုင်းလည်း အဲလိုပါပဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ကလော်တုတ်တော့တာပဲ..။

မျှစ်ချိုးပြီး ပြန်လာတော့လည်း မနားရပါဘူး.. ရောင်းဖို့အတွက် ရေဆေး အခွံချွတ် ပြီးတော့ မျှစ်ကို အစည်းလေး တွေစည်း.. ကျွန်တော်ကတော့ မျှစ်ကို ပြုတ်တာပေါ့လေ.. ကျက်ပြီးဆိုတာနဲ့ အမေက ဗန်းထဲထည့်ပြီး “မျှစ်ပြုတ် ယူကြအုံးမလား မျှစ်ပြုတ်” ဆိုပြီး ရပ်ကွပ်လှည့်လည် ရောင်းရတာပေါ့.. အဖေကတော့ ထုံးစံအတိုင်း မျက်စိ နှစ်ကွင် အလင်းရလာတာနဲ့ တစ်ပြိုင်နက် ပုလင်းကိုအရင်ရှာတော့တာပဲ...

အဲဒါတင်မကပါဘူး ပိုက်ဆံက ဘယ်နားနေမှန်းမသိ ပိုက်ဆံတောင်းဖို့ကလည်း အဖေက အလွတ်ကျက်ထားတာ မရရင် နည်းမျိုးစုံနဲ့ အမေ့ကို နှိပ်စက်တော့တာပဲ.. ရိုက်တာက တစ်မျိုး ဆဲတာကတစ်မျိုး မျိုးစုံပေါ့ဗျာ.. အလုပ်ကျ တော့လည်း အဖေက သောက်တဲ့အလုပ်ကလွဲလို့ ဘာမှမလုပ်ဘူးလေ...

တစ်နေ့မှာပေါ့ဗျာ.. ကျွန်တော် အပြင်သွားနေတုန်း လမ်းမှာ အဖေ့ကိုတွေ့တယ် ကျွန်တော့်ကိုတွေ့တာနဲ့ အဖေက “ဟေ့ကောင်သန်းအောင် မင်းဘယ်သွားမလို့လဲ”

“ဈေးဘက်သွားမလို့ အဖေ အမေက ဈေးထဲးက အဒေါ်တစ်ယောက်ဆီမှာ ပိုက်ဆံရစရာရှိလို့ သွားယူပါဆိုလို့ သွားမလို့ .. ဟိုနေ့က မျှစ်ရောင်းထားတာ ပိုက်ဆံ မရသေးဘူးဆိုလို့ပါ”

“မင်းအမေရော အိမ်မှာရှိလား”

“ရှိတယ် အဖေ.. အဖေပြန်မလို့လား ကျွန်တော့် စက်ဘီးနဲ့ပြန်လိုက်ခဲ့လေ”

“မင်းဘာသာမင်း သွားစမ်းပါ ငါ့ဟာငါ လမ်းလျှောက်ပြန်မယ်.. သွားသွား..” ဆိုပြီးပြန်သွားတာပေါ့..။

ကျွန်တော်လည်း ဈေးပေါက်ဝမှာ စက်ဘီးကိုအပ်ပြီး ဈေးထဲ ဝင်သွားတာပေါ့ဗျာ.. ပိုက်ဆံရစရာရှိတဲ့ အဒေါ်ကြီး နဲ့ စကားပြောနေတုန်းမှာပဲ ခေါ်သံတစ်ခု ထွက်ပေါ်လာတာ လှည့်ကြည့်လိုက်တော့ ရပ်ကွပ်ထဲက အဒေါ်ကြီး ဖြစ်နေတယ် .. အဒေါ်ကြီးကလည်း ရေးကြီးသုတ်ပြာနဲ့

“မောင်သန်းအောင် မောင်သန်းအောင် နင့် အမေနဲ့အဖေ ရန်ဖြစ်ကြလို့တဲ့ အဲဒါ မြန်မြန်ပြန်လိုက်အုံး”

“အဒေါ်ကလည်း အမေနဲ့အဖေက ဒါမျိုးဖြစ်နေကြပဲ ဘာဆန်းလို့လည်း တစ်ရပ်ကွပ်လုံးကလည်းသိတယ်”

“မဟုတ်ဘူး သန်းအောင်ရဲ့ မင်းအဖေက တုတ်ဆွဲ ဓါးဆွဲလုပ်နေလို့ .. မူးမူးနဲ့ဆိုတော့ မင်းအမေ တခုခုဖြစ်မှာဆိုး လို့ပါ သွားသွား.. မြန်မြန်လုပ်” ဆိုပြီးပြောတော့ ကျွန်တော်လည်း ခေါင်းတွေထူပူသွားပြီး အမေကို အရမ်း စိတ်ပူသွားတယ်...

