ကျွန်တော် “ကြက်မ” ဘဝ

on Thursday, December 17, 2009

ကျွန်တော် “ကြက်မ” ဘဝတုန်းကပေါ့.. ဥတွေ အများကြီး ဥရတယ်လေ.. ကျွန်တော်က ဥလိုက်.. လူတွေကလေ ဥကိုနှိုက်ပြီး ချက်စားလိုက်.. ပြန်ဥလိုက်.. ချက်စားလိုက်ပေါ့.. တစ်ခါတစ်လေ ဧည့်သည်လာရင်ကျွန်တော့်မှာလေ မျက်ခုံးလှုပ်ရတယ်.. ဥကိုနှိုက်စားရင်တော်သေးတယ်.. တစ်ခါတစ်လေ ကျွန်တော့်ကိုပါ ဧည့်သည်အတွက်ပေါ့.. ချက်စားဖို့ဆိုပြီး လိုက်ဖမ်းတာ.. မနဲကို လွတ်အောင် ပြေးရတယ်..

တစ်နေ့မှာတော့ ကျွန်တော့်သခင်က ကျွန်တော့်ကို တစ်ခြားသူတစ်ယောက်ဆီ ရောင်းလိုက်တယ်.. အဲဒီလူက မဆိုးပါဘူး.. ကျွန်တော့်ကို ချစ်လည်းချစ်တယ်.. ယုလည်းယုယတယ်.. အစာလည်း မှန်မှန်ကျွေးတယ်.. ပြီးတော့ ကျွန်တော့်အတွက် ကြင်ယာတော်ပါ ရှာပေးတယ်လေ.. ဒီလိုဆိုတော့ ကျွန်တော် အားရှိသွားတာပေါ့..

ကျွန်တော်က “ကတော်.. ကတော်” လို့ အော်လိုက်တာနဲ့ ချက်ခြင်းဆိုသလို ကျွန်တော့်အနားရောက်လာတာပဲ.. ကျွန်တော့်အတွက် အရမ်း ကို အားကိုရတယ်.. ကျွန်တော့်ကိုလည်း အရမ်းချစ်ရှာတယ်လေ.. ပြီးတော့ ကျွန်တော့် အတွက် အစာတွေလည်း ရှာပေးတယ်.. ကျွန်တော့်ချစ်သူနဲ့ကျွန်တော် အတူအစာရှာထွက်လို့ ရှိရင်လည်း ချစ်သူက ကျွန်တော်စားဖို့အတွက် အစာရှာပေးတယ်.. ကျွန်တော် ဘာမှ မပူရဘူးလေ.. တစ်ဦးပေါ်တစ်ဦး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်ရင်း ဘဝခရီးကို ပျော်ပျော်ပါးပါး လျှောက်လှမ်းနိုင်ခဲ့တာပေါ့..

ဒီလိုနဲ့ တစ်နေ့မှာတော့ ကျွန်တော်တို့ ဘဝရဲ့ မျိုးဆက်သစ်တွေအတွက် ကျွန်တော် ဥဥရတာပေါ့.. ဒီတစ်ခါတော့ ကျွန်တော့်သခင်က ဥတွေကို မနှိုက်စားပါဘူး.. ကျွန်တော့်အိမ်ထဲမှာပဲ သေသေချာချာ စီပြီး ထားထားပေးတယ်.. အပြင်က အန္တရာယ်တွေ မကျရောက်နိုင်အောင်လည်း နည်းအမျိုးမျိုးနဲ့ ကာကွယ်ပေးတယ်.. ကျွန်တော်တို့နေတဲ့ အိမ်ရဲ့ခြံဝင်းကိုလည်း ခွေးတွေ.. ကြောင်တွေ မဝင်နိုင်အောင် သေချာကာထားပေးတယ်လေ.. ကျွန်တော်လည်း သခင့်အတွက် ဥတွေ အများကြီးရအောင် ဥပေးတာပေါ့..

တစ်နေ့မှာတော့ သခင်က ကျွန်တော့်အိမ်ထဲဝင်ပြီး ဥတွေကို ယူသွားတာ ကျွန်တော်တွေ့လိုက်ရတယ်.. သခင်က ဘာလုပ်မယ်မှန်းမသိပေမယ့် ကျွန်တော်ကတော့ “ကတော် ကတော်” လို့ အော်ရုံမှတစ်ပါး တစ်ခြား ဘာဆို.. ဘာမှ မတတ်နိုင်ဘူးလေ.. ကျွန်တော်က “ကတော် ကတော်” လို့ အော်လိုက်တာနဲ့ ကျွန်တော့်ခင်ပွန်းသည်က ကျွန်တော့်ဆီ ရောက်လာတာပဲ.. ခင်ပွန်းသည်ကလည်း သခင်က ဥတွေယူနေတာကို တွေ့သော်ငြားလည်းပဲ ဘာမှ မတတ်နိုင်ဘူးလေ..