အဒေါ်ကြီးပြောတဲ့အတိုင်းပါပဲ အဖေက မြေပြင်ပေါ်မှာ လဲနေတဲ့ အမေ့ကိုခွပြီး လည်ပင်းညှစ်နေတဲ့ မြင်ကွင်းကို ခပ်လှမ်းလှမ်းကနေ ကျွန်တော် မြင်လိုက်ရတယ်..

ကျွန်တော်လည်းအမေ့အပေါ် စိုးရိမ်စိတ်လွန်ကဲပြီး နင်းနေတဲ့ စက်ဘီးကိုတောင် မနင်းတော့ပဲ စက်ဘီးပေါ်ကနေ ခုန်ဆင်းပြီး အမေရှိရာကို အပြေးလိုက် ချလာတာပေါ့...

“အမေ))))))))))))).. အမေ)))))))))))))).. အဖေ ဘာလုပ်တာလဲ အမေ့ကိုလွှတ်... လွှတ်အဖေ.... အဖေ မလွှတ်ဘူးလား ... ကျွန်တော်ပြောနေတယ်နော် အဖေ... မလုပ်နဲ့ လွှတ်နော်အဖေ”

“ဟေ့ကောင် ခွေးမသား... မင်းကငါ့ကို ဘာလုပ်ချင်လို့လဲ ဟမ်း.. ပြောစမ်း မင်းကို ငါက မွေးထားတာ မင်းက ဘာလုပ်ချင်လို့လဲ”

ပြောပြောဆိုဆိုနဲ့ အဖေက အမေ့လည်ပင်းကို ဆက်ညှစ်နေတယ်လေ.. အမေလည်း မျက်ဖြူတွေလန်ပြီး အသက်ရှူ ရပ်တော့မယ် မြင်ကွင်းကို ကျွန်တော်မြင်လည်းမြင်ရော...

“ အမေ)))))))))))))))))))).. အမေ))))))))))))))))))))))).. အမေ))))))))))))))))))))))))).. အဖေ လွှတ်နော်
အဖေ)))))))))))))))))).. လွှတ်နော်.. ကျွန်တော် ပြောနေတယ်နော်အဖေ အမေ့ကို လွှတ်နော်.. အဖေ မလွှတ် ဘူးလား.. မလွှတ်ဘူးလား... အာာာာာာာာားးးးးးးးးးး ရော့ .. မလွှတ်နဲ့အုံး.. မလွှတ်နဲ့အုံး” ဆိုပြီး ဘေးမှာ အဖေ ချထားတဲ့ ဓါးကိုယူပြီး အဖေ့ရဲ့ ဇက်ပိုးကနေ သုံးချက် ကျွန်တော် ပိုင်းချလိုက်တယ်...

အမေက ဓါးကို အိမ်သာထဲ ပစ်ချလိုက်တယ်.. နင့်အဖေကို ငါသတ်တာလို့ ပြောမယ် ဆိုပြီ ကျွန်တော့်ကိုတော့ ထွက်ပြေးခိုင်းတယ်လေ..

ကျွန်တော်လည်း ထွက်ပြေးလိုက်တယ်.. နှစ်ရက်လောက် အကြာမှာတော့ ကျွန်တော်ကိုယ်တိုင် အဖေကို သတ်တဲ့အမှုနဲ့ ရဲစခန်းမှာ ပြန်ပြီး အဖမ်းခံလိုက်ပါတယ်ဗျာ..