ဒီလိုနဲ့ ညနေကျတော့ သခင်က ဥတွေပြန်ယူလာတာကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော်လည်း ဝမ်းသာ အားရဖြစ်ပြီး “ကတော် ကတော် ကတော်.. ((((((((ကတော်))))))))” ဆိုပြီး အသကုန် အော်လိုက်တာပေါ့လေ.. ကျွန်တော့်ခင်ပွန်းကလည်း ကျွန်တော့်နည်းတူ အရမ်းပျော်ရွှင်သွားပြီး ခုန်ပေါက်ရင်း တောင်ပံလေးများခတ်ကာ “အောင်အီးအီးအွတ်.. အောင်အီးအီးအွတ်” ဆိုပြီး တွန်ကြူးလိုက်တာပေါ့..

ခနနေတော့ သခင်က ကျွန်တော့်ကို လက်ဖြောက်တီးရင်း “တီး တီး တီး တီး” ဆိုပြီးခေါ်တော့ ကျွန်တော်လည်း သခင့်ဆီ အပြေးသွားတာပေါ့.. သခင်က ကျွန်တော့်ကို အသာလေး ပွေ့ချီပြီး ဥလေးတွေရှိရာ နေရာလေးဘေးမှာ ချပေးတယ်လေ.. ကျွန်တော်လည်း ဝမ်းသာအားနဲ့ ဥလေးတွေကို ကြည့်ပြီး ပျော်မဆုံး ဖြစ်ရတာပေါ့..

ရက်သတ္တပတ် အတော်ကြာတော့ ကျွန်တော် ဥထားတဲ့ ဥကနေ ဘဲကလေးတွေ ပေါက်လာတာပေါ့.. ကျွန်တော့် သားသမီးတွေဆိုတော့ ကျွန်တော် အရမ်းချစ်တာပေါ့.. ဘဲကလေးတွေကလည်း ပုကွကွနဲ့လေ.. ကျွန်တော်လေ အရမ်းကို ချစ်တာ.. ကျွန်တော့်ခင်ပွန်းကလည်း ဘဲကလေးတွေကိုကြည့်ပြီး အရမ်းကို အားရကျေနပ်နေတဲ့ပုံပေါ့.. အရမ်းကို ပျော်စရာကောင်းတဲ့ ကျွန်တော်တို့ မိသားစုကမ္ဘာကြီးကို ကျွန်တော် ထူထောင်နိုင်ခဲ့ပြီလေ..

သခင်ကလည်း ကျွန်တော့် သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေကို ကြည့်ပြီး အရမ်းကို ပီတိဖြစ်နေတယ်လေ.. သခင်ကလည်း ဘဲကလေးတွေကို ပွေ့ချီပွတ်သတ်ပြီး အစာကျွေးတယ်.. ရေတိုက်တယ်.. ညစ်ပတ်ပေရေနေတဲ့ ဘဲကလေးတွေကို သခင်က သန့်ရှင်းရေးတွေ လုပ်ပေးတယ်.. သခင်ကလည်း အရမ်းဂရုစိုက်တော့ ကျွန်တော်တို့ မိသားစုကမ္ဘာလေးဟာ မပြောပြတတ်အောင်ကို ပြည့်စုံပြီး အေးချမ်းသာယာနေတာပေါ့..

ပြီးတော့ သခင်က ကျွန်တော့်သားသမီးတွေ ကစားဖို့အတွက် ရေကန်ငယ်ကလေးတစ်ကန် လုပ်ပေးတယ်လေ.. တစ်နေ့မှာတာ့ ဘဲကလေးတွေက သခင်လုပ်ပေးထားတဲ့ ရေကန်ထဲဆင်းပြီး ရေကူးရင်း ဆော့ကစားကြတာပေါ့.. အဲလို ရေကန်ထဲဆင်းပြီး ဆော့ကစားတာတွေ့တော့ “ကတော် ကတော် (((((ကတော်)))))” ဆိုပြီး ကျွန်တော် အော်တာပေါ့.. ကျွန်တော်တို့ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော့်သားသမီးတွေမှာ တွေ့လိုက်လို့ ကျွန်တော် အရမ်းကို တုန်လှုပ်သွားတယ်.. ဘဲကလေးတွေအပေါ်မှာလည်း အရမ်းကို စိုးရိမ်သွားတယ်လေ..

ကျွန်တော့်ခင်ပွန်းသည်ကလည်း ကျွန်တော့်အလားတူပါပဲ ရေကန်ပတ်လည်ရှောက်ရင်း အတောင်ပံတွေခတ်ပြီး ဂနာမငြိမ် ဖြစ်နေတာပေါ့.. ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေမှာတော့ အရမ်းကို ပျော်ပါးစွာ ဆော့ ကစားနေကြတယ်.. သခင်ကတော့ ဘဲကလေးတွေ ဆော့ကစားနေတာကို ကြည့်ပြီး သာလွန်းတဲ့ လဝန်းပမာပေါ့ သခင့်မျက်နှာက ကြည်နှုးမှုအပေါင်း သရဖူဆောင်လို့.. အဲဒီချိန်ဟာ ကျွန်တော်တို့ ဇနီးမောင်နှံနဲ့ သခင့်ကြားမှာ နားမလည်နိုင်တဲ့ ပဟေဠိလို ဖြစ်နေခဲ့တာပေါ့..

ရေကစားပြီး အတော်တန်ကြာတော့ ဘဲကလေးတွေက ကုန်းပေါ်တက်ပြီး ကျွန်တော့်ရင်ခွင်ထဲ တိုးဝှေ့လာတော့ စိုနေတဲ့ရေတွေ ခြောက်သွားအောင် ပွတ်သတ်ပေးရတာပေါ့.. ညညအိပ်ရင်လည်း ဘဲကလေးတွေမှာ အေးမှာစိုးလို့လေ.. ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာအောက် ဝင်စေပြီး တောင်ပံများနဲ့အုပ်ကာ နွေးထွေးမှုတွေ ပေးရတယ်လေ..

တစ်နေ့မှာတော့ ဘာရယ်ကြောင့်မှန်းမသိ သခင်က ကျွန်တော့် ခင်ပွန်းသည်ကို ဖမ်းသွားတယ်.. ခင်ပွန်းသည်က ကျန်ခဲ့တဲ့ ကျွန်တော်နဲ့ ဘဲကလေးတွေကိုကြည့်ပြီး “ကတော် ကတော် ကတော်” နဲ့ အော်မြည်ရင်း အော်မြည်ရင်း အသံက ဝေးသည်ထက်ဝေးကာ တဖြည်းဖြည်း ဆိတ်ကွယ်သွားခဲ့တယ်.. ကျွန်တော့်သားသမီးတွေဖြစ်တဲ့ ဘဲကလေးတွေကလည်း “ပကျစ် ပကျစ်” နဲ့ အော်မြည်ရင်း ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်ကာ အကာကွယ် ယူကြရတယ်လေ.. မပြောပြတတ်အောင် ခံစားရပြီး ဘဲကလေးတွေအပေါ်လည်း ရင်ခွင်ထဲထည့်ကာ တောင်ပံဖြင့် ဖုံးအုပ်ပြီး ကာကွယ်ရုံမှတပါး ကျွန်တော် တတ်နိုင် လိမ့်မည်မထင်ဘူးလေ..

သခင်ကတော့ ကျွန်တော့်ကို အရင်တိုင်းပါပဲ.. စောင့်ရှောက်မြဲ.. ဘဲကလေးတွေအပေါ်လည်း ကြင်နာယုယမြဲ.. ဒါပေမယ့် ဘဲကလေးတွေက အရွယ် တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော့်အနား သိပ်မကပ်တော့ဘူး အရင်ကဆို “ကတော် ကတော်” နဲ့ အော်လိုက်တာနဲ့ “ပကျစ် ပကျစ် ပကျစ်” ဆိုပြီး ရင်ခွင်ထဲ တိုးဝှေ့လာတတ်တဲ့ ဘဲကလေးတွေက ခုဆို ပြောင်းလဲကုန်ပြီး.. ကျွန်တော့်အနား သိပ်မကပ်ကြတော့ဘူး.. ဒီတစ်ခါတော့ ကျွန်တော်နဲ့ ဘဲကလေးတွေကြား နားမလည်နိုင်နဲ့ ပဟေဠိတစ်ပုဒ်လို ထပ်ဖြစ်ပြန်တယ်လေ..

ခင်ပွန်းမရှိတော့လို့ အားကိုးမဲ့နေရာကနေ သားသမီးတွေကပါ ကျွန်တော့်ကို တဖြည်းဖြည်း ဥပက္ခာပြုလာတော့ ကျွန်တော့်မှာ မပြောပြတတ်အောင် ခံစားရတယ်.. သားသမီးတွေကို ရင်ခွင်ထဲထည့်ပြီး အတောင်ပံများနဲ့ ဖုံးအုပ်၊ နွေးထွေးမှုတွေ အပြန်အလှန်ရယူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်..