တစ်ခါတစ်လေ ဖြစ်ရပ်တွေက အရမ်းကိုဆန်းကျယ်တယ်ဗျာ..။ လောကကြီးထဲမှာ အသက်ရှင်နေသရွေ့ ပေါ့ မဖြစ်နိုင်တာတွေ ဖြစ်လာတော့မှ ဟယ်.. ဟင်.. ဟာ.. ဟို.. အမယ်လေးနော်.. ဟုတ်ပါ့မလား.. ဟုတ်လို့လား.. သေချာရဲ့လား.. စတဲ့ အာမေဋိတ်အသံတွေနဲ့အတူ စကားသံတွေပါ ထွက်လာတာပေါ့ဗျာ..။ အဲဒါကြောင့် ပြောကြတယ်.. Nothing Is Impossible In The World ..။


။ ။ တကယ်တမ်း ပြောရမယ်ဆိုရင် မိဘဆိုတာ ဘုရားနဲ့ တသားတည်း ကိုးကွယ်အပ်တဲ့ အနန္တဂိုင်းဝင် ကျေးဇူး ရှင်ပါ..။ အနန္တော အန္တငါးပါးကို ဘယ်သောအခါမှ မပစ်မှားအပ်ပါဘူး..။ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ ပေါ့..။

အမိသည် ပည့်တန်ဆာ ဖြစ်လင့်ကစား မပစ်မှားအပ်ဟု ဘုးရားဟောထဲမှာ ပါပါတယ်...။ ကျွန်တော်သာ မောင်သန်းအောင် ဖြစ်ခဲ့မယ်ဆိုရင် အခုလို လုပ်မိလိမ့်လေမလား.. အတိအကျ မပြောနိုင်ပါဘူး..

မိဘဟာ မိပါပဲ.. သားသမီးဟာလည်း သားသမီးပါပဲ


ကျွန်တော်တို့ မြို့တွင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော် ရေးသားထားတာပါ...
နာမည်ကိုတော့ အစားထိုးထားပါတယ်....

လေးစားစွာဖြင့်
စည်သူ။

25 comments:

ခြေလှမ်းသစ် said...

ကိုစည်သူရေ ဇတ်လမ်းလေးက ပညာပေးလေးလို့ .. ခံစားသွားပါတယ် ... ရှောင်လွှဲမရနိုင်တဲ့အချိန်မှာ အမေ့ ကိုချစ်တဲ့ အချစ်တွေက ဘာကိုမျှ မမြင်တတ်တော့ ပါဘူးနော် .... သင်ခန်းစာရဖို့ကောင်းပါတယ် .. နောက်ဆက်တွဲ ဆက်ရေးပါလား ?

Yu Ya said...

စာဖတ်ပြီးတော့ စိတ်မကောင်းဖြစ်သွားမိပါတယ် ကိုစည်သူရေ..။ အမေ့စိတ်နဲ့ အဖေ့ကိုသတ်တယ်ဆိုတော့ ... အင်း.. ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။

yu ya

မမသီရိ said...

ဖြစ်တတ်တဲ့ ဇာတ်လမ်းလေးတွေပါပဲ
တခါတလေ အပြင်ကအဖြစ်အပျက်တွေက
သတ္တုတွေ ထက် ဆန်ူကြယ် ကြေကွဲ စရာကောင်းတယ်

ဒါနဲ့
လပြည့်ညမှာ ခဏတာတွေ့ရပေမယ့် လပြည့်ကျော်ကာသွားတော့ မျှော်မှန်းသမျှတွေ ဖြစ်မလာပါကွယ် လကွယ်ညလယ် ချစ်သူကို အပြေးရှာရင်းနဲ့ ပိုးစုန်းကြူးငယ်လေးလို ပူဆွေးကာပဲ အမြဲတမ်းတရှာတယ်

ဒီသီချင်း ထည့်ရေးဖို့ သတိရတာဆိုရင်တော့
အသက် ကို နဲနဲ မှန်းကြည့်လို့ ရမယ် ထင်တယ် .. :P

အရာတော်မြေ said...

အင်း... ဖတ်ပြီးသွားတော့ စိတ်မကေါင်းဖြစ်ရတယ်ဗျာ

မေဇင် said...

သိပ်ကိုဖြစ်တတ်တယ် စည်သူ... နောင့် တို့ရွာမှာတော့ သေတော့ မသေကြဘူး ဒါပေမယ့် သားအဖ တွေ မူးရူးပြီး ထိုးကြိတ်နေကြတာ...။ ဟင်းးးးးးးးးး ခတ်ပါတယ်....။

Beauty Studio USA Branded Store said...

အမေကြောင့်လိုသာတော်သွားတယ်ဗျာ.။ အဖြစ်မှန်ဆိုတော့ ပိုလိုတောင်စိတ်ဝင်စားစရာကောင်းသွားပါတယ်။အတော်ကျုကောင်းတဲ့ ရသလေးဗျာ။ဆင်ခြင်စရာတွေ၊ အရက်ရဲ့ဆိုးကျိုးတွေ အများကြီးရသွားပါတယ်။

yangonthar said...

အင်းဗျာ ဘယ်လို ပြောရမှန်းတောင်မသိ ပါဘူး အဖေသတ်တာတော့ အတော်အပြစ်ကြီးလှတယ် ပဉ္စနန္ဒိယ ကံကြီး ကတော့ အတော်ကြောက်စရာကောင်းတယ် ဗျို့  တကယ်တော့ သားလုပ်သူက အတော်သနား စရာကောင်းပါတယ် ယမင်းကြီးထံအယူခံ ဝင်လို့ ရရင်ကောင်းမယ် ဗျာ စိတ်ထဲ မကောင်းရှိလိုက်တာ ... ဖြစ်ရလေ တယ် .... :(

အေးမြသာယာပါစေ .....

Lucifer said...

ဖတ်ရတာ စိတ်မကောင်းတောင်ဖြစ်မိပါတယ်..
စာရေးသူကလည်း သရုပ်ပေါ်အောင်ရေးတတ်သကိုး

rose of sharon said...

ဖြစ်ရပ်မှန်တဲ့လား... စိတ်မကောင်းဖြစ်မိတယ်

Sein Lyan Tun said...

အဖေနဲ့ အမေ့ကို အမြဲ ချစ်ခင်ကြင်နာတာမြင်ချင်တယ်

သားသမီးနဲ့ မိဘကို အမြဲ ချစ်ခင်ကြင်နာတာမြင်ချင်တယ်

ဒီလို ဖြစ်ရပ်မျိုးတွေနဲ့ သားသမီး မိဘ မောင်နှမ လင်မယာကြားမှာ မဖြစ်စေချင်ဘူး

လူ့ဘဝက တိုပါတယ်...

တိုတဲ့ဘဝလေးမှာ မိသားစု ငြိမ်းချမ်းပျော်ရွင်ရင် ဘယ်လောက်များကောင်းမလဲနော်..

မိသားစု... မိသားစုတိုင်းအတွက်

ဘဝ... ဘဝတိုင်းအတွက်
ဆုတောင်းပေးပါတယ်


ပျော်ရွင်ကြပါစေ

ပိုစ့်လေးဖတ်ရတာ ရင်နစ်စရာ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မြစ်ကျိုးအင်း said...

ကျွန်တော့်အမြင်လေးပြောမယ်နော် ဘာပဲဖြစ်ဖြစ်ပါ မိဘ က မိဘပါပဲ...။ဒီလိုအဖြစ်တွေလည်း ကျွန်တော် ကြားဖူးပါတယ်...တခါဖတ်ဖူးတဲ့စာထဲမှာဆိုရင် အဖေကို လှံနဲ့ထိုးပြီးသတ်လိုက်တဲ့ သားကို ထောင်ကထွက်မယ့် မနက်မှာ ထောင်သားတွေက မျက်နာကို အ၀တ်အုပ်ပြီး
ဝိုင်းရိုက်လိုက်ကြတာ သေသွားတယ်...။အဲဒါ ကမာရွတ် က တကယ့်အဖြစ်အပျက်ပါပဲ...။

ဖြစ်စေချင်တာက အဲဒီသားရဲ့ ကြုံလာမယ့် ဘ၀ရဲ့ ဆိုးကျိုးလေး ကိုပါ ဇာတ်လမ်းလေးဆင်ပြီး ထည့်ပေးသင့်တယ် ...။ အရက်ရဲ့ဆိုးကျိုး ဆိုတာ မိဘကို သတ်တဲ့ဆိုးကျိုးနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး....။