နောက်ဆုံးမှာတော့ အရွယ်ရောက်လာတဲ့ ဘဲကလေးတွေက ကျွန်တော့်ကို မမှတ်မိတော့ပါဘူး.. ကျွန်တော်က “ကတော် ကတော် ကတော်” ဆိုပြီး ဘယ်လိုပဲ အော်အော် သူတို့ နားမလည်ကြတော့ဘူး.. ကျွန်တော့်အနား မကပ်ကြတော့ဘူး.. သူတို့လမ်း သူတို့သွားကြပြီလေ..

တစ်ချို့ တစ်ချို့သောသူများဟာ မိဘကို မိဘလို့ မသိတတ်တာ တွေ့နေရတယ်.. တစ်ခုခုဖြစ်လာရင် ငါ့မိဘ မကောင်းလို့ ခုလိုဖြစ်ရတာ ဆိုပြီး ပြောဆိုတာတွေ ကြားရတယ်.. သွေးမတော်သားမစပ်ပဲ မွေးစားထားရင်လည်း မိဘဟာ မိဘပါပဲ.. သားသမီးဟာ သားသမီးပါပဲ.. မိဘမေတ္တာကို နားလည်ပြီး ကျေးဇူးဆပ်နိုင်ကြပါစေဗျာ..

ဘဲကလေးတွေလိုတော့ ကျွန်တော့်ကို ပစ်မသွားကြပါနဲ့ဗျာ..း-)

မူကြိုကျောင်းသားဘဝ ကြက်မကြီး၏မေတ္တာကို အခြေခံထားပါတယ်။

လေးစားစွာဖြင့်
့်
စည်သူ(ပေါက်ကရ အတွေးအပိုင်းအစများ)

ကျွန်တော်နှင့် အင်္ဂလိပ်စာ

on Wednesday, December 2, 2009

“ကျွန်တော်နှင့် အင်္ဂလိပ်စာ” ဆိုတဲ့ ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ ဘာပေါက်ကရတွေ လုပ်အုံးမလဲမသိဘူး ဆိုပြီး မထင်နဲ့နော်.. တကယ့် အဖြစ်အပျက်ကို ရေးမှာပါ..းP

ကျွန်တော် ငယ်ငယ်ကဆို အင်္ဂလိပ်စာ လေ့လာရတာကို အရမ်း ဝါသနာပါတာ.. ဝါသနာပါသလောက်ကိုလည်း လေ့လာဖြစ်ပါတယ်.. လေ့လာဖြစ်သလောက်ကိုလည်း တစ်ခုမှကို မမှတ်မိဘူး.. (ဂယ်ပါ)းP ကျောင်းမှာဆိုလည်း ဆရာမက နာမည်ခေါ်ပြီး အင်္ဂလိပ် Text Book ထဲက Paragraphs တွေ ဖတ်ခိုင်းရင်လည်း ကျွန်တော့်နာမည် ထိပ်ဆုံးက.. ကျွန်တော်က လေ့လာမှုအား ကောင်းသကိုးဗျ..းP ( English ကိုပြောတာနော်)

ခုနှစ်တန်း ကျောင်းသားဘဝ ရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော့်ကို အတန်းခေါင်းဆောင်အဖြစ် ရွေးလိုက်တာပေါ့ဗျာ.. အဲလို ရွေးလိုက်တော့ ခေါင်းဆောင်တို့ရဲ့ အရည်အချင်းနဲ့ ညီအောင် ကျွန်တော်ကလည်း အခန်းသန့်ရှင်းရေး.. သောက်ရေအိုးရေဖြည့်.. ခုံတန်းစီ.. ဘုရားပန်းရေလဲ.. သင်ပုန်းကြီးကိုလည်း အတန်းပိုင် ဆရာမ မလာမှီ.. ကျောင်းတက်ခေါင်းလောင်း မထိုးမှီအချိန်အတွင်း ပြောင်နေအောင် သုတ်ထားပေးရတယ်.. အတန်းခေါင်းဆောင်က ကျွန်တော်ကိုးဗျ.. ခေါင်းဆောင်ဆိုတာ အနစ်နာတော့ ခံရတယ်လေနော်..း)