အရက်မကောင်းမှန်းလူတိုင်းသိသလို မိဘဆိုတာ ဘယ်လို အချိန်အခါမှာမှ မစော်ကားသင့်ကြောင်းကိုပါ နားလည်သွားအောင် ထည့်ရေးစေချင်တာပါ...။

ဆရာလုပ်တယ်လို့မထင်စေချင်ပါဘူး...
စာဖတ်သူတယောက်အနေနဲ့ အကြံပေးတာမျိုးပါ..။
နားလည်ပေးပါ...။

...ခင်မင်သောအားဖြင့်....

မိုးစက်အိမ် said...

ရေးတာလည်းကောင်းတယ်ဗျာ ဇာတ်ကလည်းနာတယ်
ဒီလိုအဖြစ်ဆိုးတွေဗျာ ဟူးးးးးးးးးးးးး ရင်ထဲမှာဆို.သွား
တယ်ဗျာ မီသားစုတိုင်း ပျော်ရွှင်ကြည်နူး နိုင်ကြပါစေဗျာ ...

Unknown said...

I m so sorry after reading this true story .....!
But " Nothing Is Impossible In The World " show me that the secret of life. That's a good idea, Bro...

ငယ် said...

ကြောက်စရာကြီးနော်... ဖြစ်တက်ပါတယ်... အဖေက လည်းဆိုးတာကိုးနော်၊ သားကလည်း အမေ သေတော့မယ်ဆိုတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားတာပေါ့နော်၊ ဘာပဲဖြစ်၂ ခုလို ဖက်လို့ကောင်းအောင် ရေးတက်တဲ့သူလည်းတော်ပါပေတယ်ရှင်း)

ကိုလူထွေး said...

ဖတ်ရတာ သည်းထိတ်ရင်ဖိုပါလားဗျာ...

"မမေ့မလျော့ မပေါ့သောသတိ" လို့ ဘုရားဟောခဲ့သလိုပေါ့... သတိတချက်လွတ်တော့ ဘဝပျက်ပြီး အသက်လဲ ပျောက်ကရော...

(ကိုလူထွင်းကတော...့ သူငယ်ချင်းတွေက လူထွေးလို့ ခေါ်ရင်းခေါ်ရင်း ထွင်းဖြစ်သွားရကြောင်းပါ)

ဇော် said...

အင်းးးးးးးးးးးးး။
( သက်ပြင်းချသံ )

တောင်ပေါ်သား said...

အကိုရေ ခံစားသွားတယ်ဗျာ... ဘယ်သူ့အမှားရယ်လို့ ပြောမရလောက်အောင်ပါပဲဗျာ... မိဘကိုချစ်တဲ့သားတယောက်ရဲ့ ကံကြမ္မာဆိုး ၀င်လာချိန်ပါပဲ။ သူ့အမေအတွက်ကတော့ ငါ့သားဆိုပြီး ဂုဏ်ယူနေရမဲ့ အဖြစ်ဆိုးပါပဲ။ အဓိကတရားခံကတော့ သေရေသေရက်ကို အလွန်အကျူးသောက်မိတဲ့ ဖခင်တယောက်ရဲ့ အမှားလို့ မြင်မိပါတယ်။ သားကိုတော့ အပြစ်မမြင်မိသလို မိခင်ကိုချစ်တဲ့ စိတ်ကိုတောင် ချီးကျူးမိပါသေးတယ် ကျနော်ဆိုရင်လဲ အမှတ်မထင် ကြုံလာရင် ဒီလို လုပ်မိမယ်ထင်ပါရဲ့ဗျာ...

လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ကြောက်စရာပါလားနော်
သားသမီးဆိုးရင် မိဘ ဒုက္ခရောက်သလို မိဘမပီသတဲ့ မိဘတွေကြောင့်လည်း သားသမီးတွေ ဒုက္ခရောက်ရတယ် ..

ကိုရင်နော်ခင်လေးငယ် said...