အဲလိုနဲ့.. တစ်နေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ.. ကျွန်တော့် ဆိုင်ကယ် တဝီဝီနဲ့ ကမြင်းကြောထနေရာကနေ ဆိုင်ကယ်မှောက်ရောဗျာ.. ဆိုင်ကယ်မှောက်တော့ သိတဲ့အတိုင်းပဲလေ.. အကျက ဘယ်လှမလဲဗျာ.. ဝုတ်ဝုတ်ကျ “ခွေးကျ” ကျတာပေါ့.. ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြစ်ပြီး ဆိုင်ကယ်လည်းကြေ.. လူတော့ မသေပါဘူး.. မသေရုံတမင်ပါပဲ.. ဒူးတစ်ဖက်ကလည်း ဂုံညင်းပါ ထွက်မတတ်ပါပဲ.. အဲဒီ ဂုံညင်းက ပယ်သွားတာဗျ.. အဲလိုမျိုးပယ်သွားတော့ ဒူးခေါင်းက ကွေးလို့ ဆန့်လို့ မရဘူးဖြစ်သွားတာ.. “ခွေးကျ” ကျတာဆိုတော့ လက်ဖဝါးတွေကလည်းကွဲ.. တံတောင် တွေလည်းပြဲပေါ့.. ကမြင်းတာလေ.. ကမြင်းတာ..းP

ဆေးရုံရောက်တော့လည်း ဆရာဝန်က ဘာမှကို မလုပ်ပေးရဲဘူးဗျ.. ထုံးစံအရပေါ့လေ.. ဆိုင်ကယ်မှောက်တာမှ ဟုတ်ရဲ့လား.. ရန်ဖြစ်ကြလို့ ဒဏ်ရာရလာတာလား.. ဆိုပြီး ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားလိုက်ရောဗျာ.. အဲမှာမှ ဒုက္ခနဲ့ လှလှ စတွေ့တာ.. ဒဏ်ရာကနာ.. နပ်စ်မလေးက အရက်ပျံနဲ့တို့.. ရဲကစစ်နဲ့ အတော်လေးကို ခံစား လိုက်ရတယ်ဗျာ..

ဒဏ်ရာကို ဆေးရုံက ဆေးတွေဘာတွေလိမ်းပေးပြီး ပြန်လာတာပေါ့လေ.. အိမ်ရောက်တော့လည်း မလွယ်ပါဘူး အဖေနဲ့ အမေက တရားဟောတော့တာပဲ.. နားဒုက္ခလည်း အတော်လေးကို ခံလိုက်ရတယ်.. ဒါနဲ့ ခြေထောက်ကို ကွေးလိုက်ဆန့်လိုက် လုပ်ကြည့်တော့ မရဘူးဗျ.. အတော်လေးကို နာတာ.. နာမှာပေါ့ဗျာ ဒူးခေါင်းက ဂုံညင်းလေ ပုံမှန်နေရာမှာ မရှိပဲ ဘေးဘက်ကို မသိမသာလေး ပယ်ထွက်နေတာဗျာ.. အဲလိုနဲ့ မဖြစ်ပါဘူးဆိုပြီး အနှိပ်သည် အိမ်ကို ထပ်သွားတာပေါ့..

အဲကိုရောက်တော့လည်း အနှိပ်သည်က စကားတစ်ပြောပြောနဲ့ ဟိုကြည့်.. သည်ကြည့်.. ဟိုကိုင်.. သည်ကိုင်နဲ့.. ဘာမပြော ညာမပြော ဂလု ဂလု ဂလောက် ဆိုပြီး ပုစွန်ကွေး ကွေးနေတဲ့ ကျွန်တော့်ဒူးခေါင်းကို ဆွဲဆန့်လိုက်တာ “အောင်မယ်လေး သေပါပြီဟ” ဆိုပြီး အသကုန် ငယ်သံပါအေင် အားရပါးရ အော်ထုတ်လိုက်တာ.. ဘေးအိမ်က လူတွေတောင် ထွက်ကြည့်ကြတာဗျာ.. အဲလို လူတွေ ထွက်ကြည့်ကြတော့ ရှက်ကလည်းရှက်.. နာကလည်းနာ.. မျက်ရည်တွေကလည်းထွက်.. နှပ်တွေလည်းထွက်ကျ.. မလွယ်ပါဘူးဗျာ.. ဗျစ်စ်စ်..

အနှိပ်သည်က အဲလို လက်စွမ်းပြလိုက်တော့ ဂုံညင်းက ပြန်တည့်သွားတယ်.. ကွေးလို့ဆန့်လို့လည်း အိုကေတယ် မအိုကေတာက ခြေထောက်ကို ၁၈၀ံ ဆန့်လို့မရဘူးဗျ.. ခြေနှစ်ဖက်ကို စုံဆန့်လိုက်ရင် ဓါတ်ပုံရိုက်ခါနီး ပဲထုတ် နေတဲ့ပုံစဲမျိုးလေ.. တစ်ဖက်က ဆန့်နေပြီး ကျန်တစ်ဖက်က ဒူးထောင်ထားသလို ဖြစ်နေတာ.. မေးတော့လည်း အနှိပ်သည်ကပြောတယ် တစ်ရက်နှစ်ရက်ဆို အိုကေသွားမယ်တဲ့.. ဘာမှ မဖြစ်တော့ဘူးဆိုတော့မှ “ဟင်း” ဆိုပြီး သက်ပြင်းချနိုင်တော့တယ်.. မတ်တတ်ရပ်ကြည့်တော့လည်း ခြေတစ်ဖက်က မြေမကျဘူး.. မြင်ဖူးကြလားမသိဘူး “ကြက်” တွေများ တစ်ခါတစ်ခါ မတ်တတ်ရပ်နေရင် ခြေတစ်ချောင်းကို ကြွပြီး ရပ်နေတာလေ.. အဲလိုပုံစံမျိုး ဖြစ်နေတာ.. မမြင်ဖူးရင် ခု ကိုယ်တိုင် အဲလိုထရပ်ကြည့်..းP ကမြင်းကြောထတဲ့ အကျိုးလေ..းP

ဒဏ်ရာအရှိန်ကြောင့် ညညလည်း အိပ်မရဘူး “ကျိကျိ”“ကျိကျိ” နဲ့ကိုက်တာ.. နောက်နေ့ ကျောင်းပြန်တက်တော့ ခါတိုင်းလုပ်နေကြ အလုပ်တွေကို မလုပ်နိုင်တော့ဘူးလေ.. လူက အတော်လေးကို အီသွားတာကိုးဗျ.. အခန်းဖော် သူငယ်ချင်းတွေကိုပဲ လုပ်ခိုင်းပြီး စာသင်ခန်းထဲမှာ ဆရာမ မသိအောင် မသိမသာ ထိုင်နေရင်း စာသင်နေတာ.. ထိုင်နေရင်း ငါးမျှားနေတာလေ (ငိုက်နေတာကို ပြောတာ).. တိုက်ဆိုင်ချင်တော့ အင်္ဂလိပ်အချိန်.. ဒါနဲ့ ဆရာမက

“Mg Si Thu, please stand up” ဆိုလည်းဆိုရော ဆင်မရင်သာ ပုံစံမျိုးနဲ့ အသာလေးထပြီး.. (အဲလိုမထလို့က မရဘူးလေ.. ဒူးက နာနေတာကိုးဗျ..းP)

“Yes teacher” ပေါ့.. အဲလိုလည်း ပြန်ထူးလိုက်ရော ဆရာမက ဆက်မေးတယ်လေ..

“What do u do Si Thu?” ဆိုပြီး မေးလည်းမေးလိုက်ရော..

“ကျွန်တော် မနေ့က ဆိုင်ကယ်မှောက်ထားလို့ပါ ချယ်” ဆိုပြီး ဖြေလိုက်တာ “ဟားဟားဟား” “ဟားဟားဟား” ဆိုပြီး တစ်ခန်းလုံးက ဝိုင်းရယ်လိုက်ကြတာ တစ်ခန်းလုံး အတော်လေးကို ဆူညံသွားတယ်..

ဟုတ်တယ်လေဗျာ.. ကျွန်တော်က ဆိုင်ကယ်မှောက်ထားတာ ဒူးကလည်းနာနေတာ.. ငိုက်ကလည်း ငိုက်နေတာ ဆရာမကသာ “What do u do Si Thu?” ဆိုပြီးမေးတာ.. ကျွန်တော်က “ဒူး ဘာဖြစ်နေလဲ စည်သူ” ဆိုပြီးတော့ ကြားတာ.. အဲလိုကြားလို့လည်း ခုလို ဖြေလိုက်တာပေါ့နော်.. အဲဒါ ကျွန်တော့် အမှားလား.. အဲဒါကို တစ်ခန်းလုံးက ဝိုင်းရယ်ကြတယ်ဗျာ.. တော်တော်ကိုဆိုးတယ်.. ခိခိခိ..