တင်တင်ချင်း လာဖတ်ထားတာ...
ခုမှ မန့်ဖြစ်တော့တယ် ညီမောင်ရေ..

ပညာပေး တင်ပြပုံလေး ကောင်း၏..

ဖြစ်တတ်ပါတယ်လေလို့.. ပြောရမလား..
မဖြစ်သင့်ဘူးလို့ ပြောရင်ကောင်းမလား...

အင်းး... သက်ပြင်းချလိုက်တာပဲ ကောင်းပါတယ်လေ...
(((ဟူးးးးး...)))

တကယ်တော့ လူတွေဟာ ဒေါသကြောင့် ရူးသွပ်သွားတတ်ကြတယ်... မျက်လုံးတွေကန်း.. နားတွေ ပင်းသွားတတ်ကြတယ်.. အသိတရားတွေလွတ် စိတ်မြန် လက်မြန် ဖြစ်တတ်ကြတယ်..

ဒီအဖြစ်အပျက်ထဲက “သန်းအောင်” ဟာလည်း အခိုက်အတန့် ရူးသွပ်သွားတာပါ..

ဒါပေမဲ့ နောင်တဆိုတာရယ်.. ဒဏ်ခတ်ခြင်း ဆိုတာရယ်... ကံကြီးထိုက်တယ် ဆိုတာရယ်တွေက... သူမှန်တယ်ထားဦး.. ရှောင်လို့ ရပါ့မလား...

ချစ်ခင်စွာဖြင့်..

ဦးနော်၊ တီငယ်..

မယ့်ကိုး said...

ဖတ်ရတာ စိတ်မကောင်းဘူး။
ပြုသူအသစ် ဖြစ်သူအဟောင်း။
ကြောက်စရာကောင်းလွန်းတဲ့ သံသရာ။
စကားမစပ်.. အရေးအသားကောင်းတယ်။ :)

သုခုမလေဒီ said...

အမေကိုသေသွားမှာစိုးရိမ်စိတ်များပြီး၊ ရုတ်တရက် ထွက်လာတဲ့ဒေါသကို မထိန်းနိုင်ပဲ အဖေကိုသတ်မိ သွားတဲ့အထိဖြစ်သွားတယ်ထင်တယ်။ ဒါပေမယ့် အဖသတ်တဲ့သားဖြစ်သွားတာပေါ့။
ဖတ်ရတာ ၀မ်းနည်းဖို့ လည်းကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်သေရည်ကြောင့်ဖြစ်ရတာတွေပါပဲ။
သုံးသပ်မိခြင်းပါ။

flowerpoem said...

အင်း စိတ်တွေဟာ တစ်ခါတစ်လေ ကြောက်စရာကြီးနော် ဘာပြောရမှန်းတောင်သိတော့ဘူး

Dream said...

ဇာတ်ထဲမှာမျှောသွားတယ်။ ပညာပေးပို့စ်လေးပါ။
ဒေါသကိုရှေ့တန်းတင်တော့ မှောက်မှားမိတတ်ကြတဲ့
လူတို့သဘာဝကို ပေါ်လွင်စေတယ်။ မိခင်ကို အချစ်ကြီးတော့ အဖေလုပ်သူရဲ့ နှိုတ်ဆပ်မှုက လွတ်အောင် လုပ်မိလုပ်ရာ လုပ်မိလိုက်တဲ့ သန်းအောင်
ရဲ့အဖြစ်ကို စာနာမိပါတယ်။

ဖတ်ပြီး ရင်ထဲမောသွားတယ်.။....း(

စာအရေးအရမ်းကောင်းတယ်။
း)

Mogok Thar said...

ဒီအဖြစ်အပျက်လေးကို အကိုတို့ မြို့မှာ ကြားဖူးတယ်။
တိုက်ဆိုင်နေလိုက်ထာ။
စာရေးသူက ရေးအားကောင်းတော့ စာက ဖတ်ရတာ ရုပ်လုံးကြွလို့။

Unknown said...

မိုက်တယ်ဗျာအရမ်းပဲဇာက်လမ်းလေးကအဖြစ်အပြတ်တွေကိုမနှစ်ကထက်ပိုပီးတော့ရေးနိုင်ပါစေဗျာ