ကျောင်းဆင်းတော့လည်း ကျောင်းက ကောင်မလေးတွေလေ.. ကျွန်တော့်ကိုကြည့်ပြီး ငါးပုဏ္ဏား မြှုံးထိုသလိုမျိုးနဲ့ ပြုံးစိ ပြုံးစိ လုပ်နေကြတာ.. အဲဒီရက်ပိုင်းဆို အပြင်မှာ တွေ့ရင်လဲ အဲတိုင်းပဲ.. အရှိန်မကုန်နိုင်ကြသေးဘူး.. ပြုံးစိစိ လုပ်နေကြတုန်းပဲ.. သူတို့တစ်တွေရဲ့ အပြစ်တော့လည်း မဟုတ်ပါဘူးနော်.. ကျွန်တော်ကိုယ်၌က တစ်လွဲဆံပင် ကောင်းနေတာကိုး..းP

အဲလိုနဲ့ တစ်လလောက်ကြာတော့ ကျွန်တော့် ဦးလေးတစ်ယောက် ဆုံးသွားတယ်.. နာရေးဆိုတော့ သိတဲ့အတိုင်း အလုပ်ရှုပ်နေတာပေါ့.. ဦးလေးဆုံးသွားတော့ မိသားစုတွေက ဝမ်းနည်းကြ.. ငိုယိုကြနဲ့ ကျွန်တော်လည်း အတော် လေးကို သံဝေဂ ရမိတယ်.. ညကပဲ စကားပြောနေသေးတယ်.. ဟာ.. မနက် မရှိတော့ဘူး.. အလုပ်ပေါင်းများစွာ လုပ်လိုက်တာ.. လုပ်လိုက်တာ.. ရှာလိုက်ရတာ.. စုဆောင်းလိုက်ရတာ.. ဟော.. နောက်ဆုံး သူသိပ်ချစ်ပါတယ် ဆိုတဲ့ သူ့ဇနီး.. သူ့သားသမီးတွေကို တစ်ချက်လေးတောင်မှ စောင်းငဲ့ကြည့်ဖို့ အချိန်မရလိုက်ဘူး..

အိုးးးးး ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကိုယ်လည်း တစ်နေ့ ဒီလိုအဖြစ်မျိုး ကြုံရမှာပါလား ဆိုတဲ့ အသိတစ်ခုက ခုနှစ်တန်း ကျောင်းသားဘဝမှာ ရလိုက်တယ်.. တကယ်လည်း တန်ဘိုးရှိပါတယ်.. အဲဒါတွေသိလိုက်တော့ ဘာဖြစ်လာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်.. ဒေါသတွေကို ထိန်းနိုင်လာမယ်.. လောဘတွေကို အနည်းနဲ့အများပေါ့လေ သတ်နိုင်လာမယ်.. သူတစ်ပါးနဲ့ စကားပြောရာမှာလည်း ကြမ်းတမ်းတဲ့စကားကို ပြောဆိုခြင်းတွေ.. ရိုင်းစိုင်းတဲ့ အပြုအမူတွေ လျော့နည်းလာမယ်.. ကိုယ့်အတွက်လုပ်ရင်း တစ်ပါးသူအပေါ် မထိခိုက် မနစ်နာအောင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ လုပ်ရမယ်ဆိုတဲ့ စဉ်းစားတတ်တဲ့ အကျင့်လည်းရလာမယ် ဆိုပြီး ကိုယ့်ဖာသာကိုယ် မေးဖြေတွေ လုပ်နေရာကနေလိုက်တာ.. ပြီးမှ သတိဝင်လာပြီး..

“ဟိုက်”..“ငါ.. ကျောင်းသွားရမယ်ဟ” ဆိုပြီး သတိဝင်လာတော့မှ “ဆပ်ပြာသယ် လင်ပျောက်သလိုမျိုး” ဖြစ်ကာ ကဗျာကယာ ကတိုက်ကရိုက် အဝတ်စားလဲပြီး ကျောင်းကို ပြေးရတာပေါ့ဗျာ.. ကျောင်းရာက်တော့ ၉ နာရီကျော် ရှိနေပြီး.. ဆရာမက စာသင်နေပြီး.. ကျွန်တော်လည်း ဆရာမကို ခွင့်တောင်းပြီးတော့ အခန်းထဲကို ဝင်လိုက်တာ ကိုယ့်ပုဆိုးစ ကိုယ်နင်းမိပြီး “ဗိုင်း” ကနဲ့ဆို ဆရာမနဲ့ အရှေ့ဆုံးတန်းက မိန်းကလေး ခုံတန်းရှေ့မှာ မှောက်ယက် လဲကျသွားလေရောဗျာ.. နဂိုကတည်းက နောက်ကျလို့ လောနေတာကိုးဗျ.. နဲနဲတော့ အီသွားတယ်.. ဒါပေမယ့် မနာချင်ယောင်ဆောင်ပြီး ကိုယ့်နေရာကိုယ် အသာလေး ဝင်ထိုင်လိုက်တာပေါ့ဗျာ..းP

တိုက်ဆိုင်ချင်ပြန်တော့လည်း ပထမဆုံး စာသင်ချိန်က အင်္ဂလိပ် အချိန်ပဲဗျာ.. ဩော်.. ကျွန်တော်က နောက်ကျမှ ရောက်လာတာဆိုတော့ ဘာဖြစ်ဖြစ် ကျွန်တော့်ကို စာမမေးလောက်တော့ပါဘူးလေ ဆိုပြီး စဉ်းစားနေတုန်းမှာပဲ ဆရာမကနေပြီး..

“ကဲ.. “ချယ်” ပြောမယ်.. သေချာနားထောင်နော်.. ဒီစာသင်ချိန် တစ်ချိန်လုံးမှာ အင်္ဂလိပ်လိုပဲ ပြောမယ်.. “ချယ်” မေးရင်လည်း အင်္ဂလိပ်လိုပဲမေးမယ်.. ဖြေတဲ့သူကလည်း အင်္ဂလိပ်လိုပဲ ဖြေရမယ်.. ဟုတ်ပြီနော်.. ကဲ.. အဲဒါဆိုရင် “ချယ်” စမေးမယ်.. အင်း.. ဘယ်သူ့ကို အရင်မေးရင် ကောင်းမလဲ” ဆိုပြီး ပါစပ်ကပြောရင်း သင်ပုန်းကြီးပေါ်မှာ “ချယ်” က စာတွေရေးနေတဲ့အချိန်မှာတော့ တစ်ခန်းလုံးက တိတ်ဆိတ်ငြိမ်သက်နေကြတယ်.. ကျွန်တော်လည်း ပါတာပေါ့ဗျာ.. ကိုယ့်ကိုမေးမှာ လူတိုင်းက ကြောက်နေကြတာလေ.. တစ်ခဏအကြာမှာတော့..

“Ok.. Mg Si Thu, please stand up” လို့ ပြောလိုက်မှ.. တစ်ခန်းလုံးက သူတစ်ပေါက် ငါတစ်ပေါက်နဲ့ အသံတွေ ထွက်လာကြတော့တာ.. ခုနကတော့ တိတ်လို့..းP “ချယ်” ရဲ့ ခေါ်သံကိုလည်းကြားရော ကျွန်တော့်ခေါင်းတွေဟာ “ဒဿဂီရိ” လို ခေါင်းဆယ်လုံးပိုင်ရှင် ဖြစ်သွားမတတ် ခေါင်းကြီးသွားတာပေါ့ဗျာ..

“well.. well.., all students, please stay silently .”

“I want to ask a question to Mg Si Thu.” ဆိုပြီး “ချယ်” ပြောလိုက်တော့မှ တစ်ခန်းလုံးက တစ်ခါတည်းကို ငြိမ်ကျ သွားတာဗျာ.. ပြီးတော့ “ချယ်” က ကျွန်တော့ကို မေးတယ်..

“Why do u late this morning Mg Si Thu?” လို့ မေးလိုက်တော့ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး မေးတာကိုတော့ သိပါတယ်.. ဘယ်လိုဖြေရမှာကို စဉ်းစားမရဖြစ်ပြီး နောက်ဆုံးတော့..

“I late this morning because my Uncle Air Cross .” ဆိုပြီး ဖြေလိုက်ရော.. တစ်ခန်းလုံးက တိတ်ဆိတ် နေရာမှ.. ဟိုနားက ခိခိခိ.. ဒီနားက ခိခိခိနဲ့ နောက်ဆုံး ဆရာမပါ မနေနိုင်ပဲ “ဟားဟားဟား.. ဟားဟားဟား” နဲ့ ရယ်လိုက်တော့မှ တစ်ခန်းလုံးက တခိခိ တဟားဟားတွေ ဖြစ်ကုန်ကြတော့တာဗျာ.. တွေးတွေးပြီး ရယ်နော်..းP

အဲဒီ.. စာသင်ချိန် တစ်ချိန်လုံးလည်း ကျွန်တော့် အမေး အဖြေနဲ့တင် အချိန်ကုန်သွားပြီး စာမသင်လိုက်ရဘူးလေ..
ကျွန်တော်လည်း အဲဒီနောက်ပိုင်း “စည်သူ” ကနေ “Air Cross Si Thu” ဆိုပြီး နာမည်တွင်သွား ပါလေရောဗျာ..

မသိဘူးထင်တယ်.. လေဖြတ်တာ ((((((((((((((((((ဟေးးး)))))))))))))))))))) လေဖြတ်တာ..းP ကျွန်တော့်ဦးလေး.. လေဖြတ်တာ (((((((((((((((((((ဟေးးး)))))))))))))))))))) Air Cross..းP

း)းP ပျော်ရွှင်ရယ်မော နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
စည်သူ(ပေါက်ကရအတွေးအပိုင်းအစများ)